ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို စွပ်စွဲပြစ်တင်တဲ့ အဆို ရှုံးနိမ့်
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပေါ် အယုံအကြည်မရှိကြောင်း တပ်နဲ့ ကြံ့ခိုင်ရေးအမတ်အများစု ပါတဲ့ အမတ်တွေက လက်မှတ်ထိုးပြီး တင်တဲ့အရေးကြီးအဆိုကို ဇွန်လ ၁၈ရက်၊ ဒီနေ့ ရန်ကုန်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်အပြီး ကန့်ကွက်သူများတဲ့အတွက် အဆိုရှုံးနိမ့်ခဲ့ပါတယ်။
ကန့်ကွက်မဲ ၇၇ မဲနဲ့ ထောက်ခံမဲ ၂၅ ကျော်ဖြစ်တာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ လွှတ်တော်အမတ် ၃ ပုံ ၂ပုံ မပြည့်တာကြောင့် အဆိုရှုံးနိမ့်ခဲ့ပါတယ်။
ဒါကြောင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်အနေနဲ့ မူလတာဝန်အတိုင်း ပြန်လည်လုပ်ဆောင်ဖို့အတွက် လွှတ်တော် က ဒီကနေ့မှာဆုံးဖြတ်လိုက်တယ်လို့ ကျောက်တံတားမြို့နယ်မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော်အမတ် ဒေါ်ကြည်ပြာက ဘီဘီစီကိုပြောပါတယ်။
ဝန်ကြီးချုပ်အပေါ် စွပ်စွဲတာနဲ့ ပတ်သတ်ပြီးစုံစမ်းစစ်ဆေးနိုင်ဖို့အတွက် လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် အပါအဝင် အင်းစိန်၊ မင်္ဂလာတောင်ညွှန့်၊ စမ်းချောင်းမြို့နယ်တို့က လွှတ်တော်အမတ် ၃ ဦးနဲ့ တိုင်းအစိုးရ အရာရှိ ၁ ဦးပါတဲ့အဖွဲ့ကို ဇွန်လ ၉ရက်နေ့က ဖွဲ့စည်းပေးလိုက်တယ်လို့ အဲဒီအဖွဲ့ဝင်ဖြစ်တဲ့ အင်းစိန်မဲ ဆန္ဒနယ် အမှတ် ၂ လွှတ်တော်အမတ် ဦးဝေဖြိုးဟန်က ဘီဘီစီကိုပြောပါတယ်။
အဲဒီအဖွဲ့က ဇွန်လ ၁၀ ရက်နေ့ကစပြီး စွပ်စွဲထားတဲ့ အချက် ၇ ချက်နဲ့ သက်ဆိုင်တဲ့ကြားနာမှု၊ စစ်ဆေးမှုတွေကို ပြုလုပ်ခဲ့တယ်လို့ သူကဆိုပါတယ်။
အဲဒီလိုကြားနာရာမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုင်တိုင် တစ်ကြိမ်လာရောက်ထွက်ဆိုခဲ့ပြီး၊ ကျန်တဲ့အကြိမ်တွေမှာတော့ သူ့ကိုယ်စား တိုင်းဥပဒေချုပ်က လာရောက်ထွက်ဆိုတယ်လို့ ဦးဝေဖြိုးဟန်က ဘီဘီစီကို ပြောပါတယ်။
အဲဒီလို ရရှိတဲ့အချက်အလက်တွေကိုအခြေခံပြီး ဇွန်လ ၁၄ရက်နေ့မှာတော့ ရန်ကုန်လွှတ်တော် ဥက္ကဋ္ဌ ထံကို စွပ်စွဲပြစ်တင်မှုအပေါ် စုံစမ်းစစ်ဆေးတဲ့ အစီရင်ခံစာကို တင်ပြခဲ့ပါတယ်။
ကိုကိုးကျွန်းမဲဆန္ဒနယ်အမှတ် ၁ လွှတ်တော်အမတ် ဦးတင်ဝင်းတင်သွင်းတဲ့ အဆိုမှာ ရန်ကုန် ဝန်ကြီးချုပ်က ကိုဗစ်ကာလအတွင်း လူစုလူဝေးဖြစ်အောင်လုပ်ခဲ့တာ၊ အစိုးရက ပုဂ္ဂလိက ဘဏ်ကနေ ငွေချေးတာ အပါအဝင် အချက် ၇ချက်နဲ့စွပ်စွဲတာဖြစ်ပါတယ်။
"ခြုံငုံပြောရရင်တချို့ဟာတွေက ထင်ယောင်ထင်မှားနဲ့ ရွေးကောက်ပွဲနီးလာတဲ့ကာလမှာ နိုင်ငံရေးအရ ခြေထိုးခံသလိုမျိုးသက်ရောက်တယ်" လို့ ဦးဝေဖြိုးဟန်က မှတ်ချက်ပြုပါတယ်။
ဦးဝေဖြိုးဟန်တို့တင်တဲ့ အစီရင်ခံစာကို ဇွန်လ ၁၈ရက်မနက်ပိုင်းကကျင်းပတဲ့ ရန်ကုန်လွှတ်တော်အရေးပေါ် အစည်းအဝေးမှာ လွှတ်တော် ဥက္ကဋ္ဌက ဖတ်ကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လွှတ်တော်အတွင်းမဲခွဲ ဆုံးဖြတ်ခဲ့တာပါ။
နောက် နှစ်ရက်နေရင်တော့ လွှတ်တော်အမတ်တွေစီကို အစီရင်ခံစာပါဝင်တဲ့ အစည်းအဝေးမှတ်တမ်းစာအုပ် ကိုဖြန့်ဝေးပေးမယ်လို့ ဒီနေ့လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ဥက္ကဋ္ဌက ပြောခဲ့ပါတယ်။