ပြည်တော်ပြန်တွေအားလုံး ကို ဆက်လက်ခံမယ်

ပြန်လည် ဝင်ရောက် ကြမယ့် ဗြိတိန်နိုင်ငံနဲ့ အခြားနိုင်ငံများက မြန်မာနိုင်ငံသားတွေကို တွေ့ရစဥ်

ဓာတ်ပုံ ရင်းမြစ်, MOFA

ဓာတ်ပုံ ပုံစာ, ပြန်လည် ဝင်ရောက် ကြမယ့် ဗြိတိန်နိုင်ငံနဲ့ အခြားနိုင်ငံများက မြန်မာနိုင်ငံသားတွေကို တွေ့ရစဥ်
ရေးသားခဲ့သည်။

ကိုဗစ် - ၁၉ ရောဂါကာလအတွင်း ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံ ပြန်လည်ဝင်ရောက်လာမှုကို ဆက်လက် လက်ခံသွား မယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောပါတယ်။

ဇွန်လ ၂၂ ရက်နေ့ နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး ကအခုလိုပြောသွားတာ ဖြစ်ပါတယ်။

ဒေါက်တာမြင့်ထွေးက " ကွာရင်တင်းကို သေချာဝင်နေရင် ဘာမှ မဖြစ်ပါဘူး။ သူတို့ကွာရင်းတင်းနေဖို့ စည်းစနစ်နဲ့ ဆွဲဆောင်ရပါမယ် ။ သူတို့ပစ်ထားပြီး မလာနဲ့လို့ ပြောလို့မရဘူး။" လို့ ပြောခဲ့ပါတယ်။

မြန်မာပြည်တွင်းကိုပြန်လာတဲ့ နိုင်ငံသား နှစ်သိန်းခုနှစ်သောင်းကျော်ကို အစိုးရက လက်ခံထားရှိထားပြီး ကွာရင်တင်း စင်တာ ပေါင်း ခုနှစ်ထောင်ကျော်မှာ လက်ခံပြီး အသွားအလာ ကန့်သတ်မှုတွေလုပ်နေတယ်လို့ သူကပြောပါတယ်။

အဲဒီထဲမှာ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားတာကြောင့် ပြည်ပ နိုင်ငံတွေမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဥ်တွေနဲ့ခေါ်ယူနေတာက ၄၀၀၀ကျော်ရှိလာပြီဖြစ်ပါတယ်။

စင်ကာပူနိုင်ငံ၊ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်သို့ နဝမကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ်ဖြင့်လိုက်ပါကြမည့်သူများ

ဓာတ်ပုံ ရင်းမြစ်, MOFA

ဓာတ်ပုံ ပုံစာ, စင်ကာပူနိုင်ငံ၊ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်သို့ နဝမကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ်ဖြင့်လိုက်ပါကြမည့်သူများ

ပြည်ပကပြန်လာပြီး ကွာရန်တင်းဝင်နေ သူတွေထဲက ၅၄၃၄ ဦးအနက် ရောဂါပိုးတွေ့သူ ၁၁၉ ယောက်ရှိတယ်လို့ ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

ပြည်ပကနေပြန်လာသူတွေထဲက အခုရက်ပိုင်း တစ်ဆင့်ကူးတာဆိုလို့ နှစ်ယောက်ပဲရှိသေးပြီး အဲ့ဒီလို ကူးတာကလည်း ခိုးဝင်လာတာကြောင့်ဖြစ်တယ်၊ ကွာရင်တင်းထဲဝင်ပြီး ဆက်ကူးသူ မရှိဘူးလို့ ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

မြန်မာနိုင်ငံကနေ လက်ရှိ အစိုးရစီစဥ်ကယ်ဆယ်ရေး လေယာဥ်တွေနဲ့ လေကြောင်းလိုင်းက ပြန်ဝင်လာသူတွေရှိသလို တာချီလိတ်နဲ့ မဲဆောက် ထိုင်းနယ်စပ်တို့ကနေ ပြန်ဝင်လာသူတွေနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ က နေ မြန်မာနိုင်ငံသားတစ်ချို့ဟာ နယ်စပ်လမ်းကြောင်းတွေကနေ ပြန်ဝင်လာသူတွေလည်းရှိပါတယ်။

ဇွန်လ ၂၂ ရက်နေ့အထိ ကိုဗစ်၁၉ ရောဂါ ဓာတ်ခွဲစမ်းသပ် အတည်ပြုလူနာ ၂၉၀ ဦးရှိတဲ့အနက် ပြည်ပက ပြန်လာသူထဲက တွေ့ရှိတာဟာ ၁၃၀ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ရဲ့ထုတ်ပြန်ချက် အရသိရပါတယ်။

ထိုင်း-မြန်မာ နယ်စပ်က ပြန်ဝင်လာသူ

ဓာတ်ပုံ ရင်းမြစ်, စောကညောထူး

ဓာတ်ပုံ ပုံစာ, ထိုင်း-မြန်မာ နယ်စပ်က ပြန်ဝင်လာသူ

ဒေါက်တာမြင့်ထွေးက " ဒုတိယလှိုင်းဆိုတာက ကျနော်တို့ ဖြစ်တဲ့လူတွေက ဆက်ကူးမကူးပေါ်မှာမူတည်တယ်။ ကွာရင်တင်းထားသူတွေက ဆက်မကူးဘူးဆိုရင် ဒုတိယလှိုင်းလာဖို့ နည်းသွားပါပြီ။ ဒါကြောင့် ပြည်ပကလာတဲ့သူတွေကို သေသေချာချာ ကိုင်တွယ်ထားတာဖြစ်ပါတယ် " လို့ ဆိုပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် စာရင်းအရ အခု က ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိသူတွေအနက် ၄၅ ရာခိုင်နှုန်းဟာ ပြည်ပပြန်တွေဖြစ်ပြီး ၅၄ ရာခိုင်နှုန်းကတော့ ပြည်တွင်းကနေ တွေ့ရှိသူတွေဖြစ်ပါတယ်။

ပြည်ပက ဝင်လာသူတွေထဲမှာပဲ ရောဂါကူးစက်နှုန်းတွေ့ရပြီး ပြည်တွင်းမှာ ကူးစက်နှုန်း မရှိတဲ့အတွက် အခုအခါ ရောဂါကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်နိုင်ပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။