ရခိုင်မှာ ပထမဆုံးဒေသတွင်း ကိုဗစ် ကူးစက်ခံရသူရှိလာ

လူနာ အမှတ် ၂၆၃ မောင်တောဆေးရုံကိုရောက်လာစဥ်

ဓာတ်ပုံ ရင်းမြစ်, Kaung Mrat Naing

ဓာတ်ပုံ ပုံစာ, လူနာ အမှတ် ၂၆၃ မောင်တောဆေးရုံကိုရောက်လာစဥ်
ရေးသားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံပြန် ကိုဗစ်-၁၉ အတည်ပြုလူနာရဲ့ မိသားစုဝင်တစ်ဦးဖြစ်သူဟာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိ ခဲ့ပြီး မောင်တော မြို့ ခရိုင် ဆေးရုံကို ဇွန်လ ၁၈ ရက် မွန်းလွဲပိုင်း ၁၂ နာရီ ကကျော် အချိန်က ရောက်ရှိလာပါတယ်။

အဲဒီလူနာအမှတ် ၂၆၃ ဟာ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီးအသက် ၆၃ နှစ်အရွယ် လူနာအမှတ် ၂၆၂ နဲ့ ထိတွေ့ခဲ့သူလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇွန်လ ၁၈ ရက် မနက် ၈ နာရီ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခု နောက်ဆုံး အတည်ပြူလူနာ ၂၆၃ ဟာ လတ်တလော ခရီးသွားရာဇဝင် မရှိပါဘူး။

သူဟာ မောင်တောခရိုင်အတွင်းမှာ ၇ ယောက်မြောက် ပိုးတွေ့လူနာ ဖြစ်လာသလို ရခိုင်ပြည်နယ်ထဲက အေအေ နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မြို့နယ်တွေထဲက တစ်မြို့နယ်ဖြစ်တဲ့ ဘူးသီးတောင်မြို့နယ်ထဲက ဒေသခံတွေထဲမှာ ပထမဆုံး ဒေသတွင်း ပိုးကူးစက်ခံရသူလည်း ဖြစ်ပါတယ်။

မောင်တော

ဓာတ်ပုံ ရင်းမြစ်, Kaung Mrat Naing

ဓာတ်ပုံ ပုံစာ, ရခိုင်မြောက်ပိုင်း မောင်တော မှာ ရောဂါပိုးတွေ့သူ ၄ ဦး ဘူးသီးတောင်က ၃ ဦး

ရခိုင်ပြည်နယ်မှာ ရောဂါပိုးတွေ့ရှိထားသူ ၉ ဦး ရှိပြီးတော့ ရခိုင်မြောက်ပိုင်း မောင်တော မှာ ၄ ဦး၊ ဘူးသီးတောင်က ၃ ဦးဖြစ်ပါတယ်။ သံတွဲနဲ့တောင်ကုတ်က ၂ဦးဖြစ်ပါတယ်။

အရင် ရခိုင်ပြည်နယ်က အတည်ပြုလူနာတွေကတော့ လတ်တလော ခရီးသွားရာဇဝင်ရှိခဲ့သူတွေ ဖြစ်ပါတယ်။

အခုထပ်တွေ့တဲ့လူနာကတော့ ခရီးသွားရာဇဝင် မရှိဘဲ ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်ခြမ်းကို တရားမဝင် သွားရောက်ဆေးကုခဲ့တဲ့ ဖခင်ဆီကတစ်ဆင့် ပြန်ကူးတာ ဖြစ်ပါတယ်။

အခုလူနာအမှတ် ၂၆၃ ဟာ လူနာအမှတ် ၂၆၂ ရဲ့သမီးဖြစ်ပြီး လှဖိုးခေါင်စခန်းမှာ အသွားအလာ ကန့်သတ်သတ်တာ ခံထားရသူဖြစ်တယ်လို့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဘီဘီစီကို ပြောပါတယ်။

no caption

ဓာတ်ပုံ ရင်းမြစ်, Kaung Mrat Naing

ပြီးခဲ့တဲ့မေလက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို တရားမဝင် သွားရောက်ဆေးကုသပြီး ပြန်လာတဲ့ ဖခင်ဖြစ်သူမှာ ပိုးတွေ့ရပြီးနောက် မိသားစုဝင်တွေကို မောင်တောမြို့နယ် လှဖိုးခေါင် ပြန်လည်လက်ခံရေး စခန်းမှာ ခေါ်ယူစောင့်ကြည့်ထားချိန်မှာ လူနာ အမှတ် ၂၆၃ အမျိုးသမီးကို ပိုးတွေ့ခဲ့တာလည်း ဖြစ်တယ်လို့ ဒေသတာဝန်ရှိသူတွေက ပြောပါတယ်။

လူနာအမှတ် ၂၆၃ ရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်တယ်လို့ မောင်တောမြို့နယ် ပြည်သူ့ ဆေးရုံက လက်ထောက်ဆရာဝန် ဒေါက်တာ နုကေသီစံက ဘီဘီစီကို ပြောပါတယ်။

မောင်တောမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ရှိမရှိ စစ်ဖို့ပေးပို့ထားပြီး ဆေးစစ်ချက် အဖြေစောင့်နေသူ အရေအတွက် ၁၀၀ ကျော် ရှိတယ်လို့လည်း ဒေါက်တာ နုကေသီစံက ဘီဘီစီကို ပြောပါတယ်။

အခုပိုးတွေ့လူနာဟာ ဘူးသီးတောင်မြို့ပေါ်က မဟုတ်ဘဲ ဘူးသီးတောင်မြို့ မြောက်ဘက် ကျေးနုတ်သီးရွာက ဖြစ်တယ်လို့လည်း ဘူးသီးတောင်မြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။

ဆေးကုပြန်အလာမှာ တောင်ဘဇာ ဘက်ကိုထွက်ပြေး

ဓာတ်ပုံ ရင်းမြစ်, Kaung Mrat Naing

ဓာတ်ပုံ ပုံစာ, ဆေးကုပြန်အလာမှာ တောင်ဘဇာ ဘက်ကိုထွက်ပြေး

"သူက ဘူးသီးတောင်က ပိုးတွေ့လူနာ ၂၆၂ ရဲ့သမီးဖြစ်ပါတယ်၊ ကျန်းမာရေးဌာနက ပိုးတွေ့လူနာ ၂၆၂ ကို ကွာရန်တင်းဝင်ဖို့ အကြောင်းကြားစဥ်မှာ ထွက်ပြေးပြီး သမီးဖြစ်သူ ရွာမှာ သွားပြန်နေစဥ်မှာ ရောဂါပိုးကူးတာဖြစ်တယ်"လို့လည်း ဦးထွန်းအောင်သိန်းကပြောပါတယ်။

အဲဒီ ပိုးတွေ့လူနာနဲ့ဆက်စပ်ပြီး ထိတွေ့ခဲ့သူ ၂၈ ဦးကို ကွာရန်တင်းဝင်ဖို့ ခေါ်ထားတာ ရှိတယ်လို့လည်း သူက ပြောပါတယ်။

အဲဒီလူနာအမှတ်၂၆၂ နဲ့ဆက်စပ်ပြီး မိသားစုဝင်တွေကို ကွာရန်တင်းခေါ်ထားပေမဲ့ ရပ်ရွှာမှာ သူတို့နဲ့ အရင်က ထိတွေ့ဆက်ဆံမှုတွေ ရှိခဲ့တဲ့အတွက် မောင်တောမြို့က ဒေသခံတွက စိုးရိမ်နေကြတယ်လို့လည်း ဦးထွန်းအောင်သိန်းက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းက ပြန်ဝင်လာသူတွေဟာ အခုလို ကွာရန်တင်းဝင်ရမှာကို အချုပ်ထဲထည့်တယ်မှတ်ပြီး ပုန်းရှောင်နေကြသူတွေရှိတဲ့အတွက် ဒေသအတွင်း ကူးစက်မှုတွေ ထပ်ဖြစ်မှာကို စိုးရိမ်နေရတယ်လို့ လည်း ဦးထွန်းအောင်သိန်းက ပြောပါတယ်။