ဖားကန့်မှာ ဆူနာမီပုံစံ မိုးရေနဲ့အတူ မြေစာပုံပြိုကျတာကြောင့် ရေမဆေး အနည်းဆုံး ၁၅၀ လောက်သေဆုံးနိုင်

ရေးသားခဲ့သည်။

ဖားကန့်ဒေသ၊ ဝှေခါကျောက်စိမ်းလုပ်ကွက်တွေအတွင်း ဇူလိုင် ၂ရက် မနက်ခင်းလောက်မှာ မိုးရေနဲ့အတူ မြေစာပုံတွေပြိုကျပြီး ဆူနာမီပုံစံ ဖြစ်ခဲ့တာကြောင့် အဲဒီတဝိုက်နေထိုင်နေကြတဲ့ ရေမဆေးကျောက်ရှာသူ အနည်းဆုံး ၁၅၀ လောက်ပါနိုင်တယ်လို့ ကချင်ပြည်နယ်သယံဇာတဝန်ကြီး ဦးဒါရှီလာဆိုင်းက ဘီဘီစီကိုပြောပါတယ်။

အလောင်း ၆၀ ကျော်ကို ဒီနေ့မနက် ၁၁ နာရီလောက်မှာ ဆယ်ယူရရှိထားပြီလို့ သူကပြောပါတယ်။

လက်ရှိကယ်ဆယ်ရေးလုပ်ပေးနေတဲ့ အဖွဲ့တွေနဲ့ ဆက်သွယ်မှုရရှိတဲ့ နေ့လယ် ၁၂ နာရီကျော်အထိမှာတော့ ရုပ်အလောင်း ၁၁၀ ကျော်အထိကို ဆယ်ယူရရှိပြီးပြီလို့ သိရပါတယ်။

မနက် ၆ နာရီကျော်မှာ မိုးရေနဲ့အတူ စွန့်ပစ်မြေစာပုံတွေကိုတိုက်စားပြီး ရေနဲ့ မြေရောပါတဲ့ လှိုင်းတွေရိုက် ခတ်မှုကြောင့် မြေစာပုံတွေအပေါ်နေထိုင်ကာ ရေးမဆေးကျောက် ရှာဖွေနေကြသူ ၁၅၀လောက် ပါသွားတာလို့ ဦးဒါရှီလာဆိုင်းက ဘီဘီစီကို ပြောပါတယ်။

"အဲဒီနေရာမှာ အနည်းဆုံး ၅ဦးကနေ ၁၀ဦးတဖွဲ့ အဖွဲ့ ၃၀ လောက်ရှိတယ်" လို့ ဦးဒါရှီလာဆိုင်းက ပြောပါတယ်။

ကျောက်ရှာနေချိန်တုန်းမှာပဲ ဖြစ်ခဲ့တာဖြစ်တဲ့အတွက် လူ ၂၀၀ လောက်ကို ပါသွားနိုင်တယ်လို့ ရေမဆေး ကျောက်ရှာဖွေသူအချို့ကို မေးမြန်းသိရှိရပါတယ်။

ဘီဘီစီနဲ့ ဆက်သွယ်မှုရရှိတဲ့အချိန်ထိ မြေစာပုံပြိုကျတဲ့နေရာမှာ မိုးရွာနေတာမို့ကယ်ဆယ်ရေသမားတွေ လည်း နောက်ထပ်ပြိုကျမှုတွေကို သတိပြုကာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်နေရတယ်လို့ သိရပါတယ်။

မနက်ပိုင်းကတော့ မြေတွေပြိုသလို၊ မိုးရွာထားချိန်မှာ စုနေတဲ့ ရေကန်တွေလည်းပြိုကျတာကြောင့် ရေလှိုင်းရိုတ်ခတ်ပြီး ပါကြတာတွေလည်း အမျာစုရှိတယ်လို့ လက်ရှိကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲ့တွေ ထံကသိရပါတယ်။

ကိုဗစ်ကာလဖြစ်တဲ့အတွက် ၅ ဦးစီသာ စုပေါင်းနေထိုင်ရေး လူမှုခပ်ခွာခွာနေထိုင်ဖို့ အစီအမံတွေကိုလည်း ရေမဆေးအလုပ်သမားတွေကို လိုက်နာနိုင်ရေးဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကိုဗစ်ကာလ အတွင်းမှာတော့ လုပ်ကွက်တွေကို ပိတ်ပင်ထားတာမျိုးလည်း မရှိဘူးလို့ သူကပြောပါတယ်။

အခုဖြစ်တဲ့ လုပ်ကွက်ကလည်း တူးဖော်ခွင့်သက်တမ်းရှိသေးတဲ့ လုပ်ကွက်အတွင်းမှာအခုလို ရေကြီး၊ မြေပြို ခဲ့တာလည်းဖြစ်ပါတယ်။

ကချင်ပြည်နယ်က ကျောက်စိမ်းလုပ်ကွက်တွေကို မိုးရာသီမှာ ရပ်နားထားဖို့ ထုတ်ပြန်ချက်တွေ ရှိပေမယ့် လုပ်ကွက်ရပ်နားခြင်း မရှိတဲ့ ကုမ္ပဏီအများစုရှိနေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်ကလဲ လုပ်ကွက်မြေပြိုလို့ ၂ယောက်သေဆုံးခဲ့ပြီး ၆ဦးဒဏ်ရာရရှိခဲ့ပါတယ်။

နှစ်စဉ် နှစ်တိုင်း ကချင်ပြည်နယ်က ကျောက်စိမ်းလုပ်ကွက်တွေမှာ နွံကန်ပေါက်တာ လုပ်ကွက်မြေပြို တာတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး လူသေဆုံးမူတွေမကြာခဏဖြစ်နေတာပါ။