ရန်ကုန်တိုင်းက လက်ရှိ NLD အမတ်တချို့ ဘာကြောင့်ရွေးကောက်ပွဲ မဝင်တာလဲ

လူသိများတဲ့နိုင်ငံရေးသမားတချို့ ရွေးကောက်ပွဲ ပြန်မဝင်ဖို့ ဆုံးဖြတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လူသိများတဲ့နိုင်ငံရေးသမားတချို့ ရွေးကောက်ပွဲ ပြန်မဝင်ဖို့ ဆုံးဖြတ်
ရေးသားခဲ့သည်။

ရန်ကုန်တိုင်းလွှတ်တော်ထဲက NLD အမတ်တချို့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ရောက်မယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဝင်မပြိုင်တော့မယ့်သူတွေထဲ လူသိများတဲ့ နိုင်ငံရေးသမားတချို့ ပါဝင်နေပါတယ်။

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်မပြိုင်တော့မယ့်အကြောင်း NLD ပါတီက အမတ်တချို့ဟာ သူတို့ရဲ့ လူမှု ကွန်ရက်က တစ်ဆင့် ပြည်သူတွေကို ဒီရက်ပိုင်းအတွင်း အသိပေးလာကြတာဖြစ်ပါတယ်။

အဲဒီလို ရွေးကောက်ပွဲမဝင်မယ့်အထဲမှာ ရန်ကုန်တိုင်းလွှတ်တော်ထဲ တိုင်းအစိုးရရဲ့ဆောင်ရွက်ချက်တွေကို ထောက်ပြဆွေးနွေး လေ့ရှိတဲ့ ကျောက်တံတားမဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်အမတ် ဒေါ်ကြည်ပြာ၊ တိုင်းလွှတ်တော် ဝက်ဘ်ဆိုက်ဖြစ်ပေါ်လာဖို့ ကြိုးပမ်းခဲ့သူ သင်္ဃန်းကျွန်မြို့နယ် တိုင်းဒေသကြီးအမတ် ဦးနေဘုန်းလတ် တို့ ပါဝင်ပါတယ်။

ဒါ့အပြင် ရန်ကင်းပြည်သူ့လွှတ်တော်အမတ် ဒေါ်ဇင်မာအောင်ကလည်းရွေးကောက်ပွဲဝင်မပြိုင်တော့ဘူးလို့ သတင်းတွေထွက်ပေါ်နေပါတယ်။

တစ်ခါ ပြည်သူ့လွှတ်တော်ထဲ တက်တက်ကြွကြွဆွေးနွေးလေ့ရှိပြီး သတင်းမီဒီယာတွေကို ဖြေကြားလေ့ရှိသူ မင်္ဂလာဒုံပြည်သူ့လွှတ်တော်အမတ် ဦးအောင်လှိုင်ဝင်းကလည်း လာမယ့်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီကရော တခြားဘယ်ပါတီကိုမှ ကိုယ်စားပြုယှဉ်ပြိုင်မှာမဟုတ်သလို တစ်သီးပုဂ္ဂလ အဖြစ်လည်း မယှဉ်ပြိုင်ဘူးလို့သူ့ဖေ့စ်ဘွတ်ကနေ အသိပေးထားပါတယ်။

"ကျွန်တော်တစ်ယောက်တည်းယူဆချက်က ဘာမှသက်ရောက်မှုမရှိလို့ ကျွန်တော် ဝင်မပြိုင်တာပေါ့။ လွှတ်တော်ထဲက ဘယ်သူပဲ တက်လာတက်လာ ပါတီရဲ့ မူဝါဒအတိုင်းပဲ မဲပေးရတယ်။ ကျွန်တော်တို့လည်း မဲပေးခဲ့တယ်။ အဲဒီတော့ လွှတ်တော်မှာ ဘယ်သူဖြစ်ဖြစ် သိပ်ပြီးတော့ ထူးထူးခြားခြားလုပ် လို့မရဘူးပေါ့။ ပါတီရဲ့မူအတိုင်းသွားနေတာဖြစ်တဲ့အတွက်။ ကျွန်တော်တို့ကလည်း ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာအတွက်စဉ်းစားရတာပေါ့။ ကျွန်တော်တို့က ဒီနေရာမှာ အပြောင်းအလဲဖြစ်ချင်လို့ ဝင်လာခဲ့တယ်။ ခုကျတော့အပြောင်းအလဲဆိုတာက ပါတီကလုပ်တဲ့အပြောင်းအလဲပေါ့။ ကျွန်တော်တစ်ယောက် တည်း လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အေနနဲ့ လုပ်တဲ့အပြောင်းအလဲမျိုး သိပ်မရှိဘူးပေါ့။ အဲဒါကြောင့် ကျွန်တော်က ပိုပြီးတန်ဖိုးရှိတဲ့အလုပ် လုပ်ချင်တာပါ။ လွှတ်တော်အလုပ်က တန်ဖိုးမရှိဘူးလို့ပြောတာမဟုတ်ပါဘူး။ နည်းနည်းပဲဖြစ်ပါစေပေါ့။ ကိုယ့်ဉာဏ်ကိုယ့်ခွန်အားနဲ့ သုံးပြီးတော့ လုပ်ရတဲ့အလုပ်မျိုးတွေလုပ်ချင်တယ်ပေါ့၊ ကျွန်တော်တို့က။ အဲဒီအတွက်ပါ" လို့ သူက ပြောပါတယ်။

ပါတီကို ကိုယ်စားပြုပြီးဝင်ရောက်ယှဉ်ပြိုင်ကတည်းက ပါတီက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာရဖို့ရှိတာကိုတော့ သိရှိထားတယ်လို့ ဦးအောင်လှိုင်ဝင်းက ဆိုပါတယ်။

ဒါပေမဲ့ မြန်မာလွှတ်တော်တွေရဲ့ သက်တမ်းက ငါးနှစ်ဖြစ်ပြီး နောက်လာမယ့်သက်တမ်းငါးနှစ်ကို ဝင်ပြိုင်ပြီး တာဝန်ထမ်းဆောင်ဖို့ရှိလာရင် အသက်လေးဆယ်ကျော်သွားမယ့်အခြေအနေဖြစ်သွားနိုင်ပြီး တခြားအလုပ်တွေလည်းလုပ်ချင်တဲ့အတွက် ခုလိုဆုံးဖြတ်တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ ဒါပေမဲ့ ပါတီဝင်အဖြစ်တော့ဆက်ရှိနေမယ်လို့ ဦးအောင်လှိုင်ဝင်းကပြောပါတယ်။

ဒေါ်ကြည်ပြာက ခင်ပွန်းဖြစ်သူ ရွေးကောက်ပွဲဝင်မှာကြောင့် နောက်တန်းကနေ အကူအညီပေးဖို့ ဆုံးဖြတ်ထားပြီး နောင်လာမယ့်ငါးနှစ်မှာ ပါတီနိုင်ငံရေးဆက်လုပ်မယ်လို့ သူ့ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါ်ကြည်ပြာနဲ့ ဒေါ်ဇင်မာအောင်တို့ကို ဘီဘီစီက ဇွန် ၁၇ ရက်မှာ ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းထားပေမယ့် အဆက်အသွယ် မရရှိသေးပါဘူး။

ဦးနေဘုန်းလတ်ကတော့ မိသားစုအရေးကိစ္စကြောင့် မပြိုင်ဖို့ ဆုံးဖြတ်တာဖြစ်ပြီး ပါတီမှာ ဆက်ရှိနေ မယ်လို့ ဘီဘီစီကိုပြောပါတယ်။

"ပါတီမှာတော့ဆက်ရှိမယ်။ သင်္ဃန်းကျွန်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ့အဖြစ်လည်း ဆက်ရှိမေယ်။ ပါတီမှာလည်း ဗဟိုပြန်ကြားရေးကော်မတီ အနေနဲ့ပါတော့ ပါတီ Position တွေကတော့ ဆက်ရှိနေမယ်။ ပါတီကိုပဲ နည်းနည်းပိုပြီးအာရုံစိုက်လုပ်မယ်"လို့ ဦးနေဘုန်းလတ်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ ရန်ကုန်တိုင်းထဲက လွှတ်တော်အမတ် အများစုကတော့ ရွေးကောက်ပွဲကို ပြန်ပြိုင်ဖို့ စာရင်းတင်တားတယ်လို့သိရပြီး ဗဟိုက ဆုံးဖြတ်မှာဖြစ်လို့ ဘယ်နှယောက်ပြန်ပါမပါတော့ မပြောနိုင်ဘူးလို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

အမျိုးသားလွှတ်တော်အမတ်ဖြစ်တဲ့ စာရေးဆရာ ဦးသန်းစိုး(သန်းစိုး-ဘောဂဗေဒ)ကလည်း ရွေးကောက်ပွဲမဝင်တဲ့အကြောင်း ဖေ့စ်ဘွတ်မှာရေးသားခဲ့ပါတယ်။

အခုလို လူငယ်နဲ့အမျိုးသမီးလွှတ်တော်အမတ်တချို့ ရွေးကောက်ပွဲ ပြန်မဝင်ဘူးလု့ိ ဆုံးဖြတ်တဲ့အပေါ် ရန်ကုန်တိုင်းလွှတ်တော်ထဲက သူ့အတွေ့အကြုံပေါ်မူတည်ပြီး ဆိပ်ကြီးခနောင်တိုအမတ် ဒေါ်စန္ဒာမင်းက ဘီဘီစီကို အခုလို ပြောပါတယ်။

"လွှတ်တော်ကိုယ်စားလှယ်တာဝန်ကိုကျေပွန်ချင်တဲ့ကိုယ်စားလှယ်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တာဝန်ကို လုပ်ချင်တဲ့သူတွေ၊ ဥပဒေပါအတိုင်းပေးအပ်ထားတဲ့တာဝန်ကို လုပ်ချင်တဲ့သူတွေအားလုံးက ဘာတစ်ခုမှလုပ်ခွင့်မရဘဲနဲ့ စိတ်ဓာတ်ကျရတယ်။ ကျွန်မတို့တွေကလေ။ ဒါကြောင့်မို့လို့လည်း လူငယ်တွေက ပြန်မပြိုင်ချင်တဲ့သဘောတရားလို့ ကျွန်မမြင်တယ်။ နောက်လာမယ့်လွှတ်တော်ကြီးရဲ့အခန်းကဏ္ဍတွေကိုရော အစိုးရဘက်ရဲ့ အခန်းကဏ္ဍတွေကိုရော တက်တက်ကြွကြွလုပ်ဆောင်ပေးနိုင်မယ့်လူတွေကို ရွေးချယ်ပေးနိုင်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်။ ကျွန်မတို့ ပါတီကလည်း ရွေးချယ်ပေးနိုင်ပါတယ်"လို့ သူက ပြောပါတယ်။

ဒေါ်စန္ဒာမင်းကတော့ ၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်းလျှောက်လွှာတင်ထားပါတယ်။

NLD က ကိုယ်စားလှယ်လောင်းတွေကို ဒီဇွန်လကုန်အပြီး သတ်ရွေးချယ်ထုတ်ပြန်မှာဖြစ်ပြီး အရည်အချင်း ချင်း တူနေရင် လူငယ်၊ အမျိုးသမီးနဲ့ တိုင်းရင်းသားကို ဦးစားပေးရွေးချယ်မယ်လို့ ပါတီမူဝါဒကို ထုတ်ပြန်ထားပါတယ်။

ဗီဒီယို ပုံစာ, လူကို မကြည့် ပါတီကိုပဲ ကြည့်ဖို့ မူဝါဒ NLD ဆက်ထားမလား