ရွေးကောက်ပွဲကာလ ရခိုင်လုံခြုံရေး ရာနှုန်းပြည့်အာမခံဖို့ ခက်ခဲ အပါအဝင် မနက်ခင်းသတင်းများ

ရေးသားခဲ့သည်။

ရွေးကောက်ပွဲကာလ ရခိုင်လုံခြုံရေး ရာနှုန်းပြည့်အာမခံဖို့ ခက်ခဲ

တနိုင်ငံလုံးမှာ ရွေးကောက်ပွဲပြုလုပ်ချိန်အတွင်းလုံခြုံရေးကို တပ်မတော်အနေနဲ့ တက်နိုင်သမျှ အကာအကွယ် ပေးနိုင်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။

ဒါပေမယ့် ရခိုင်ပြည်နယ်စစ်မက် ဖြစ်ပွားရာနေရာမှာတော့ ရာနှုန်းပြည့်ကာကွယ်မှုပေးနိုင်ဖို့အတွက် မသေချာ ဘူးလို့ သူကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲလုပ်ဖို့အတွက် လိုအပ်တဲ့လုံခြုံရေး လုပ်ငန်းတွေကို အစိုးရအနေနဲ့ တာဝန် ပေးလာခဲ့ရင် လုပ်ဆောင်ပေးမှာဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။၏

"ဘယ်နေရာတွေ၊ ဘယ်နေရာတွေကိုတော့ ဘယ်လိုအာမမခံဆိုတာတော့ ၁၀၀ ရာခိုင်နှုန်းကတော့ ဘယ်သူမှ အာမမခံနိုင်ဘူး၊ စစ်တွေလိုနေရာမျိုးမှာ အခုချိန်တောင် ဘဏ်ကိုတောင်မှ ဝင်တိုက်နေတာ ရှိတယ်"လို့ သူကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေဖြစ်နေတဲ့ နေရာတွေမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ရှိမရှိကိုတော့ လက်ရှိအချိန်ထိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဆုံးဖြတ်တာမျိုးမရှိသေးဘူးလို့ ပြည်နယ် ကော်မရှင်ခွဲအတွင်းရေးမှူး ဦးသူရိန်ထွဋ်က ဘီဘီစီကိုပြောထားပါတယ်။

ဒါပေမယ့် ပြည်နယ်ကော်မရှင်ခွဲအနေနဲ့တော့ ရွေးကောက်ပွဲဆိုင်ရာ လိုအပ်တဲ့ပစ္စည်းတွေကို မြို့နယ်တိုင်းကို ပေးပို့နေတယ်လို့ သူကဆိုပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲအနေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေပါ သတ်မှတ်ချက်တွေနဲ့ အညီ ရွေးကောက်ပွဲ ပြုလုပ်နိုင်တဲ့နယ်မြေတွေကို သတ်မှတ်ပိုင်ခွင့်ရှိပါတယ်။

ရွေးကောက်ပွဲတရပ်ကျင်းပနိုင်မယ့် ငြိမ်းချမ်းတဲ့၊ လုံခြုံရေးအတွက် စိတ်ချနိုင်တဲ့ အခြေအနေရှိတဲ့ နေရာတွေမှာရွေးကောက်ပွဲကို ကျင်းပပေးဖို့လည်း တာဝန်ရှိတာဖြစ်ပါတယ်။

အခုချိန်ထိတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ရွေးကောက်ပွဲရက် အတိအကျကို ထုတ်ပြောတာမရှိသေးပေမယ့် ၂၀၂၀ နိုဝင်ဘာလအတွင်းမှာ ကျင်းပမယ်လို့ ပြောထားသလို၊ ရွေးကောက် ပွဲအတွက် ပြင်ဆင်မှုအပိုင်းတွေမှာလည်း အရပ်ဖက်အဖွဲ့တွေနဲ့ တွေ့ဆုံမှုအပိုင်းက အားနည်းနေတယ်လို့ ဝေဖန်ခံနေရာတာမျိုးလည်းရှိနေပါတယ်။

တရုတ်မယားအဖြစ်ရောင်းစားခံထားရသူ ၂ ဦးထပ်မံကယ်ထုတ်နိုင်

တရုတ်နိုင်ငံ ရှန်းတုန်းပြည်နယ်နဲ့၊ ဟဲနန်ပြည်နယ်က ကျေးရွာပိုင်းတွေအထိရောင်းစားခံရပြီး တရုတ်မယား အဖြစ်နေထိုင်နေရသူ အသက် ၁၈နှစ်နဲ့ အသက် ၂၄ နှစ်အရွယ်ရှိတဲ့ မြန်မာအမျိုးသမီး ၂ ဦးကို ကယ်တင်နိုင် ခဲ့တယ်လို့ မြန်မာသံရုံးဘေဂျင်းက ဇွန်လ ၂၄ရက် ညပိုင်းကထုတ်ပြန်ပါတယ်။

အဲဒီအမျိုးသမီး ၂ဦးကို တရုတ်နိုင်ငံမှာ အလုပ်လုပ်ကိုင်ရမယ်ဆိုပြီးခေါ်ယူကာ ၂၀၁၉ ခုနှစ် အစောပိုင်းနဲ့ နှောင်းပိုင်းကတည်းက အသီးသီးရောင်းစားခဲ့တာလို့ ဖော်ပြပါတယ်။ သူတို့ ၂ဦးလုံးက ရန်ကုန်တိုင်း အတွင်းမှာနေထိုင်ကြသူတွေဖြစ်ပါတယ်။

သူတို့ နှစ်ဦးလုံးက မြန်မာနိုင်ငံလူကုန်ကူးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို ဆက်သွယ်အကူအညီတောင်း ခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီကတဆင့် ရဲတပ်ဖွဲ့က သံရုံးနဲ့ ချိတ်ဆက်ကာ သူတို့နေထိုင်ရာကို တရုတ်အာဏာပိုင်တွေနဲ့အတူ ကူညီရှာဖွေပြီး ကယ်ထုတ်နိုင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကယ်ထုတ်နိုင်ခဲ့တဲ့ အဲဒီအမျိုးသမီး ၂ ဦးကို ဇွန်လ ၁၇ရက်နေ့မှာတစ်ဦး၊ ဇွန်လ ၂၁ ရက်နေ့မှာတစ်ဦး မြန်မာနိုင်ငံကို အသီးသီး ပြန်ပို့ပေးခဲ့တယ်လို့ ဖော်ပြပါတယ်။

ကိုဗစ်ကာလအတွင်းမှာပဲ တရုတ်မယား အဖြစ် ရောင်းစားခံရသူတွေကို ကယ်တင်နိုင်တာနဲ့ သူတို့ကိုယ်တိုင် နိုင်ငံအတွင်း ပြန်ဝင်လာသူတွေ ဒီရက်ပိုင်းအတွင်းမှာ သုံးဦးအထိရှိပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကမှာ အမေဖြစ်သူနဲ့ အမေရဲ့နောက် အိမ်ထောင်အမျိုးသားတို့ကိုယ်တိုင်က တရုတ်မယား အဖြစ်ရောင်းစားခဲ့သူ အမျိုးသမီးတစ်ဦးကလည်း နှစ်နိုင်ငံ ပြန်လည်လွှဲပြောင်းပေးရာမှာ ပါလာပြီး၊ သူ့နေရပ် ရှမ်းပြည်နယ်အတွင်း ပြန်ရောက်ချိန်မှာပဲ အမှုဖွင့်တိုင်တန်းတာမျိုးလည်း ရှိခဲ့ပါတယ်။

တောင်ကိုရီးယားကို စစ်ရေးအရတုံ့ပြန်ဖို့ ဆိုင်းငံ့လိုက်တယ်လို့ ကင်မ်ပြော

တောင်ကိုရီးယားနိုင်ငံအပေါ် စစ်ရေးအရ တုံ့ပြန်မယ့် အစီအစဉ်ကို ဆိုင်းငံ့ထားဖို့ ခေါင်းဆောင် ကင်မ်က ဆုံးဖြတ်လိုက်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။

တောင်ကိုရီးယားရဲ့ ဝါဒဖြန့်ချိမှုပါစာရွက်တွေ နှစ်နိုင်ငံနယ်စပ်ကိုကျော်ပြီး မြောက်ကိုရီးယားနယ်မြေ အတွင်းအထိ ရောက်ခဲ့တယ်လို့ ဆိုပြီးနောက်ပိုင်း နှစ်နိုင်ငံအကြား တင်းမာမှုတွေက ပြီးခဲ့တဲ့ရက်ပိုင်း အတွင်းရှိနေခဲ့တာပါ။

အဲဒီလိုဖြစ်ပြီးနောက်ပိုင်းမှာပဲ နှစ်နိုင်ငံစစ်မဲ့ဇုန်ထဲကို စစ်တပ်ကိုစေလွှတ်မယ်လို့ မြောက်ကိုရီးဘက်ကနေ ခြိမ်းခြောက်မှုတွေလုပ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အခုအရေးနဲ့ပက်သတ်ပြီး ခေါင်းဆောင်ကင်မ်ရဲ့ အစည်းအဝေးအပြီးမှာတော့ စစ်ရေးအရ တုံ့ပြန်မှုတွေကို ဆိုင်းငံ့ထားမယ်လို့ ဆုံးဖြတ်ခဲ့တာကို မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာကနေ ဖော်ပြခဲ့ပါတယ်။