ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမတ်ရွေးပွဲနဲ့ လူထုရဲ့ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု
ရွေးကောက်ပွဲရက်ကို အတိအကျမထုတ်ပြန်သေးပေမယ့်လည်း အာဏာရပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားပြုကာ ရွေးကောက်ပွဲဝင်မယ့်သူတွေကို မြို့နယ်အဆင့် ရွေးချယ်တဲ့ အချိန်ကစပြီး ရွေးကောက်ပွဲအပေါ် လူထုစိတ်ဝင်စားမှုနဲ့အတူ ဝေဖန်သံ၊ ထောက်ခံသံတွေနဲ့ လူမှုကွန်ရက် တစ်ခွင်မှာ သောသောညံခဲ့ပါတယ်။
ရွေးကောက်ပွဲဝင်ကြဖို့ လျှောက်လွှာတင်ကြသူ လူပုဂ္ဂိုလ်တွေအပေါ်ကို ဗဟိုပြုပြီး ထောက်ခံကြတာရော၊ ဝေဖန်ကြတာတွေနဲ့အတူ ကိုဗစ်ကာလအတွင် ရွေးကောက်ပွဲအတွက် လူရွေးပွဲအပေါ် လူပြောများခဲ့တဲ့ ရက်ပိုင်းလည်း ဖြစ်ခဲ့ပါတယ်။
သမ္မတဦးဝင်းမြင့်ရွေးကောက်ပွဲဝင်ပြိုင်မပြိုင်ကို သိချင်ကြသူတွေရှိသလို၊ ဒေါ်အောင်ဆန်းစုကြည်လည်း ဘယ်မဲဆန္ဒနယ်ကနေ ရွေးကောက်ခံမယ်ဆိုတာကလည်း လူတွေက စိတ်ဝင်စားကြပါတယ်။
ဒါ့အပြင် ရန်ကုန်ဝန်ကြီးချုပ် ရွေးကောက်ပွဲ ဝင်ပြိုင် မပြိုင်ဆိုတာကလည်း သူကို့ထောက်ခံသူနဲ့ မထောက်ခံသူတွေအကြား စိတ်ဝင်စားမှုမြင့်တဲ့ သတင်းဖြစ်ခဲ့ပါတယ်။
ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေကိုရွေးချယ်တာကတစ်ဆင့် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကို လူထုကစိတ်ဝင်စားလာစေတယ်လို့လည်း ဆိုကြသူတွေရှိကြပါတယ်။
ဒါပေမဲ့လည်း လူမှုကွန်ရက်ပေါ်က ကိုယ်စားလှယ်လောင်း ရွေးချယ်မှုကစတဲ့ ရွေးကောက်ပွဲဆိုင်ရာ လူထုစိတ်ဝင်စားမှု ဆိုတာက အစစ်အမှန်မဟုတ်ဘူးလို့ ဆိုကြပါတယ်။
ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးကတော့ "အမျိုးသမီးနဲ့ ဈေးလိုက်သွားရင်ကို ဈေးထဲမှာက နိုင်ငံရေးအကြောင်း ပြောကြတာမျိုးကို မကြားမိဘူး။ ရွေးကောက်ပွဲတွေ ဘာတွေထက်ကို နေ့စဉ် မနက်တစ်နပ်၊ ညတစ်နပ်ကိုပဲ အာရုံစိုက်နေရတာ များကြတယ်" လို့ ဆိုပါတယ်။
ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ပြည်သူတွေရဲ့ စိတ်ဝင်စားမှုတွေကလည်း မြင့်လာလေ့ရှိပါတယ်။ အဲဒီလိုအချိန်မှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဖြစ်ရပ်၊ ဖြစ်စဉ်တွေအပေါ် သတင်းအချက် အလက်တွေကို အမှန်အကန်မရဘဲ ပုံပန်းဖျက်ထားတဲ့ သတင်းတွေကိုသာ ရသွားခဲ့ရင်လည်း ဒီမိုကရေစီ အင်အားစုတွေအတွက် ပြဿနာတစ်ရပ်ဖြစ်လာနိုင်တယ်လို့ ဦးကိုကိုကြီးက ယူဆပါတယ်။
လူထုအကြား လက်တွေ့မြေပြင်အခြေအနေမှာတော့ ရွေးကောက်ပွဲဆိုတာကို အခြေခံလူတန်းစားတွေအနေနဲ့ စိတ်ဝင်စားမှု အရိပ် အယောင်ကို ပြတာမျိုးကို မတွေ့ရဘူးလို့ ယူဆသူတွေ ရှိပါတယ်။
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်က ရွေးကောက်ပွဲကို စိတ်မဝင်စားစေတဲ့အကြောင်းအရင်းတစ်ခုဖြစ်နေတာကို နိုင်ငံရေးပါတီနဲ့ လူမှုအဖွဲ့အစည်းအားလုံးက လက်ခံထားကြပါတယ်။
ကိုဗစ်စိန်ခေါ်မှုကြောင့် အလုပ်လက်မဲ့ဖြစ်ကြသူတွေလည်း အများအပြားရှိသလို နေ့စဉ်ဝင်ငွေအတွက် လုံးပန်းနေရသူတွေရဲ့ ဘဝတွေအတွက် နိုင်ငံရေးနဲ့ အတွဲလိုက်ဖြစ်တဲ့ ရွေးကောက်ပွဲဆိုတာက အလှမ်ဝေး နေသလို ဖြစ်နေတာပါ။
ကိုဗစ်ကြောင့်လည်း ရွေးကောက်ပွဲကျင်းပရင် ကျန်းမာရေးကထုတ်ပြန်ထားတဲ့ လူမှုခပ်ခွာခွာနေထိုင်ရေး အစီအမံတွေနဲ့အညီ ရောဂါကူးစက်မှု၊ ပျံ့နှံ့မှုမရှိအောင် လုပ်ဆောင်နိုင်မယ့် စွမ်းအားကို နိုင်ငံရေးပါတီ တွေအပါအဝင် လူမှုအဖွဲ့အစည်းတွေ၊ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့တွေကလည်း မေးခွန်းထုတ်နေကြပါတယ်။
"ကပ်ရောဂါဖြစ်နေချိန်ဆိုရင်တော့ ရွေးကောက်ပွဲကို လုပ်ပေးတဲ့အခါ ကိုယ့်မှာရှိတဲ့ လုပ်နိုင်စွမ်းနဲ့ ကောင်း ကောင်းမွန်မွန် လုပ်နိုင်ဖို့က ခက်ခဲမယ်" လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။
ဒါ့အပြင် ကိုဗစ်ကြောင့် လူထုအတွင်း ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးတာတွေကို လုပ်ဖို့အခက်အခဲ ရှိနေတာကြောင့်လည်း ပြည်သူတွေရွေးကောက်ပွဲကို စိတ်ဝင်စားမှု အနေအထားက အကျဘက်မှာ ရှိနိုင်တာအပြင် ရွေးကောက်ပွဲလုပ်ခဲ့ရင်လည်း ကျန်းမာရေးအာမခံချက်မရှိတဲ့ အခင်းအကျင်းအပြင် အဆင်တွေကြောင့် မဲလာပေးမယ့်အရေအတွက်က စိုးရိမ်စရာရှိနိုင်တယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။
၂၀၁၉ခုနှစ်၊ မတ်လကပြုလုပ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ရဲ့ ရွေးကောက်ပွဲလုပ်ရင် မဲပေးမပေး၊ ကောက်ခံတဲ့ စစ်တမ်းအကျဉ်းချုပ်အရဆိုရင် ဖြေဆိုကြသူတွေရဲ့ ၅၀ ရာခိုင်းနှုန်းနီးပါးကသာ မဲပေးဖို့ ဖြေဆိုကြတယ်လို့ သိရပါတယ်။
အခုလိုစစ်တမ်းရဲ့ ရလဒ်သာမက ကိုဗစ်ကာလအကျပ်အတည်းကြောင့်လည်း ရွေးကောက်ပွဲကို စိတ်ဝင်စားသူ၊ မဲပေးမယ့်သူအရေအတွက်ကလည်း ကျသွားနိုင်မယ်လို့ စိုင်းရဲကျော်စွာမြင့်က သုံးသပ်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အချက်အလက်တွေအရဆိုရင် ၂၀၂၀ မှာ မဲပေးမယ့် လူဦးရေက ၃၇သန်းကျော်ရှိတယ်လို့သိရပါတယ်။ အဲဒီထဲက ၅ သန်းကျော်က ၁၈နှစ်ပြည့်ပြီး ပထမဆုံးမဲပေးကြမယ့် သူတွေလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာတော့ မဲပေးခွင့်ရှိသူရဲ့ ၇၇ရာခိုင်နှုန်းမဲပေးသလို၊ ၂၀၁၅ အထွေထွေရွေး ကောက်ပွဲမှာတော့ ၆၉ ရာခိုင်နှုန်း မဲပေးခဲ့ကြပါတယ်။
၂၀၁၅ နောက်ပိုင်း ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာဆိုရင် မဲပေးသူရာခိုင်နှုန်းက ၃၇ ရာခိုင်နှုန်းအထိ အနည်းဆုံးရောက်ခဲ့ပါတယ်။ အများဆုံးဆိုရင် ၆၈ ရာခိုင်နှုန်းသာရှိခဲ့ပါတယ်။
မဲပေးသူအရေအတွက် ကျဆင်းတဲ့ရာခိုင်နှုန်းနဲ့ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု မရှိတာဟာ တိုက်ရိုက်အချိုးကျတယ်လို့လည်း ရွေးကောက်ပွဲ စောင့်ကြည့်သူတွေနဲ့ နိုင်ငံရေးပါတီတွေက သုံးသပ်ကြပါတယ်။
ရွေးကောက်ပွဲကို စိတ်ဝင်စားမှုနည်းလာတာအပြင် ကိုဗစ်ကြောင့် တိုတောင်းသွားနိုင်တဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး၊ မဲစာရင်း၊ စည်းရုံးရေးလုပ်ငန်းတို့လည်း ၂၀၂၀ ရွေးကောက်ပွဲကာလမှာ နိုင်ငံရေးပါတီ တွေက ရင်ဆိုင်ရမယ့် အခက်အခဲတွေ ဖြစ်နေပါတယ်။
အလားတူ ကိုဗစ်သာမက စစ်ပွဲတွေ ရှိနေတဲ့ နေရာတွေမှာဆိုရင် အခုလိုရွေးကောက်ပွဲကျင်းပဖို့ ငါးလ သာလို တော့တဲ့ အချိန်မှာ ပြည်သူတွေသာမက နိုင်ငံရေးပါတီတွေအပြင် သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင် တွေရဲ့ ရွေးကောက်ပွဲဆိုင်ရာလှုပ်ရှားမှုတွေက မရှိသလောက်ကို ရှားတယ်လို့ ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ပြောပါတယ်။
ရွေးကောက်ပွဲထက်၊ ကိုဗစ်နဲ့ စစ်ပွဲအပြင် စားသောက်ရေးသာမက နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေအရေး ကရှေ့တန်းမှာရှိတယ်လို့ ပေါက်တောဒေသခံတဦးကဆိုပါတယ်။
ဒါပေမယ့် ရခိုင်ပြည်နယ်ကော်မရှင်အနေနဲ့တော့ ရွေးကောက်ပွဲအတွက် လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းတွေကို ဝယ်ယူကာ၊ မြို့နယ်အသီးသီးကို ပို့ဆောင်ပေးနေတာမျိုးတော့ လုပ်နေတယ်လို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ဘီဘီစီကို ပြောပါတယ်။
အခုလိုအခြေအနေ၊ အခက်အခဲ အကျပ်အတည်းတွေရှိနေပေမဲ့လည်း NLD ရဲ့ ကိုယ်စားလှယ်တွေ မြို့နယ်အဆင့်မှာ ရွေးချယ်တာက အစပြုလို့ ရွေးကောက်ပွဲ ဖြစ်စဉ်တွေအပေါ် လူထုစိတ်ဝင်စားမှု အစပျိုးလာတာမျိုးဖြစ်တယ်လို့ ယူဆထားသူတွေလည်း ရှိကြပါတယ်။
ဒါပေမဲ့ ကိုယ်စားလှယ်လောင်းလျှောက်တာကို အခွင့်အလမ်း တစ်ခုလို လျှောက်နေကြတာမျိုးက နိုင်ငံရေးကို စိတ်ဝင်စားတာထက် အလုပ်အကိုင် အခွင့်အလမ်းတစ်ခုအတွက် လျှောက်ထားနေတာမျိုးတွေ များလာတာကို စိုးရိမ်ရသလို၊ အဲဒီလိုဖြစ်ရပ်တွေကြောင့်လည်း ပြည်သူတွေရဲ့ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုတွေ ကို နည်းပါးစေတဲ့အထိ ထိခိုက်နိုင်တယ်လို့လည်း ဒီမိုကရေစီအင်အားစုတွေက ထောက်ပြကြပါတယ်။
ဒါကြောင့် နိုင်ငံရေးကို အမှန်တကယ် နှစ်မြှုပ်ထားတဲ့ အတွေ့အကြုံရှိသူ နိုင်ငံရေးသမားတွေ ပါလာခြင်းနဲ့ ပြည်သူရဲ့ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုကို စွဲဆောင်နိုင်ရာရောက်မယ်လို့ ဦးကိုကိုကြီးက ထောက်ပြပါတယ်။
မဲပေးရမယ့် မဲဆန္ဒရှင်ပြည်သူတွေအတွက်တော့ ကိုဗစ်ဒဏ်ကြောင့် စီးပွားရေးကို နာလန်ထူရေး ကြိုးပမ်းနေရတဲ့အတွက် ရွေးကောက်ပွဲကို စိတ်မဝင်စားနိုင်ကြသေးပေမဲ့လည်း ရွေးကောက်ပွဲဝင်ရောက်ကြဖို့ ပြင်ဆင်နေကြတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ ပြင်ဆင်မှုတွေကတော့ လူမှုကွန်ရက်တခွင် ဝေဖန်သံတွေရော၊ ချီးမွမ်းသံတွေနဲ့ပါ ညံနေပါတယ်။