ထန်းတပင်မှာ ၁၁နှစ်သမီး မသန်စွမ်း ကလေးငယ် အဓမ္မပြုကျင့်ခံရ၊ မိုးကြိုးပစ်ခံရလို့ မြိတ်လေတပ်စခန်းမှာ ငါးဦး သေဆုံး၊ဆန္ဒပြပွဲတွေကို စစ်တပ်သုံးပြီး နှိမ်နင်းမယ့် သမ္မတထရမ့်ကို ကာကွယ်ရေးဝန်ကြီး ကန့်ကွက်

ရေးသားခဲ့သည်။

(၁) ထန်းတပင်မှာ ၁၁နှစ်သမီး မသန်စွမ်း ကလေးငယ် အဓမ္မပြုကျင့်ခံရ

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်မှာ မသန်စွမ်း ကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရမှု မေ ၂၉ ရက်က ဖြစ်ပွားခဲ့ပါတယ်။

အသက် ၁၁ နှစ်အရွယ် ကလေးငယ်ဟာ စကားမပြောတတ်တဲ့ ပိုလီယိုရောဂါသည်တစ်ဦးဖြစ်ပြီး ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာ စော်ကားပြုကျင့်မှုနဲ့ အိမ်နီးချင်းအမျိုးသားတစ်ဦးကို တိုင်ကြားထားပါတယ်။

"သူတို့က လိုင်းခန်းမှာနေတယ်။ ကလေးက ကြက်ကြော် စားချင်လို့ အဒေါ်ဖြစ်သူက ၀ယ်လာတယ်ပြောလို့ သူ့အမေက သွားယူတုန်း အိမ်နီးချင်း လင်မယားမှာအပ်ခဲ့တယ်။ အဲဒီမှာ ကလေးအမေမရှိတဲ့ နာရီဝက်လောက်မှာ ဖြစ်သွားတာ။ ပြန်လာတော့ ကလေးကငိုနေတော့ ဘာဖြစ်တာလဲမေးတော့ ကလေးကိုယ်မှာ အရက်နံ့တွေနံ့နေတယ်။ အိမ်ပေါက်ဝမှာ အဲဒီလူက ရှိနေတယ်။ ကလေးဘာဖြစ်လဲမေးတော့ အမေမရှိလို့ ငိုတာဖြစ်မှာပေါ့ဆိုပြီး အဲဒီလူက ပြန်ထွက်သွားတယ်။ ကလေးကို စစ်ဆေးတော့ ကလေးရဲ့ မိန်းမကိုယ်မှာ သွေးတွေလည်းပေနေတယ်။ ကလေးက ပိုလီယိုလေး။ ထိုင်တောင်မထိုင်နိုင်ဘူး။ ပက်လက်ကလေးပါ။ အခုတော့ အဲဒီကျူးလွန်သူကိုတော့ စခန်းမှာ ချုပ်ထားတယ်။ ပုဒ်မ ၃၇၆၊ ၃၇၇ နဲ့ ကျွန်တော်တို့ကတော့ ဖွင့်ထားတယ်" လို့ ရွှေမင်းသားဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ အထွေထွေအတွင်းရေးမှူး ဦးမြတ်သူဝင်းက ပြောပါတယ်။

ကျူးလွန်သူကို အခု ထန်းတပင်မြို့မရဲစခန်းမှာ ဖမ်းဆီးထားပါတယ်။

အမှုနဲ့ပတ်သက်ပြီး ဥပဒေအကြံပေး၊ မှုခင်းဆရာဝန်တို့နဲ့ တွေ့ဆုံပြီး အမှန်အတိုင်းဖြစ်စေဖို့ ကူညီပေးဖို့လည်း တောင်းဆိုခဲ့တယ်လို့ ဦးမြတ်သူဝင်းက ဆက်ပြောပါတယ်။

ကလေးငယ်အတွက် တရားမျှတမှုရှိရေး မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်အပါအဝင် အရပ်ဖက်အဖွဲ့အစည်းတွေက ကလေးငယ်အတွက် အမှန်တရားပေါ်ပေါက်ရေး ဝိုင်းဝန်းကူညီပေးနေပါတယ်။

"ကလေးကတော့ အိမ်မှာပဲ။ ကျန်းမာရေးအခြေအနေကတော့ လန်းလန်းဆန်းဆန်းရှိတယ်။ ကလေးက ဉာဏ်ရည်အားဖြင့်လည်း နည်းနည်းပြဿနာရှိတော့ ဒီလူကို တွေ့ရင် အရမ်းကြောက်တယ်။ စိတ်ပိုင်းဆိုင်ရာအခြေအနေရှိတာပေါ့။ မိသားစုကတော့ ငွေရေးကြေးရေး မပြေလည်ဘူးပေါ့ဗျာ။ ချို့တဲ့တယ်။ ကျွန်တော်တို့ ငွေရေးကြေးရေးကူညီထောက်ပံ့ပေးထားတယ်။ လိုအပ်ရင် ကျွန်တော်တို့မှာ ရှေ့နေတွေလည်း ရှိပြီးသား။ လိုအပ်ရင်ဥပဒေကြောင်းအရကျွန်တော်တို့ ကူညီပေးနိုင်ပါတယ်" ဦးမြတ်သူဝင်းကပြောပါတယ်။

မိသားစုကတော့ အမှုကို အဖြစ်မှန်အတိုင်းပေါ်ပေါက်စေဖို့ တောင်းဆိုထားပါတယ်။

() မိုးကြိုးပစ်ခံရလို့ မြိတ်လေတပ်စခန်းမှာ ငါးဦး သေဆုံး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်လေတပ်စခန်းအတွင်းကို မိုးကြိုးပစ်ခံရလို့ အသက်ငါးနှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ငါးဦးသေဆုံးသွားတယ်လို့ တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးဥက္ကာမင်းက ဘီဘီစီကိုအတည်ပြုပါတယ်။

ဇွန်လ ၃ ရက် ညနေပိုင်းက မြိတ်မှာမိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးတွေပစ်တာတွေရှိခဲ့ပါတယ်။ အဲဒီအချိန်မှာ မြိတ်လေတပ်စခန်းဌာနချုပ်ဧရိယာ အတွင်း ခုလို မိုးကြိုးပစ်ခံရတာလို့ သူက ဆက်ပြောပါတယ်။

"ကျွန်တော်တို့ အခု ဒီကိစ္စကို ကူညီပေးနိုင်ဖို့ စာရင်းတွေတောင်းထားပါတယ်။ သေဆုံးတာကတော့ အမျိုးသမီးတွေချည်းပါပဲ။ စစ်သည်မိသားစုဝင်တွေပါ။ ကလေးက အသက် ငါးနှစ်အရွယ်ပါ။ ကျန်တဲ့အမျိုးသမီးတွေကတော့ အသက် ၃၀ ဝန်းကျင်တွေပါပဲ။ ကြားသိရသလောက်တော့ ဘောလုံးကန်တာကို ကြည့်နေတုန်း ဖြစ်တယ်လို့ သိရပါတယ်" လို့ ဦးဥက္ကာမင်းကပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတချို့လည်း ရှိပြီး အမှတ် ၅ တပ်မတော်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဒေသတွင်းသတင်းတွေမှာဖော်ပြထားပါတယ်။

(၃) ဆန္ဒပြပွဲတွေကို စစ်တပ်သုံးပြီးနှိမ်နင်းမယ့် သမ္မတထရမ့်ကိုကာကွယ်ရေးဝန်ကြီးကန့်ကွက်

ဆန္ဒပြမှုတွေကို စစ်တပ်သုံးပြီး နှိမ်နင်းမယ့် အမေရိကန်သမ္မတ ထရမ့်ရဲ့အစီအစဉ်ကို ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စ်ပါက ကန့်ကွက်ပါတယ်။

အမေရိကန်မှာ သောင်းကျန်းသူနှိမ်နင်ရေးဥပဒေအရ ဆန္ဒပြမှုတွေကို နှိမ်နင်းဖို့ သမ္မတက စစ်တပ်ကိုစေလွှတ်အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ အခုဆန္ဒပြမှုတွေမှာ ဒီဥပဒေကို သုံးဖို့ မထောက်ခံဘူးလို့ ကာကွယ်ရေးဝန်ကြီးက မနေ့က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

စစ်တပ်ကို အသုံးပြုဖို့ဆိုတာ အလွန်ဆိုးရွားတဲ့အခြေအနေရောက်မှဖြစ်ပြီး နောက်ဆုံးရွေးချယ်စရာမရှိတော့မှသာ သုံးသင့်ကြောင်းနဲ့ လက်ရှိအခြေအနေဟာ စစ်တပ်ကို သုံးရမယ့်အခြေအနေမဟုတ်သေးဘူးလို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

ဂျော့ဖလွိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး မင်နီယာပိုလစ်စ်မြို့က ရဲတွေရဲ့ လုပ်ရပ်ကို ရှုံ့ချကြောင်းနဲ့ ဖလွိုက်အတွက် ငြိမ်းချမ်းစွာဆန္ဒပြကြဖို့နဲ့ သူသေဆုံးရမှုအပေါ် တာဝန်ယူမှု တာဝန်ခံမှုရှိစေအောင် လုပ်ဆောင်ဖို့လည်း ဝန်ကြီး အက်စ်ပါက တိုက်တွန်းပါတယ်။

ရဲက ဖမ်းဆီးစဉ် သေဆုံးခဲ့တဲ့ လူမည်း အမျိုးသား ဂျော့ဖလွိုက်သေဆုံးမှုမှာ ပါဝင်တဲ့ ရဲအရာရှိလေးဦးလုံးကို ပုဒ်မအသစ်တွေနဲ့ တရားစွဲဆိုလိုက်ပါပြီ။

မူလက ဂျော့ဖလွိုက်ရဲ့ ဇက်ပိုးကို ဒူးနဲ့နင်းထားတဲ့ ရဲအရာရှိဟောင်း ဒဲရက်ချော်ဗင်တစ်ယောက်တည်းကိုသာ တတိယအဆင့်လူသတ်မှုနဲ့ ကြိုတင်ရွယ်ရွယ်ချက်မပါဘဲ လူသေစေမှုတွေနဲ့ တရားစွဲထားခဲ့တာပါ။ ကျန်ရဲအရာရှိ သုံးဦးကိုတော့ ရာထူးက ထုတ်ပယ်တာပဲ လုပ်ခဲ့ပါတယ်။

အခုတော့ ဒဲရက်ချော်ဗင်ကို ဒုတိယအဆင့် လူသတ်မှုနဲ့ ပြောင်းပြီး တရားစွဲလိုက်သလို ကျန်ရဲသုံးဦးကိုလည်း လူသတ်မှုကိုအားပေးကူညီမှုနဲ့ တရားစွဲလိုက်ပါတယ်။

မင်နီဆိုးတားက အထက်လွှတ်တော်အမတ် Amy Klobuchar က ထပ်တိုးတရားစွဲဆိုချက်တွေဟာ တရားမျှတမှုအတွက် နောက်ထပ် အရေးကြီးတဲ့ ခြေလှမ်း ဖြစ်တယ်လို့ သူ့တွစ်တာမှာရေးသားခဲ့ပါတယ်။

ဖလွိုက်သေဆုံးရမှုဟာ အမေရိကန်ပြည်ထောင်စုတစ်လွှား လူမျိုးရေးခွဲခြားမှုနဲ့ ရဲတွေက လူမည်းအမေရိကန်တွေကိုသတ်ဖြတ်မှုအပေါ် ကျယ်ပြန့်ပြင်းထန်တဲ့ဆန္ဒပြပွဲတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

ပြီးခဲ့တဲ့ရှစ်ရက်အတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေရှိခဲ့သလို မြို့ကြီးတချို့မှာ အကြမ်းဖက်မှု၊ လုယက်မှုတွေဖြစ်ခဲ့ပြီး တချို့မြို့တွေမှာ ညမထွက်ရအမိန့်တွေ ထုတ်ထားရပါတယ်။