ပုဏ္ဏားကျွန်းမြို့အနီး မိုင်းပေါက်ကွဲ၊ အရပ်သား သေဆုံး ထိခိုက်မှုရှိ

ဓာတ်ပုံ ရင်းမြစ်, Ingar Aung (Khami) / MPA
ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသ ပုဏ္ဏားကျွန်းမြို့ပေါ်နဲ့ အနီးဆုံးနေရာတစ်ခုဖြစ်တဲ့ ရေဖြူကန်ကျေးရွာအနီး ကင်းချောင်း တံတားနားမှာ ဇွန်လ ၂ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်က မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အရပ်သားထိခိုက် သေဆုံးမှု ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေနဲ့ ဒေသခံတွေ က ပြောပါတယ်။
"မိုင်းပေါက်ကွဲတာ ဟုတ်တယ်၊ နှစ်ချက်ပေါက်တယ်လို့ သိရတယ်၊ အဲ့ဒီမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဖြတ်တာတော့ သိတယ်။ အရပ်သားတစ်ယောက် သေပြီး တစ်ယောက် ဒဏ်ရာရတယ်" လို့ ပုဏ္ဏားကျွန်း မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က ဘီဘီစီကို အတည်ပြုပါတယ်။
အဲ့ဒီပေါက်ကွဲမှုဟာ မနက်ပိုင်း ၁၁ နာရီခွဲလောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကင်းချောင်းတံတားအနီးမှာ မိုင်းနှစ်လုံး ဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ တပ်မတော်စစ်ကြောင်းကို အေအေဘက်ကနေ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာဟာ ရန်ကုန်စစ်တွေကားလမ်း၊ ပုဏ္ဏားကျွန်း-ကွန်းတောင်လမ်းပိုင်း ၊ ပုဏ္ဏားကျွန်းမြို့ရဲ့ အနောက်ဘက် နှစ်ဖာလုံခန့်အကွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လမ်းမပေါ်မှာ သွားလာနေတဲ့ အရပ်သားနှစ်ဦးကိုပါ ထိခိုက်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ပုဏ္ဏား ကျွန်းမြို့ခံတစ်ဦးက ပြောပါတယ်။
ထိခိုက်ခဲ့သူနှစ်ဦးမှာ တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူဟာ ပုဏ္ဏားကျွန်းမြို့နယ် နားဋောင်းကျကျေးရွာသား အသက် ၃၇ နှစ်အရွယ် ဦးဇော်မင်းဦးဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူမှာ ပုဏ္ဏားကျွန်းမြို့သစ်၊ ဂူဝကျေးရွာက အသက် ၄၂ နှစ်အရွယ် ဦးဝင်းနိုင်စိုး ဖြစ်တယ်လို့ သိရပါတယ်။
"မနက်ပိုင်း ၁၁ နာရီခွဲလောက်မှာ ပေါက်ကွဲသံတစ်ခုကြားလိုက်ရတယ်၊ ကျွန်တော်တို့ထမင်းစားနေတုန်းအချိန်မှာပါ၊ ပေါက်သံကြားတော့ အမြောက်တို့ လက်နက်ကြီးတို့ ပစ်တယ်ထင်တာ၊ နောက်ပိုင်းမှ သတင်းတွေကြားရတာက အဲ့ဒီ ကင်းချောင်းတံတားနားမှာ မိုင်းနှစ်လုံးကွဲတယ်လို့ သိရတယ်၊ အထိခိုက်တော့ရှိတယ်လို့သိရပါတယ်"လို့ ပုဏ္ဏားကျွန်းမြို့ခံ နောက်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
အဲ့ဒီနှစ်ဦးတို့ဟာ ဆိုင်ကယ်နဲ့အတူစီးလာကြတာဖြစ်ပြီး ဦးဝင်းနိုင်စိုးမှာ ဆိုင်ကယ်ကယ်ရီသမားဖြစ်ကာ သူ့ရဲ့ဆိုင်ကယ်နဲ့ ဦးဇော်မင်းဦးကို ပုဏ္ဏားကျွန်း မြို့ကို လာရောက်ပို့ဆောင်ခဲ့တာဖြစ်ကြောင်းနဲ့ ခရီးသည် ဦးဇော်မင်းဦး ကတော့ ဒဏ်ရာရပြီး မကြာခင်သေဆုံးသွားခဲ့ကြောင်း၊ ကယ်ရီသမား ဦးဝင်းနိုင်စိုး မှာ လက်မောင် မိုင်းစ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆေးရုံကို ရောက်ရှိခဲ့တဲ့ ဒေသခံ နောက်တစ်ဦးကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
ပေါက်ကွဲမှုအတွင်း သေဆုံးသူနဲ့ ဒဏ်ရာရရှိခဲ့သူနှစ်ဦးစလုံးကို ပုဏ္ဏားကျွန်းဆေးရုံသို့ပို့ဆောင်ထားရှိပြီး ဒဏ်ရာရရှိခဲ့တဲ့ ဦးဝင်းနိုင်စိုး ကို စစ်တွေ ပြည်နယ် ဆေးရုံကြီးကို ထပ်ဆင့် လွှဲပြောင်းခဲ့လို့ ညနေပိုင်း ၃ နာရီ ဝန်းကျင်မှာ ပုဏ္ဏားကျွန်း က စတင် ထွက်ခွာ သွားနေပြီလို့ အဲဒီ ဒေသခံက ပြောပါတယ်။
ပေါက်ကွဲမှုအတွင်း အရပ်သားနှစ်ဦးအပြင် မိုင်းခွဲတိုက်ခိုက်ခံလိုက်ရတဲ့ တပ်မတော်စစ်ကြောင်းဘက်ကလည်း ထိခိုက်မှု တချို့ ရှိခဲ့တယ်လို့ ဒေသခံတွေ ကပြောဆိုချက်တွေနဲ့ ပတ်သက်လို့ တပ်မတော် ဘက်ကို ဆက်သွယ်အတည်ပြုဖို့ ကြိုးစားနေပေမယ့် အတည်ပြုလို့ မရသေးပါဘူး။
" အရပ်သားထိခိုက်တာက မကောင်းဘူးပေါ့၊ ကျွန်တော်တို့အနေနဲ့တော့ ဒီလိုမျိုးမဖြစ်စေချင်ဘူး။ အေးအေးချမ်းချမ်းနဲ့ပဲ ဖြစ်စေချင်တယ်"လို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က ပြောပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ မနက်ပိုင်းက ကွမ်းတောင်ကျေးရွာဘက်ကအလာ ကုဏ္ဏားကျွန်းမြို့ အဝင်လမ်းမှာ တိုက်ခိုက်ခံလိုက်ရတာဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့ ပေါ်မှာ တပ်မတော်စစ်ကြောင်းတွေ ဇွန်လ ၁ ရက်နေ့က ရောက်ရှိနေပြီး မြို့တွင်းလှည့်လည်သွားလာနေတာတွေကို တွေ့နေရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အတွက် ပုဏ္ဏားကျွန်းမြို့မှာ ဈေးဆိုင်တွေကို ပိတ်ထားကြပြီး မနက်ပိုင်းမှာတော့ ကားအသွားလာတွေလည်း ရပ်တန့်သွားခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်း နှစ်ဖက်တိုက်ခိုက်မှုတွေအတွင်း အရပ်သားထိခိုက်သေဆုံးမှုတွေ များပြားလာနေသလို တစ်နှစ်ကျော်အကြားတိုက်ပွဲဖြစ်စဉ်အတွင်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက်ဟာလည်း ၁ သိန်း ၆ သောင်းကျော်အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
တိုက်ပွဲတွေအတွင်း အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ရင်ဆိုင်နေကြရသလို နေရပ်စွန့်ခွာနေရမှုတွေ၊ ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရတွေကြောင့် ရခိုင်ဒေသခံ တွေအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပြီး နှစ်ဖက်အဖွဲ့အစည်းတွေအနနဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို ညှိနှိုင်းဆောင်ရွက်ကြဖို့လိုအပ်တယ်လို့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းတင်က ပြောပါတယ်။









