ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ နဲ့ တောင်ကုတ်က စည်ပင်ဥက္ကဋ္ဌတို့ကို အကြမ်းဖက်ဥပဒေနဲ့ ရမန်ယူ

တောင်ကုတ်မြို့နယ် တရားရုံးမှာ ပုဒ်မ ၅၀ (က)နဲ့ ရမန်ယူ

ဓာတ်ပုံ ရင်းမြစ်, U Tin Nyo

ဓာတ်ပုံ ပုံစာ, တောင်ကုတ်မြို့နယ် တရားရုံးမှာ ပုဒ်မ ၅၀ (က)နဲ့ ရမန်ယူ
ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်က ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဦးဝေသောင်း(စာရေးဆရာ စန္ဒကူးထင်ပေါ်)၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်နဲ့ ယခင် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးစန်းငွေတို့သုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး မေလ ၁၁ ရက် မနက်ပိုင်းက တောင်ကုတ်မြို့နယ် တရားရုံးမှာ ပုဒ်မ ၅၀ (က)နဲ့ ရမန်ယူခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဖမ်းဆီးခံရသူ သုံးဦးထဲက စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်ကို မေလ ၉ ရက်နေ့ ညနေ ၃ နာရီကျော်လောက် အချိန်မှာ သူ့ရဲ့နေအိမ်ကို တပ်မတော်စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) အဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ နယ်မြေရဲနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ လာရောက်ခေါ်ဆောင်သွားခဲ့ တာဖြစ်ပါတယ်။

ဦးစန်းငွေကိုတော့ မေလ ၁၀ ရက်နေ့ ညနေ ၄ နာရီကျော်လောက်မှာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။

ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဦးဝေသောင်းကိုတော့ ဆားပြင်ကျေးရွာမှာရှိတဲ့ သူ့ရဲ့နေအိမ်ကို မေလ ၁၁ ရက် မနက်ပိုင်းမှာ အရပ်ဝတ်နဲ့လူနှစ်ဦးရောက်ရှိလာကာ မေးမြန်းစရာတွေရှိတယ်ဆိုပြီး ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ မိသားစုတွေဆီကနေ သိရပါတယ်။

ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဦးဝေသောင်း

ဓာတ်ပုံ ရင်းမြစ်, ဦးဝေသောင်း FB

ဓာတ်ပုံ ပုံစာ, ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဦးဝေသောင်း

ဦးဝေသောင်းအပါအဝင် သုံးဦးကိုဖမ်းဆီးသွားတာဟာ ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာကိုမသိရှိရပေမယ့် အင်တာနက်စာမျက်နှာတွေပေါ်ကတစ်ဆင့် အကြမ်းဖက်ဥပဒေနဲ့ ရမန်ယူလိုက်ကြောင်း၊ ဦးဇေယျကျော်၊ ဦးစန်းငွေတို့နဲ့အတူဖမ်းဆီးခံရတာဖြစ်တယ်လို့ သိထားရကြောင်း ရခိုင်အမျိုးသားပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ပြောပါတယ်။

သူတို့က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က)နဲ့ အမှုဖွင့်ရမန်ယူတာဟာလည်း ဘယ်အကြောင်းအရာနဲ့ဆက်စပ်နေတယ်ဆိုတာကို မသိရသေးကြောင်း ဦးဇေယျကျော်ရဲ့အမျိုးသမီး ဒေါ်ဟန်စုက ပြောပါတယ်။

"အမှုကိစ္စကျတော့ ဘာအမှုလဲကျွန်မတိတိကျကျမသိပါ။ နားမလည်ပါ။ သူတို့ကို ၅၀ (က) နဲ့ ရမန်ယူတယ်လို့ပဲ သိပါတယ်။ ရမန်ယူပြီးထွက်လာတဲ့အချိန် ရဲစခန်းထဲမဝင်ခင်တော့ ကျွန်မနဲ့တွေ့ခွင့်ရလိုက်ပါတယ်။ ၅၀ (က) နဲ့ ၁၅ ရက် ရမန်ယူတယ်။ စိတ်မပူပါနဲ့လို့ပြောသွားပါတယ်။"လို့ ဦးဇေယျကျော်ရဲ့အမျိုးသမီး ဒေါ်ဟန်စုက ဘီဘီစီကို ပြောပါတယ်။

ရမန်ယူပြီး တောင်ကုတ်မြို့မရဲစခန်း ကနေရာပြောင်းရွှေ့ခေါ်သွား

ဓာတ်ပုံ ရင်းမြစ်, U Tin Nyo

ဓာတ်ပုံ ပုံစာ, ရမန်ယူပြီး တောင်ကုတ်မြို့မရဲစခန်း ကနေရာပြောင်းရွှေ့ခေါ်သွား

သူတို့သုံးဦးစလုံးကို မေလ ၁၁ ရက်နေ့မနက်ပိုင်းက တောင်ကုတ်မြို့နယ်တရားရုံးမှာ ရမန်ယူခဲ့ပြီး တောင်ကုတ်မြို့မရဲစခန်းမှာဆက်လက်မထားရှိတော့ဘဲ နေရာပြောင်းရွှေ့ခေါ်ဆောင်သွားခဲ့တယ်လို့ မိသားစုတွေကပြောပါတယ်။

ဖမ်းဆီခံထားရသူသုံးဦးတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က)နဲ့ ချုပ်ရမန်ယူခဲ့ပြီး နေရာပြောင်းရွှေ့သွားတာဟာ ဘာကြောင့်ပြောင်းရွှေ့လိုက်ရကြောင်းနဲ့ ဘယ်ကိစ္စတွေနဲ့ငြိစွန်းမှုရှိနေလဲဆိုတာကို တောင်ကုတ်မြို့မရဲစခန်းမှူး ကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိပါဘူး။

"ပထမအချက်ကတော့ ဖမ်းဆီးသွားပြီဆိုတာနဲ့ကို ဥပဒေအထောက်အကူပြုအဖွဲ့က အနီးကပ်ဆောင်ရွက်ကြပါလိမ့်မယ်။ ပါတီက ဦးဝေသောင်းအပါအဝင် ဦးစန်းငွေ ဦးဇေယျကျော်တို့နဲ့ ပတ်သက်ပြီးတော့ ဒီလို ဖမ်းဆီးချုပ်နှောင်ထားတဲ့အပေါ်မှာ ဘာ ဆက်ပြီးဆောင်ရွက်သင့်သလဲဆိုတာကိုတော့ ဖုန်းတို့ ဗိုင်ဗာ တို့နဲ့ အစည်းအဝေးတွေ လုပ်နေတာပဲရှိပါသေးတယ်။"လို့ ဒေါ်အေးနုစိန်က ပြောပါတယ်။

တောင်ကုတ်မြို့နယ်ဟာ ရခိုင်အမျိုးသားပါတီရဲ့ ဗဟိုဌာနခွဲရုံးစိုက်ရာမြို့ဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်တချို့ကို ရဲတပ်ဖွဲ့အယောင်ဆောင်ပြီး လာရောက်ခေါ်ဆောင်တာတွေပြုလုပ်တဲ့ကိစ္စမှာရခိုင်အမျိုးသားပါတီ ANP ကို မဟုတ်မမှန်ပြောဆိုတာတွေထွက်ပေါ်ခဲ့တဲ့အတွက် အဲ့ဒီဖြစ်စဉ်နဲ့ ANP ပါတီဝင်တွေအကြား ပတ်သက်ဆက်နွယ်မှုမရှိကြောင်း တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ ANP က ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။