မြန်မာ့ အိမ်မွေးဆင် ၄၀၀၀ နီးပါးကို မိုက်ခရိုချစ်ပ်တပ်ပြီး မှတ်ပုံတင်

ရေးသားခဲ့သည်။

မြန်မာနိုင်ငံတဝန်းက အိမ်မွေးဆင် အကောင်ရေ ၄ ထောင်နီးပါးကို ခန္ဓာကိုယ်ထဲ မိုက်ခရို ချစ်ပ် လျှပ်စစ် ဆားကစ်ပြားလေးတွေ ထည့်သွင်းတပ်ဆင်တာကို ၂၀၂၀ မတ်လက စပြီးတော့ မြန်မာ့သစ်လုပ်ငန်းက ဦးဆောင်ပြီး လုပ်ဆောင်နေပါတယ်။

"ဆင်ရဲ့ ခန္ဓာကိုယ် နားရွက်နောက်နားထဲ မိုက်ခရိုချစ်ပ်ကို ထည့်တာပါ၊ ဒါတပ် လိုက်ပေးပြီးသွားရင် ဆင်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မိုက်ခရိုချစ်ပ် ဖတ်လိုက်တာနဲ့ ချက်ချင်းသိရမှာပါ" လို့ မြန်မာ့သစ်လုပ်ငန်း သစ်ထုတ်ရေးဌာန ဒုတိယ အထွေထွေမန်နေဂျာ ဦးကျော်ထိုက်က ပြောပါတယ်။

အဲ့ဒီ မိုက်ခရိုချစ်ပ်ထဲမှာ ဆင်ရဲ့ အရပ်အမြင့်၊ ဘယ်ရက်မှာ မွေးတယ်၊ ပိုင်ရှင်က ဘယ်သူ ဖြစ်တယ် ဆိုတာတွေ ပါရှိမှာဖြစ်ပြီး ဆင်တွေရဲ့ အချက်အလက်တွေကို ဒစ်ဂျစ်တယ်လ်စနစ်နဲ့ သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။

အရင်တုန်းက ဆင်တွေကို စာရွက်စာတမ်းတွေနဲ့ မှတ်ပုံတင်တာ ရှိခဲ့ဖူးပေမယ့် အခုလို ဒစ်ဂျယ်တယ်လ်စနစ်နဲ့ အချက်အလက်ယူတာကတော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

"ပုဂ္ဂလိက ဆင်တစ်ကောင်သေမယ်ဆိုရင် တောဆင်တစ်ကောင်ဖမ်းပြီး အစားထိုးတာမျိုး ရှိတယ်၊ အဲ့ဒါမျိုးကို ကာကွယ်တားဆီးဖို့ နောက်ပြီး နိုင်ငံခြားကို တရားမဝင် ကုန်သွယ်မှုတွေ မလုပ်နိုင်အောင် ထိန်းချုပ်တာ" လို့လည်း သစ်ထုတ်ရေးဌာန ဒုတိယ အထွေထွေမန်နေဂျာ ဦးကျော်ထိုက်က ပြောပါတယ်။

"ဆင်ကလေးလေးတွေပေါ့နော် အသက် ၅ နှစ်မပြည့်သေးတဲ့ ဆင်လေးတွေ မပါပါဘူး၊ ၅ နှစ်အောက် ဆင် ၅၂၈ ကောင် ဖယ်လိုက်ရင် ကျန်တဲ့ဆင်တွေကို မှတ်ပုံတင်မှာ ဖြစ်တယ်" လို့ ဦးကျော်ထိုက်က ဆက်ပြောပါတယ်။

လောလောဆယ် မိုက်ခရိုချစ်ပ်နဲ့ မှတ်ပုံတင်ရမယ့် ဆင်ကောင်ရေက ၃၉၄၉ ကောင်ရှိပြီး အဲ့ဒီထဲမှာ သစ်တောဦးစီးဌာနက ပိုင်တဲ့ ဆင်အကောင် ၈၀၊ မြန်မာ့သစ်လုပ်ငန်းပိုင်တဲ့ ဆင် ၂၂၅၃ ကောင်၊ ပုဂ္ဂလိကပိုင်ဆင်က ၁၆၁၃ ကောင် ရှိတယ်လို့ မြန်မာ့သစ်လုပ်ငန်းက ထုတ်ပြန်ပါတယ်။

ဒီအမျိုးအစားဆင်တွေကို အိမ်မွေးဆင်တွေလို့ သတ်မှတ်ပြီး မြန်မာ့သစ်လုပ်ငန်းနဲ့ သစ်တောဦးစီးဌာန ပူးပေါင်းပြီး အချက်အလက်တွေ ကောက်ယူနေတာ ဖြစ်ပါတယ်။

"မိုက်ခရိုချစ်ပ် ထည့်ရတဲ့ ဆင်တွေထဲ မြန်မာ့သစ်လုပ်ငန်းအောက်မှာရှိတဲ့ ဆင်ထိန်းသိမ်းရေးစခန်း ၂၂ ခုက ဆင်တွေ အားလုံးလည်း အကျုံးဝင်ပါတယ်" လို့ သစ်ထုတ်ရေးဌာန ဒုတိယ အထွေထွေမန်နေဂျာ ဦးကျော်ထိုက်က ပြောပါတယ်။

အိမ်မွေးဆင်တွေ မှတ်ပုံတင်တာကို သစ်တောဦးစီးဌာက ရေးဆွဲထား တဲ့ Myanmar Elephant Conservation Action Plan (MECAP) မြန်မာ့ဆင်မျိုးစိတ် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်တာဖြစ်ပြီး ဆင်နဲ့ ဆင်အစိတ်အပိုင်းတွေကို တရားမဝင် အမဲလိုက် သတ်ဖြတ်တာ၊ တရားမဝင် ကူးသန်းရောင်းဝယ်တာကို တားဆီးဖို့နဲ့ ဆင်တွေကို ပိုပြီး စနစ်တကျ မှတ်ပုံတင်နိုင်ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့လည်း ဦးကျော်ထိုက်က ပြောပါတယ်။

သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သစ်ထုတ်လုပ်ငန်းတွေမှာ တောဆင်ရိုင်းတွေကို ဖမ်းဆီး ခိုင်းစေတာကို ၂ဝ၁၄ ခုနှစ်ကတည်းက စတင်ရပ်ဆိုင်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

တောဆင်ရိုင်းတွေကိုလည်း လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက ဖမ်းခွင့်မပြုတော့ဘူးလို့ သစ်ထုတ်ရေးဌာန ဒုတိယ အထွေထွေမန်နေဂျာ ဦးကျော်ထိုက်က ပြောပါတယ်။

ဒါ့အပြင် ဇီဝမျိုးစုံ၊ မျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေး နယ်မြေတွေ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေအရ "ဆင်တွေကို သစ်တောဦးစီးဌာနမှာ တရားဝင်မှတ်ပုံတင်ရမှာ ဖြစ်ပြီး မှတ်ပုံတင်ထားတဲ့ ဆင်တွေကိုပဲ တရားဝင် မိုက်ခရိုချစ်ပ် တပ်ဆင်ပြီး မွေးခွင့် ပေးမှာ ဖြစ်တယ်" လို့ ဦးကျော်ထိုက်က ပြောပါတယ်။