ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပုဏ္ဏားကျွန်းမှာ တပ်အရာရှိ ဓားထိုးခံရပြီးနောက် ပစ်ခတ်ခံရပြီး လူတစ်ဦးသေဆုံး
ရခိုင် မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့ပေါ်မှာ ဇွန်လ ၁၁ ရက် မနက်ပိုင်းက တပ်မတော်အရာရှိတစ်ဦး လူမြင်ကွင်းမှာ ဓားထိုးခံလိုက်ရပြီး စစ်သည်တစ်ဦး ဖမ်းဆီးခေါ်ဆောင်ခံလိုက်ရတဲ့ ဖြစ်စဉ်နောက်ပိုင်းမှာ ပစ်ခတ်မှုတွေ ဖြစ်ပြီး အရပ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။
ဇွန်လ ၁၁ ရက် မနက်ပိုင်း ၈ နာရီလောက်မှာ ပုဏ္ဏားကျွန်းမြို့မဈေးကြီးကို အရပ်ဝတ်နဲ့ ဆိုင်ကယ်စီးပြီး ဈေးဝယ်ဖို့လာ ရောက်လာတဲ့ တပ်မတော်အရာရှိတစ်ဦးနဲ့ စစ်သည်တစ်ဦးကို အမည်မသိ လူတစ်စုက ဝိုင်းဝန်းဖမ်းဆီးပြီး အရာရှိကို ဓားနဲ့ထိုးပြီး စစ်သည်ကိုတော့ ဖမ်းဆီးသွားခဲ့တယ်လို့ တပ်မတော်ဘက်က ထုတ်ပြန်ပြောဆိုထားပါတယ်။
တပ်မတော်အရာရှိနဲ့ စစ်သည်တို့ဟာ ပုဏ္ဏားကျွန်းအခြေစိုက် ခလရ ၅၅၀ တပ်ရင်းက ဖြစ်ပြီး အခင်းဖြစ်ပွားပြီး မကြာခင် မနက် ၉ နာရီဝန်းကျင်လောက်မှာ အခင်းဖြစ်ပွားတဲ့နေရာကို တပ်မတော်ဘက်က အင်အားအများအပြားရောက်ရှိလာခဲပြီး မြို့တွင်းနေရာတချို့မှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီနောက် မနက် ၁၁ နာရီကျော်လောက်မှာ ပုဏ္ဏားကျွန်းမြို့ရဲ့ အပြင်ဘက် ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမပေါ်မှာ သွားလာနေသူတစ်ဦးကို မြို့ရဲ့မြောက်ဘက် အဝေးပြေးလမ်းမနံဘေးမှာရှိတဲ့ အမှတ် ၅၅၀ တပ်ရင်းက ပစ်ခတ်ခဲ့တဲ့အတွက် ကျည်ထိမှန်သေဆုံးသွားခဲ့တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းမောင်က ဘီဘီစီကို ပြောပါတယ်။
လမ်းမပေါ်မှာ ပစ်ခတ်ခံရပြီး သေဆုံးသွားသူ အမျိုးသားဟာ မြို့သစ်ရပ်ကွက်က စိတ်ဝေဒနာခံစားနေရသူ ဦးညီညီ အသက် ၄၈ နှစ်ဖြစ်ပြီး သူဟာ စိတ်ပုံမှန်မဟုတ်တဲ့အတွက် မြို့ပေါ်မှာ လျှောက်လည်သွားလာနေသူတစ်ဦးဖြစ်တယ်လို့ ပုဏ္ဏားကျွန်း မြို့ခံတွေက ပြောပါတယ်။
ဦးညီညီသေဆုံးမှုဖြစ်စဉ်ကို ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှူးဆီကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ အဲ့ဒီကိစ္စကို မသိဘူးလို့ ပြန်လည်ဖြေကြားပါတယ်။
သေဆုံးသူ ဦးညီညီဟာ အရက် အလွန်အကျွံသောက်ခဲ့တဲ့အတွက် စိတ်ဖောက်ပြန်ကာ အိမ်ထောင်ပြိုကွဲပြီး မြို့ထဲလှည်လည် သွားလာနေထိုင်နေသူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လုံခြုံရေးလုပ်ငန်းစဉ်တွေကိုဆောင်ရွက်နေတဲ့အချိန်မှာ ဓားလက်နက်ကို ကိုင်ဆောင်ပြီး လာရောက်ရန်မူတဲ့အတွက် ပစ်ခတ်ခဲ့ရတာဖြစ်ကြောင်းနဲ့ သူ့မှာပါလာတဲ့ကျောပိုးအိတ်အတွင်းမှာ လက်လုပ်မိုင်းတစ်လုံးကိုလည်း ရှာဖွေတွေ့ရှိခဲ့တယ်လို့ တပ်မတော်ဘက် ဇွန်လ ၁၁ ရက်နေ့ ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ဦးညီညီဟာ မနက်ပိုင်း ၁၁ နာရီကျော်လောက်မှာ ပစ်ခတ်ခံရပြီး လမ်းမပေါ်မှာ သေဆုံးနေတာ ဖြစ်ပေမဲ့ ပစ်ခတ်မှုတွေကြောင့် မြို့ခံတွေ အပြင်မထွက်ရဲကြလို့ သူသေဆုံးနေတာကို မသိရှိကြသလို သိတဲ့သူတွေလည်း အလောင်းကိုသွားမယူရဲကြတဲ့အတွက် မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်လောက်မှ ရဲတပ်ဖွဲ့က အလောင်းကို ဆေးရုံလာပို့သွားတာလို့ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးကပြောပါတယ်။
ဒါ့အပြင် မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ မြို့တွင်းပစ်ခတ်မှုအတွင်းမှာလည်း မြို့ပေါ်မှာ ထိခိုက်သူတွေလည်း ရှိနေတယ်လို့ သတင်းတွေကြားသိနေရပြီး အတိအကျကိုတော့ မပြောနိုင်သေးဘူးလို့ ဦးဦးထွန်းမောင်က ပြောပါတယ်။
ညနေပိုင်းမှာတော့ ရန်ကုန်ကလာတဲ့ ကုန်တင်ကားတွေနဲ့ ခရီးသည်ပို့ဆောင်ရေးကားတွေ လမ်းမပေါ်မှာ သွားလာခွင့်ရရှိနေတာကို မြင်နေရပေမယ့် မြို့မှာတော့ ဈေးဆိုင်တွေကိုပိတ်ထားကြပြီး လူတွေလည်း အသွားအလာမရှိသေးဘူးလို့ ဆိုပါတယ်။