ဆန္ဒပြမှုတွေဖြစ်ပွားနေတဲ့ အမေရိကန်ကမြို့ကြီးတွေမှာ ညမထွက်ရအမိန့်ထုတ်

အမေရိကန်နိုင်ငံတစ်ဝန်း မြို့ပေါင်း ၃၀ ကျော်မှာ ဆန္ဒပြပွဲကြီးတွေ ဖြစ်ပေါ်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန်နိုင်ငံတစ်ဝန်း မြို့ပေါင်း ၃၀ ကျော်မှာ ဆန္ဒပြပွဲကြီးတွေ ဖြစ်ပေါ်နေပါတယ်။
ရေးသားခဲ့သည်။

လက်နက်မဲ့လူမည်းအမျိုးသားတစ်ဦးဖြစ်တဲ့ မစ္စတာ ဂျော့ဖလွိုက်ကို ရဲက ဖမ်းဆီးထားစဉ် သေဆုံးခဲ့တဲ့ကိစ္စကနေ အစပြုလို့ အမေရိကန်တစ်ဝန်း ဆန္ဒပြပွဲတွေကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေပြီး အခုအခါ မြို့ကြီးတွေမှာ ညမထွက်ရအမိန့်ထုတ်ပြန်ထားပါတယ်။

ဆန္ဒပြသူတွေနဲ့ ရဲတွေကြား အကြမ်းဖက် တိုက်ခိုက်မှုတွေကို ရပ်တန့်နိုင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မင်နီယားပိုလစ်စ်၊အတ္တလန္တာ၊ လော့စ်အိန်ဂျလိစ်၊ ဖီလာဒဲဖီးယား၊ ပို့ထ်လန်နဲ့ လူဝ္စစဗီးက မြို့ကြီးတွေမှာ ညမထွက်ရအမိန့်တွေထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ မြို့ကြီးတွေမှာတော့ ဒီအမိန့်ကို ဖီဆန်ပြီး ညလုံးပေါက်ဆန္ဒပြမှုတွေနဲ့ လုယက်မှုတွေရှိနေပါတယ်။

မင်နီးဆိုးတားမှာဆိုရင် နိုင်ငံတော်လုံခြုံရေးက အရံတပ်ဖွဲ့တွေကို စေလွှတ်ချထားရပါတယ်။

မင်းနီးဆိုးတားပြည်နယ်မှာ ငြိမ်းချမ်းစွာဆန္ဒပြသူတွေအတွက် ခုလိုစားသောက်စရာတွေစီစဉ်ထားတာတွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မင်းနီးဆိုးတားပြည်နယ်မှာ ငြိမ်းချမ်းစွာဆန္ဒပြသူတွေအတွက် ခုလိုစားသောက်စရာတွေစီစဉ်ထားတာတွေ့ရပါတယ်။

သမ္မတထရမ့်က ခုလို မင်းမဲ့စရိုက်ဆန်ဆန်ပြုမူသူတွေနဲ့ လုယက်သူတွေကို ရှုံ့ချလိုက်ပြီး သူတို့ဟာ မစ္စတာဖလွိုက်သေဆုံးမှုကို သိက္ခာချနေတယ်လို့လည်း စွပ်စွဲပါတယ်။

အမုန်းတရားတွေကို ကုစားဖို့လိုအပ်ပြီး တရားမျှတမှုဆိုတာ ခုလို ပရမ်းပတာအခြေအနေမျိုးမဟုတ်ဘူးလို့လည်း သမ္မတ ထရမ့်ကပြောပါတယ်။

သမ္မတထရမ့်ဟာ အခင်းဖြစ်ပွားမှုစတင်ခဲ့တဲ့ မင်နီးယားပိုလစ်စ် ပြည်နယ်က ဒီမိုကရက် တစ်ဦးလည်းဖြစ်တဲ့ အုပ်ချုပ်ရေးမှူးကို ဆန္ဒပြမှုတွေကို ထိန်းချုပ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ အပြစ်တင်ခဲ့ပါတယ်။

အကြမ်းဖက်မှုတွေကို ဆက်မထိန်းချုပ်နိုင်ဘူးဆိုရင် နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့က ကိုင်တွယ်ဆောင်ရွက်မယ်လို့ လည်းပြောပါတယ်။

သမ္မတရဲ့ ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီက ဂျိုးဘိုင်ဒန်ကတော့ ထရမ့်ရဲ့ အခုပြောကြားချက်ဟာ မီးလောင်ရာလေပင့်တာမျိုးဖြစ်ပြီး မစ္စတာဖလွိုက် သေဆုံးမှုမှာ တာဝန်ရှိသူတွေကို သေချာပေါက် တာဝန်ခံမှုရှိရှိနဲ့ အရေးယူဖို့ ပြောပါတယ်။

နိုင်ငံတစ်ဝန်း ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေကို နှိမ်နင်းဖို့ အဓိကရုဏ်းနှိမ်နင်းရေးရဲတွေဟာ မျက်ရည်ယိုဗုံးနဲ့ ရာဘာကျည်ဆန်တွေ အသုံးပြုခဲ့ပါတယ်။

မစ္စတာဖလွိုက်ဟာ အာဖရိကန်အမေရိကန်လူမျိုးဖြစ်ပြီး ပြီးခဲ့တဲ့ တနင်္လာနေ့(မေ ၂၅) ရက်က မင်နီးယားပိုလစ်စ်မြို့မှာ ရဲတွေရဲ့ ဖမ်းဆီးစစ်ဆေးမှု အတွင်း သေဆုံးခဲ့တာဖြစ်ပါတယ်။

ဖလွိုက်ဟာ စတိုးဆိုင်မှာ ငွေစက္ကူအတုနဲ့ ဈေးဝယ်တယ်ဆိုတဲ့ တိုင်ကြားချက်ကြောင့် ရဲက ဖမ်းခဲ့တာဖြစ်ပါတယ်။

သူ့ကို ဖမ်းဆီးစစ်ဆေးစဉ်မှာ ရဲကားအနီးမြေပြင်ပေါ် မှောက်ခိုင်းထားပြီး သူ့ရဲ့ဇက်ကို ရဲတစ်ဦးက ဒူးနဲ့ နင်းထားတဲ့ ဗီဒီယို လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီး ဖလွိုက်က သူအသက်မရှူနိုင်တော့ဘူးလို့ တောက်လျှောက်ပြောခဲ့ပါတယ်။

ရဲတွေအပြောအရ မစ္စတာဖလွိုက်ဟာ ဖမ်းဆီးစဉ်မှာ ခုခံတိုက်ခိုက်တာရှိခဲ့တယ်လို့ပြောပါတယ်။ ဗီဒီယိုဖိုင်မှာတော့ အစောပိုင်းအဖြစ်အပျက်တွေ အသေးစိတ်ပါဝင်ထားတာမတွေ့ရပါဘူး။

ဆေးစစ်ချက်အရ မစ္စတာဖလွိုက်ရဲ့လည်ပင်းကို ရဲအရာရှိက ရှစ်မိနစ်နဲ့ ၄၆ စက္ကန့်ကြာ ဒူးနဲ့ နင်းထားခဲ့ပြီး သုံးမိနစ်လောက်မှာတော့ မစ္စတာဖလွိုက်ဟာ ဘာတုံ့ပြန်မှုမှမရှိတော့ဘူးလို့ ဖော်ပြထားပါတယ်။

အခုတော့ ဖလွိုက်ရဲ့ဇက်ကို ဒူးနဲ့နင်းခဲ့သူ ရဲ အရာရှိ ဒဲရက်ချော်ဗင်ကို လူသတ်မှုတွေနဲ့ တရားစွဲထားပြီး မနက်ဖြန် တနင်္လာ(ဇွန် ၁ ရက်) မှာ တရားရုံးကို ရောက်လာဖို့ရှိပါတယ်။

ဒါပေမဲ့ ဒီဖမ်းဆီးမှုမှာပါဝင်တဲ့ ကျန်တဲ့ရဲသုံးဦးနဲ့ပတ်သက်လို့ တရားစွဲမစွဲ မသိရသေးပါဘူး။ ရဲလေးယောက်လုံးကို မူလက ရာထူးကနေ ထုတ်ပယ်ခဲ့ပေမယ့် ဖလွိုက်သေဆုံးမှုအပေါ် မကျေနပ်မှုတွေ၊ဆန္ဒပြမှုတွေဖြစ်ပေါ်လာတဲ့နောက် မစ္စတာချော်ဗင်တစ်ယောက်ကို တရားစွဲအရေးယူခဲ့တာဖြစ်ပါတယ်။

အခုတော့ ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်ပေါ်လာခဲ့ပြီး အမေရိကန်နိုင်ငံတစ်ဝန်း မြို့ပေါင်း ၃၀ ကျော်မှာ ဆန္ဒပြပွဲကြီးတွေ ဖြစ်ပေါ်နေပါတယ်။

ချီကာဂိုမှာ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်တဲ့ အဓိကရုဏ်းနှိမ်နင်းရေးရဲတွေကို ဆန္ဒပြသူတွေဟာ ကျောက်ခဲ့တွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။

အဲဒီမှာ မနေ့က ဆန္ဒပြသူတော်တော်များများလည်း ဖမ်းဆီးခံခဲ့ရပါတယ်။

လော့စ်အိန်ဂျလိစ်မှာတော့ ရဲကားတွေကို ပုလင်းတွေနဲ့ ပစ်ပေါက်ပြီး မီးရှို့ဖို့ လုပ်သူတွေကို ရဲက ရာဘာကျည်ဆန်တွေနဲ့ ပစ်ခတ်နှိမ်နင်းခဲ့ပါတယ်။

ဓာတ်ပုံတချို့မှာဆိုရင် ပျက်စီးသွားတဲ့ရဲကားတွေပေါ် တက်ပြီးမတ်တပ်ရပ်နေသူတချို့ကိုတွေ့ရပါတယ်။

ဝါရှင်တန်ဒီစီက အိမ်ဖြူတော်အနီးမှာလည်း ဆန္ဒပြလူအုပ်ကြီး ထပ်မံစုရုံးခဲ့ပါတယ်။ မနေ့ကဆို အိမ်ဖြူတော်ကို ခေတ္တအဝင်အထွက် ပိတ်လိုက်ရတာရှိခဲ့ပါတယ်။

အတ္တလန္တာ၊ ဂျော်ဂျီယာတို့မှာ သောကြာနေ့က အဆောက်အအုံတွေ ဖျက်ဆီးခံရပြီး အဲဒီဒေသက လူတွေနဲ့ သူတို့ပိုင်ဆိုင်မှုတွေကို ကာကွယ်နိုင်ဖို့ အရေးပေါ်အခြေအနေကြေညာထားရပါတယ်။

အမေရိကန်ဟာ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုအမြင့်ဆုံး နံပါတ်တစ်ဖြစ်နေပြီး ဗိုင်းရပ်စ် ကူးစက်သူပေါင်း ၁၈ သိန်းကျော်နဲ့ သေဆုံးသူ တစ်သိန်းကျော် ရှိနေပါတယ်။

ဗီဒီယို ပုံစာ, အမေရိကန် မင်နီယာပိုလစ်မြို့က အဓိကရုဏ်း