လေဖိအားနည်းရပ်ဝန်း မေ ၁၆ မှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်

ရေးသားခဲ့သည်။

မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့မေ ၁၄ ရက်နေ့ နေ့လယ်ပိုင်းအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အားကောင်းလာနေပြီး မုန်တိုင်းငယ်ကနေ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်အားကောင်းလာနိုင်တယ်လို့ သတိပေးထုတ်ပြန် ထားပါတယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း၊ ယင်းနဲ့ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွေမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းသို့ ရောက်ရှိ ခဲ့ပြီး ဆက်လက်တည်ရှိနေကာ၊ မေ ၁၅ ရက်နေ့မှာ မုန်တိုင်းငယ်(Depression)အဆင့်သို့လည်းကောင်း၊ မေ ၁၆ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဆင့်သို့လည်းကောင်း ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။

' ' မုန်တိုင်းငယ်အဖြစ်က မေ ၁၅ မနက်ဖြန်ဆိုတော့ ကျွန်မတို့ စောင့်ကြည့်နေပါတယ်။ အားကောင်းရင် ကောင်းလာသလို ထုတ်ပြန်ချက်တွေ ထုတ်ပေးမှာပါ။ မုန်တိုင်းငယ်က အခုတော့ အိန္ဒိယနိုင်ငံကမ်းခြေ ဘက်ကို ဦးတည်ပြီးရွှေ့လျှားမယ်ပေါ့။ ၁၆ ရက်နေ့မှာတော့ ဆိုင်ကလုန်းအဖြစ် အားကောင်းလာမယ်လို့ မှန်းထားတယ်။'' လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါ်ခင်ချိုချိုရှိန်က ဘီဘီစီကိုပြောပါတယ်။

မေ ၁၇ ရက်နေ့မှာတော့ မြောက်-အရှေ့မြောက်အရပ်ကိုကွေ့ကာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ဦးတည်သွားမယ့် အနေအထားမျိုးကိုလည်းတွေ့ရတယ်လို့ သူကပြောပါတယ်။

ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းတွေကနေ အားကောင်းလာပြီး မုန်တိုင်းအဖြစ်ပြောင်းလဲလာတဲ့ မုန်တိုင်းတွေဟာ မြန်မာနိုင်ငံအပေါ် သက်ရောက်မှုရှိ သလို မြန်မာနိုင်ငံကို ဝင်ရောက် တိုက်ခတ်နိုင်ခြေလည်းရှိလို့ သတိထားရမှာဖြစ်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကျော်မိုးဦးက ဘီဘီစီရဲ့ မုန်တိုင်းအကြောင်းသိကောင်းစရာ အချက် အလက်တွေကိုမေးမြန်းတဲ့အင်တာဗျုးမှာ ဖြေကြားထားခဲ့ပါတယ်။

' ' မုန်တိုင်းရဲ့ အဆောက်အအုံကလည်း ကြီးတော့ မြန်မာနိုင်ငံမှာ လှိုင်းကြီးတာတွေ၊ ရေကြီးတာတွေ လေပြင်းတာတွေ၊ တိမ်တိုက်တွေကတဆင့် မိုးကြိုးမုန်တိုင်းတွေ လေဆင်နှာမောင်းတွေ မိုးသီးကြွေတာ တွေဖြစ်နိုင်ပါတယ်။'' လို့ မြန်မာနိုင်ငံအနေနဲ့ လက်ရှိဖြစ်ပေါ်လာမယ့်မုန်တိုင်းနဲ့ပတ်သက်ပြီး သတိပြုရမယ့် အချက်တွေကို ဒေါ်ခင်ချိုချိုရှိန်ကပြောပြပါတယ်။

အရောင်ခွဲခြားပြီးပေးတဲ့ မုန်တိုင်းသတိပေးချက်

အဝါရောင်အဆင့်သတိပေးချက်ကို ဘင်္ဂလားပင်လယ်အော်အတွင်း မုန်တိုင်းတစ်ခုဖြစ်ပေါ်ပြီဆိုတာနဲ့ စတင် ထုတ်ပြန်လေ့ရှိတယ်လို့ ဆိုပါတယ်။

လိမ္မော်ရောင်အဆင့်သတိပေးချက်ဟာ မုန်တိုင်းဟာ မြန်မာ့ကမ်းရိုးတန်းကို ဦးတည်နေပြီလို့ဆိုလိုပါတယ်။ မုန်တိုင်းပြောင်းလဲမှုဖြစ်စဉ်ကို အထူးသတိထားစောင့်ကြည့်ဖို့လိုပါတယ်။

အနီရောင်အဆင့်ဆိုရင်တော့ မုန်တိုင်းဟာ ကမ်းရိုးတန်းကို ၁၂ နာရီအကြာမှာရောက်ရှိလာတော့မှာဖြစ်ပြီး အန္တရာယ်ရှိနိုင်တာကြောင့် လုံခြုံတဲ့နေရာကို ရွှေ့ပြောင်းဖို့ လိုအပ်ပါတယ်။

အညိုရောင်အဆင့်ကတော့ မုန်တိုင်းကျရောက်နေပြီဖြစ်ပြီါ် လုံခြုံစိတ်ချရတဲ့နေရာမှာခိုလှုံဖို့ လိုအပ်ပါတယ်။

အစိမ်းရောင်အဆင့်ထုတ်ပြန်လိုက်ပြီဆိုရင်တော့ မုန်တိုင်းအားပျော့ပျက်ပြယ်သွားပြီလို့ မှတ်ယူနိုင်မှာဖြစ်ပါ တယ်။

' ' ဘင်္ဂလားပင်လယ်အော်ထဲမှာ မုန်တိုင်းဖြစ်ပြီဆိုတာနဲ့ အဝါရောင်အဆင့်သတိပေးချက်ကိုထုတ်တယ်။ အဲကနေ နောက်တဆင့်ဆိုရင် လိမ္မော်ရောင်ပေါ့။ ကျွန်မတို့ဆီ ဦးတည်လာပြီဆိုရင်တော့ အခါမလပ် သတိပေးချက်တွေထုတ်ပြန်သွားမှာပါ။'' လို့ ဒေါ်ခင်ချိုချိုရှိန်ကပြောပါတယ်။

မြန်မာနိုင်ငံမှာ မုန်တိုင်းဖြစ်နိုင်တဲ့ကာလတွေ

အများဆုံးကတော့ မိုးကြိုကာလဖြစ်တဲ့ ဧပြီနဲ့မေလပေါ့။ အဲဒီကာလမှာ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း ဖြစ်ပြီဆိုရင် မြန်မာနိုင်ငံကိုဝင်နိုင်တဲ့အတွက်ကြောင့် မုန်တိုင်းရဲ့ ပထမရာသီလို့ သတ်မှတ်ထားတယ်။

ဇွန်လကနေစပြီး ဇူလိုင်ကနေ သြဂုတ် ဒီ သုံးလမှာလည်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်း ရပ်ဝန်းတွေ မုန်တိုင်းတွေဖြစ်တယ်။ ဒါပေမဲ့ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့တာမျိုးတော့မရှိပါဘူး။

မြန်မာနိုင်ငံရဲ့ မုန်တိုင်းဒုတိယရာသီဖြစ်တဲ့ မုတ်သုန်နဲ့ မုတ်သုန်ထွက်တဲ့ကာလ တွေဖြစ်တဲ့ စက်တင်ဘာလ ကနေ နိုဝင်ဘာလအထိဟာ သတိပြုရမယ့် ကာလဖြစ်ပါတယ်။ စက်တင်ဘာလမှာ ဖြစ်တဲ့မုန်တိုင်းတွေရဲ့ ၅ ရာခိုင်နှုန်းလောက်က မြန်မာနိုင်ငံကိုဝင်တဲ့ အနေအထားရှိပါတယ်။

အောက်တိုဘာ၊ နိုဝင်ဘာလတွေအတွင်း ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်တဲ့ မုန်တိုင်းတွေရဲ့ ၂၀ နဲ့ ၁၅ ရာခိုင်နှုန်းလောက်က မြန်မာနိုင်ငံကိုဝင်တယ်။ ကျန်တဲ့ ၈၀၊ ၈၅ ရာခိုင်နှုန်းကတော့ အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်ကိုသွားပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာဖြစ်တဲ့ မုန်တိုင်းတွေရဲ့ သက်ရောက်မှုက မြန်မာ့ကမ်းရိုးတန်းကို ဖြတ်မှ သက်ရောက်မှုရှိတာဖြစ်ပါတယ်။ ဒါပေမယ့် သတိပြုရမှာတခုက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝင်ရောက် ပေမယ့်လည်း မြန်မာနိုင်ငံမှာ မိုးများပြီးရေကြီးရေလျှံတာလည်း ရှိတတ်ပါတယ်။