ရခိုင်မှာ အင်တာနက် ပိတ်ထားတာ တစ်နှစ်ပြည့်ပြီဖြစ်လို့ ပြန်ဖွင့်ပေးဖို့ တောင်းဆို

ရခိုင်၊ အင်တာနက်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အင်တာနက်ပိတ်ထားလို့ ပြည်သူ ၁ သန်း ကျော် စစ်ပွဲနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကြားမှာ ကျန်းမာရေး၊ စီးပွားရေး၊ လှုမှုရေး၊ ပညာရေး နဲ့ လုံခြုံရေး ထိခိုက်နေရ
ရေးသားခဲ့သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ၇ မြို့နယ် နဲ့ ချင်းပြည်နယ် တောင်ပိုင်းက ပလက်ဝ မြို့နယ် စုစုပေါင်း မြို့နယ် ရှစ်ခုမှာ အင်တာနက် ကွန်ရက် ဖြတ်တောက်ထားတာ ဇွန်လ ၂၁ ရက်နေ့ ဆိုရင် ၁ နှစ် ပြည့် သွားပါပြီ။

အေအေ နဲ့ တိုက်ပွဲ တွေ ဖြစ်ပွားနေတဲ့ အဲဒီ ဒေသတွေမှာ တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေမယ့် အခြေအနေတွေနဲ့ အင်တာနက်ကို အသုံးပြုပြီး ဥပဒေနဲ့ မညီတဲ့ လုပ်ငန်းတွေကို ချိတ်ဆက် လုပ်ဆောင်နေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ မနှစ် ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က မြန်မာနိုင်ငံ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက တယ်လီဖုန်း ဆက်သွယ်ရေးနဲ့ အင်တာနက် ဝန်ဆောင်မှု ပေးနေတဲ့ အော်ပရေတာတွေကို ညွှန်ကြားချက် ထုတ်ပြန်ပြီး အင်တာနက် ဖြတ်တောက်ခဲ့တာပါ။

အင်တာနက် ပိတ်ဆို့ထားမှုကြောင့် အဲဒီ ဒေသတွေက ပြည်သူလူထု ၁ သန်း ကျော်ဟာ စစ်ပွဲနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကြားမှာ ကျန်းမာရေး၊ စီးပွားရေး၊ လှုမှုရေး၊ ပညာရေး နဲ့ လုံခြုံရေး ထိခိုက်နေရတယ်လို့ ပြည်တွင်း၊ ပြည်ပက အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ရခိုင် နိုင်ငံရေး ပါတီတွေက ထောက်ပြပြီး အင်တာနက် ပြန်ဖွင့်ဖို့ တောင်းဆိုနေကြပါတယ်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ ဆီကိုလည်း အင်တာနက် ပြန်ဖွင့် ဖို့ တောင်းဆိုတဲ့ အိတ်ဖွင့်ပေးစာ တစ်စောင်ကိုလည်း ရခိုင်အမျိုးသားပါတီ အပါအဝင် ရခိုင်နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက် အဖွဲ့တွေက ဇွန်လ ၁၉ ရက် နေ့စွဲနဲ့ ပေးပို့ ထုတ်ပြန်ထားပါတယ်။

အင်တာနက် ပိတ်ပင်မှုတွေကြောင့် စီးပွားရေး အခက်အခဲ အကျပ်အတည်းတွေ ပိုရှိလာတယ်၊ သတင်းအချက်အလက် အချိန်နဲ့ တပြေးညီ ရယူဖို့လည်း အခက်အခဲ ရှိလာတယ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကလည်း ပိုပြီးရှိလာတယ်၊ အဲဒါကြောင့် သတင်းအချက်အလက်တွေ အချိန်နဲ့ တပြေးညီ ရယူနိုင်ဖို့ အင်တာနက်က အရမ်းအရေးကြီးတဲ့အတွက် အင်တာနက် ပြန်ဖွင့်ပေးဖို့ အခုလို အိတ်ဖွင့်ပေးစာ ပေးပို့တာ ဖြစ်တယ်လို့ ရခိုင် အင်တာနက် ပြန်ဖွင့်ဖို့ တောင်းဆိုတဲ့ အိတ်ဖွင့်ပေးစာကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်စောစံငြိမ်းသူက ပြောပါတယ်။

ဒါ့အပြင် အစိုးရက သြဂုတ်လမှာ အင်တာနက် ပြန်ဖွင့်ကောင်း ပြန်ဖွင့်မယ်လို့ ပြောထားတဲ့ အခြေအနေတွေကိုလည်း စောင့်ကြည့်သွားမယ်လို့ သူက ပြောပါတယ်။

ရခိုင်မြောက်ပိုင်း စစ်ပွဲတွေလည်း ဖြစ်ပွားနေတဲ့ မောင်တောနဲ့ ဘူးသီးတောင်မှာ အခုလောလောဆယ်အထိ ကိုဗစ်-၁၉ အတည်ပြု လူနာ ၇ ဦး အထိ ရှိထားပြီး ရခိုင် တပြည်နယ်လုံး မှာ ဆိုရင် အတည်ပြု လူနာ ၉ ဦး အထိ ရှိနေပါတယ်။

ဒါ့အပြင် ပြည်တွင်း စစ်ကြောင့် နေရပ် စွန့်ခွာ ထွက်ပြေးရသူကလည်း ၁ သိန်း ကျော်သွားပြီ လို့ ရခိုင်ပြည်နယ် အခြေစိုက် လူမှုကူညီရေး ဆောင်ရွက်နေသူတွေ က ပြောပါတယ်။

မောင်တော

ဓာတ်ပုံ ရင်းမြစ်, Myint lwin

ဓာတ်ပုံ ပုံစာ, ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ကစပြီး မြို့နယ် ကိုးမြို့နယ် ကို အင်တာနက် အသုံးပြုခွင့်ပိတ်

ဒီလို အနေအထားမှာ အင်တာနက် ဖြတ်တောက်ခံထားရတဲ့ ဒေသတွေမှာ သတင်း အချက်အလက် ရရှိနိုင်မှု အားနည်းပြီး ကျန်းမာရေးအတွက် စိုးရိမ်စရာ အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။

အင်တာနက်ပိတ်ထားလို့ စာရွက်စာတမ်း ပို့တာယူတာ၊ သတင်းအချက်အလက် အချိန်မီ မရနိုင်တာနဲ့ ဒေသရဲ့ ကိုဗစ်နဲ့ ပတ်သက်တဲ့ ကောလဟာလတွေကို ဖြေရှင်းတဲ့အခါမှာ အခက်အခဲရှိတာတွေ ဖြစ်နေတယ်လို့ ဘူးသီးတောင် ဆေးရုံ ဆရာဝန်ကြီး ဒေါက်တာစောမင်းသိန်းက ပြောပါတယ်။

အစိုးရကတော့ လာမယ့် သြဂုတ်လ ကျရင် အင်တာနက် ပိတ်ဆို့မှု ကို ပြန်ရုပ်သိမ်းပေးကောင်း ပေးနိုင်တယ်လို့ ပြီးခဲ့တဲ့ အပတ်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အခုလို အင်တာနက်ပိတ်ထားတာဟာ မျက်စိနဲ့နားအပိတ်ခံထားရတာ ဖြစ်တယ်။ အမျိုးသားအကျိုးစီးပွားအတွက် အင်တာနက် ပိတ်တယ်ဆိုတာ မလုံလောက်တဲ့ ဖြေရှင်းချက်ပဲလို့ ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ် ၂ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။

တိုက်ပွဲတွေ ဖြစ်နေတဲ့ ဒေသရဲ့ ဖြစ်စဥ်တွေကို ပြည်သူကပဲ ပြောပြနိုင်မှာ ဖြစ်နိုင်လို့ ပြည်သူတွေ ပြောပြနိုင်အောင် အင်တာနက် ဖွင့်ထားသင့်တယ်လို့လည်း ဆိုပါတယ်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ဦးအောင်သောင်းရွှေကလည်း အစိုးရက အင်တာနက်ပိတ်တာဟာ အများပြည်သူ အကျိုးအတွက် ပိတ်တယ်လို့ ဆိုပေမဲ့ ပြည်သူတွေ သတင်းမှန် ရရှိရေးကို ချိုးဖောက်တာ၊ ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်မှု တစ်ရပ်ပဲလို့ ပြောပါတယ်။

၂၀၁၉ ဇွန် လမှာ ရခိုင်ပြည်နယ်ထဲက မောင်တော၊ ဘူသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ မြို့နယ်တွေနဲ့ ချင်းပြည်နယ်က ပလက်ဝ မြို့နယ် တွေမှာ အင်တာနက် စတင်ဖြတ်တောက် ခဲ့ပါတယ်။ အဲဒီ ဒေသတွေက ရက္ခိုင့်တပ်မတော် အေအေ နဲ့ တပ်မတော်တို့ ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

၂၀၁၉ စက်တင်ဘာထဲမှာတော့ ရခိုင်ပြည်နယ်ထဲက ၅ မြို့နယ်မှာ အင်တာနက် ပြန် ဖွင့် ပေးခဲ့ပေမယ့် ၂၀၂၀ ဖေဖော်ဝါရီ မှာ ထပ်မံ ဖြတ်တောက် ခဲ့ပါတယ်။

၂၀၂၀ မေလ ၃ ရက်မှာတော့ ရခိုင်ပြည်နယ် မောင်တော မြို့နယ် တစ်ခုတည်းကိုသာ အင်တာနက် ပြန်လည် ဖွင့်ပေးထားပြီး ကျန်တဲ့ ရခိုင်ပြည်နယ်က ၇ မြို့နယ် နဲ့ ချင်းပြည်နယ်က ၁ မြို့နယ် တို့မှာတော့ အင်တာနက် ပိတ်ဆို့ထားဆဲ ဖြစ်ပါတယ်။