ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နေပြည်တော်ဒုတိယမြို့တော်ဝန်ကို ရန်ကုန်စီမံဘဏ္ဍာဝန်ကြီးခန့်မယ်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှာလစ်လပ်နေတဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးအဖြစ် လက်ရှိ နေပြည်တော် ဒုတိယ မြို့တော်ဝန် တာဝန်ထမ်းဆောင်နေသူ ဦးရဲမင်းဦးကိုခန့်အပ်သွားမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် ပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေဆီက နေသိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းဟာ ပြီးခဲ့တဲ့ဧပြီလက ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သူ့နေရာမှာလစ်လပ်သွားတဲ့စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ရာထူးပြန်လည်ခန့်အပ်ဖို့အတွက်ရှိနေတယ်လို့လည်း အင်းစိန်မြို့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ဘီဘီစီကိုပြောပါတယ်။
"မနက်ဖြန်ဇွန် ၂ ရက်မှာတော့ ရန်ကုန်တိုင်းလွှတ်တော်က အရေးပေါ်အစည်းအဝေးခေါ်ထားတယ် ၊ဘတ်ဂျက် ကိစ္စ ဆွေးနွေးကြမှာပါ၊ ဝန်ကြီး ခန့်ဖို့ အစီအစဥ်မှာ ပါမပါ တော့ မသိရ သေးပါဘူး"လို့လည်း သူကပြောပါတယ်။
ဇွန်လ ၂ ရက်နေ့မှာ ပြန်လည်ကျင်းပဖို့ခေါ်ယူထားတဲ့ ရန်ကုန်တိုင်းဒေသကြီးလွတ်တော်အစည်းအဝေးမှာ ဦးရဲမင်းဦးကို စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးအဖြစ် အဆိုပြုပြီး ကန့်ကွက်တဲ့သူမရှိရင်တော့ သူဟာရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဖြစ်လာဖို့လည်းရှိပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ကာယကံရှင်ကိုယ်တိုင်ကတော့တစ်စုံတစ်ရာ မှတ်ချက်ပေးပြောကြားခြင်းမရှိပါဘူး။
ဘီဘီစီ က စုံစမ်းသိရှိရတဲ့ သတင်းတွေ အရတော့ ဦးရဲမင်းဦးဟာ ဇွန်လ ၁ ရက်နေ့က နေပြည်တော် ကနေ ရန်ကုန် ကိုခရီးထွက်သွားတယ်လို့လည်းသိရပါတယ်။
ဦးရဲမင်းဦးဟာ နေပြည်တော်စည်ပင်သာယာရေးဘဏ်ရဲ့ ဥက္ကဌအဖြစ် ၂၀၁၉ ခုနှစ်ဇန်နဝါရီလ လဆန်းမှာ စတင်ခန့်အပ်ခံရပြီး ၂၀၁၉ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှာပဲ နေပြည်တော် ဒုတိယမြို့တော်ဝန်အဖြစ်ခန့်အပ်ခြင်းခံရပါတယ်။
ဦးရဲမင်းဦးဟာ လက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီမှာအဖွဲ့ဝင်အဖြစ်နဲ့ဗဟိုစီးပွါးရေးကော်မတီမှာ အဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။