ဆရာဝန်တွေကို ဆေးကုသခွင့်လိုင်စင်ကြေး တစ်နှစ်စာကင်းလွတ်ခွင့်ပြု၊ ရန်ကုန်တိုင်းက NLD အမတ်တချို့ ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်၊ ကိုဗစ်အသစ်ကူးစက်မှုကြောင့် ဘေဂျင်းကကျောင်းတွေပြန်ပိတ်ရ

ဓာတ်ပုံ ရင်းမြစ်, MPA
(၁) ကိုဗစ်ကုသရေး ရှေ့တန်းက ဆရာဝန်တွေကို ဆေးကုသခွင့်လိုင်စင်ကြေး တစ်နှစ်စာကင်းလွတ်ခွင့်ပြု
ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ကုသရေး ရှေ့တန်းက ဆောင်ရွက်နေတဲ့ ဆရာဝန်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဆေးကုသခွင့် လိုင်စင်ကြေး တစ်နှစ်စာ ကင်းလွတ်ခွင့်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံဆေးကောင်စီက ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ကြေညာပါတယ်။
ဒီကင်းလွတ်ခွင့်ပေးတဲ့အစီအစဉ်မှာ ၂၀၂၀ ပြည့်ှနှစ်၊ ဇူလိုင်လ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်အတွင်း အထွေထွေဆေးကုသခွင့်လိုင်စင် သက်တမ်းတိုးခြင်း၊ အထူးဆေးကုသခွင့်လိုင်စင် လျှောက်ထားခြင်း၊ အထူးဆေးကုသခွင့်လိုင်စင် သက်တမ်းတိုးခြင်း ဆောင်ရွက်ရမယ့် အထွေထွေရောဂါကုဆရာဝန်တွေ၊ အထူးကုဆရာဝန်တွေပါဝင်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒါ့အပြင် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လမတိုင်ခင် ဆေးကုသခွင့်လိုင်စင်ရရှိထားသူ ဆရာဝန်တွေအားလုံးလည်း အကျုံးဝင်တယ်လို့ ဆိုပါတယ်။
ပုသိမ်မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ဒီကိစ္စနဲ့ပတ်သက်ပြီး လောလောဆယ် သတင်းကြားသိထားရကြောင်းနဲ့ တရားဝင်ညွှန်ကြားစာတော့မရသေးဘူးလို့ ဘီဘီစီကိုပြောပါတယ်။
မြန်မာနိုင်ငံက ကျန်းမာရေးဝန်ထမ်းတွေဟာ ပြည်သူလူထုပူးပေါင်းပါဝင်ကူညီမှုနဲ့ ကပ်ရောဂါ ကို ကြိုးပမ်းတိုက်ဖျက်နေတာကြောင့် မြန်မာနိုင်ငံဟာ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ရောဂါပျံ့နှံ့မှုနှုန်း အလွန်နည်းပါးတာကိုတွေ့ရတယ်လို့လည်း ဆေးကောင်စီကြေညာချက်က ဆိုပါတယ်။
ဆေးကုသခွင့်လိုင်စင်ကြေးမှာ သုံးနှစ်တစ်ကြိမ် သက်တမ်းတိုးရတာဖြစ်ပြီး တစ်ကြိမ်သက်တက်တမ်းတိုးရင် သောင်းဂဏန်းဝန်းကျင်ရှိတယ်လို့ ဆရာဝန်တချို့က ပြောပါတယ်။ အဲဒီလိုသုံးနှစ်တစ်ကြိမ် တိုးရတဲ့အထဲက တစ်နှစ်စာကိုအခုလိုကင်းလွတ်ခွင့်ပေးတာဖြစ်ပါတယ်။
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အာင်ဆန်းစုကြည်က ကိုဗစ်-၁၉ ကာကွယ်ကုသရေးမှာ ရှေ့တန်းက ပါဝင်ဆောင်ရွက်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကိုကျေးဇူးတင်ကြောင်းနဲ့ ဆရာဝန်တွေကို ထောက်ပံ့ပေးနိုင်မယ့်အစီအစဉ်တွေ ဆောင်ရွက်နေတယ်လို့ ပြီးခဲ့တဲ့ လပိုင်းတွေက ပြောကြားထားပါတယ်။
(၂) ရန်ကုန်တိုင်းက NLD အမတ်တချို့ ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်

ဓာတ်ပုံ ရင်းမြစ်, HeinHtet/MPA
ရန်ကုန်တိုင်းလွှတ်တော်ထဲက NLD အမတ်တချို့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ရောက်မယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အဲဒီလိုဆုံးဖြတ်တဲ့အထဲ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ဆောင်ရွက်ချက်တွေကို ထောက်ပြဆွေးနွေးလေ့ရှိတဲ့ ကျောက်တံတားမဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်အမတ် ဒေါ်ကြည်ပြာပါဝင်သလို တိုင်းလွှတ်တော် ဝက်ဘ်ဆိုက်ဖြစ်ပေါ်လာဖို့ ကြိုးပမ်းခဲ့သူ၊ နည်းပညာကျွမ်းကျင်သူလည်းဖြစ်တဲ့ သင်္ဃန်းကျွန်မြို့နယ် တိုင်းဒေသကြီးအမတ် ကိုနေဘုန်းလတ်လည်း ပါဝင်ပါတယ်။
ဒေါ်ကြည်ပြာကတော့ ခင်ပွန်းဖြစ်သူရွေးကောက်ပွဲဝင်မှာကြောင့် နောက်တန်းကနေ အကူအညီပေးဖို့ ဆုံးဖြတ်ထားတယ်လို့ သူ့ရဲ့ဖေ့စ်ဘွတ်မှာရေးသားထားပါတယ်။
ဦးနေဘုန်းလတ်ကလည်း မိသားစုအရေးကိစ္စကြောင့် မပြိုင်ဖို့ ဆုံးဖြတ်တာဖြစ်ပြီး ပါတီမှာ ဆက်ရှိနေမယ်လို့ ဘီဘီစီကိုပြောပါတယ်။
"ပါတီမှာတော့ဆက်ရှိမယ်။ သင်္ဃန်းကျွန်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ့အဖြစ်လည်း ဆက်ရှိမေယ်။ ပါတီမှာလည်း ဗဟိုပြန်ကြားရေးကော်မတီအနေနဲ့ပါတော့ ပါတီ Position တွေကတော့ ဆက်ရှိနေမယ်။ ပါတီကိုပဲ နည်းနည်းပိုပြီးအာရုံစိုက်လုပ်မယ်"လို့ ကိုနေဘုန်းလတ်က ဘီဘီစီကိုပြောပါတယ်။
ရန်ကုန်တိုင်းထဲက လွှတ်တော်အမတ် အများစုကတော့ ရွေးကောက်ပွဲကို ပြန်ပြိုင်ဖို့ စာရင်းတင်ထားတာရှိတယ်လို့ သူက ဆက်ပြောပါတယ်။ ဒါပေမဲ့ ဗဟိုက နောက်ဆုံးဆုံးဖြတ်ရွေးချယ်မှာဖြစ်လို့ ဘယ်နှယောက်ပြန်ပါမပါတော့ မပြောနိုင်ဘူးလို့ ဦးနေဘုန်းလတ်ကပြောပါတယ်။
NLD က ကိုယ်စားလှယ်လောင်းလျှောက်လွှာတွေကို ဒီဇွန်လကုန်အပြီးသတ်ရွေးချယ်ထုတ်ပြန်မှာဖြစ်ပြီး အရည်အချင်းချင်း တူနေရင် လူငယ်၊ အမျိုးသမီးနဲ့ တိုင်းရင်းသားကို ဦးစားပေးရွေးချယ်မယ်လို့ ပါတီမူဝါဒကို ထုတ်ပြန်ထားပါတယ်။
(၃) ကိုဗစ်၁၉ ကူးစက်မှုထပ်တွေ့လာတဲ့ ဘေဂျင်းကကျောင်းတွေပိတ်ဖို့ အမိန့်ထုတ်

ဓာတ်ပုံ ရင်းမြစ်, Reuters
တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ်တွေထပ်ဖြစ်လာရတာကြောင့် ကျောင်းတွေပြန်ပိတ်ဖို့ အာဏာပိုင်တွေက ညွှန်ကြားလိုက်ပါတယ်။
အွန်လိုင်းပေါ်က သင်ကြားမှုတွေ ဆက်လက်သွားမှာဖြစ်ပြီး တက္ကသိုလ်ကျောင်းတွေကိုလည်း ဆက်ပိတ်ထားမှာဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ ကျောင်းတွေကို ဇွန်လအစောပိုင်းမှာ ပြန်ဖွင့်ဖို့ ကြိုးစားခဲ့တာပါ။ ဘေဂျင်းမြို့မှာ ပြည်တွင်းကူးစက်မှုတွေမရှိတာ နှစ်လကြာရှိခဲ့တဲ့နောက် အစားအသောက်ရောင်းတဲ့ဈေးတစ်ခုကနေ ကူးစက်မှုတွေ ပြန်တွေ့လာရတာပါ။
အဲဒီကနေ လူတစ်ရာကျော်လောက် ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိထားတာဖြစ်ပါတယ်။
ဖျော်ဖြေရေးနဲ့ အားကစားခန်းမတွေကို ပိတ်ပင်ထားတာအပါအဝင် တခြားတားမြစ်ချက်တွေလည်းချမှတ်ထားပြီး ဒေသခံတွေအနေနဲ့ မြို့ပြင်မထွက်ဖို့ တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံမှာ ဒီရောဂါကြောင့် သေဆုံးသူ ၄,၆၀၀ ကျော်ရှိပြီး ကူးစက်ခံရသူပေါင်း ၈၄,၀၀၀ ကျော်ရှိခဲ့ပါတယ်။
ကမ္ဘာတစ်ဝန်းမှာတော့ ကိုဗစ် ၁၉ ရောဂါကူးစက်သူ ရှစ်သန်းကျော်သွားပြီဖြစ်ပါတယ်။ ကူးစက်မှုဒဏ်ကိုအဆိုးဆုံးခံထားရတဲ့အမေရိကန်မှာတော့ သေဆုံးသူ တစ်သိန်းကျော်ရှိထားပြီး ပိုးတွေ့လူနာ နှစ်သန်းကျော်ရှိပါတယ်။









