ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုရိုနာဗိုင်းရပ်စ် - မန္တလေး ဂျီတီအိုင်ကျောင်းသားတွေ အပူချိန်တိုင်းကိရိယာနဲ့ အဝေးထိန်းပစ္စည်းပို့ စက်တွေ ဖန်တီးထုတ်လုပ်
မန္တလေး စက်မှုလက်မှုသိပ္ပံကျောင်းက ကျောင်းသားတွေဟာ ကိုဗစ် ၁၉ ကပ်ရောဂါကာလမှာ လိုအပ်နေတဲ့ အပူချိန်တိုင်း ကိရိယာနဲ့ အဝေးထိန်းပစ္စည်းပို့ စက်တွေကို တပ်ဆင်ထုတ်လုပ်ခဲ့တယ်လို့ မန္တလေး စက်မှု လက်မှုသိပ္ပံ(GTI) ကျောင်းအုပ်ကြီးက ဒေါက်တာကျော်ကျော်မြင့်က ဘီဘီစီ ကို ပြောပါတယ်။
ကျောင်းသားတွေဟာ ကိုရိုနာဗိုင်းရပ် ရောဂါပိုး သံသယလူနာတွေ၊ လုပ်အားပေးသူတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူတွေနဲ့ တိုက်ရိုက်ထိတွေ့စရာမလိုအောင် ရည်ရွယ်ပြီး အထောက်အကူပြုပစ္စည်းတွေကို စမ်းသပ်တပ်ဆင် ထုတ်လုပ်နေကြတာဖြစ်တယ်လို့လည်းသိရပါတယ်။
' ' ပထမဆုံးကတော့ အပူချိန်တိုင်းတဲ့ ကိရိယာပေါ့။ ဌာနကလည်းထောက်ပံ့ပါတယ်။ အောင်လည်း အောင်မြင်တယ်။ အများကြီးထုတ်ဖို့ကျ ပစ္စည်းကမှာမရတော့ အများကြီးမထုတ်ဖြစ်တာ ပေါ့။ နောက်တစ်ခုကတော့ ထရော်လီပေါ့။ ဒါကလည်း အတိုင်ပင်ခံက ဆေးရုံတွေအတွက်လိုတဲ့ ထရော်လီ တွေကိုလုပ်ပေးကြပါဆိုတော့ ဦးစီဌာနရော ပညာရေးဘက်ကလုပ်မယ်ဆိုတော့ လိုအပ်တဲ့ ကူညီပံ့ပိုးမှု တွေလည်းရပါတယ်'' ပစ္စည်းတွေထုတ်လုပ်တဲ့အခြေအနေကို မန္တလေး စက်မှု လက်မှုသိပ္ပံ(GTI) ကျောင်းအုပ်ကြီးက ဒေါက်တာကျော်ကျော်မြင့်ကပြောပြပါတယ်။
ဒီလိုပစ္စည်းတွေကို ကျောင်းသားတွေကိုယ်တိုင် ဖန်တီးထုတ်လုပ်ရာမှာ ပစ္စည်းဝယ်မရတဲ့အခက်အခဲကို အဓိက ကြုံခဲ့ရတယ်လို့ ကျောင်းသားတွေကပြောပါတယ်။
' ' ကျွန်တော်ကတော့ ဖရိန်ပိုင်းနဲ့ structure ပိုင်းကို အဓိက လုပ်ပေးခဲ့တာ။ လုပ်တုံးကတော့ ပစ္စည်းတွေ ဘာတွေဝယ်ရခက်လို့ တချို့အခက်အခဲဖြစ်တာတွေတော့ရှိတယ်''လို့ Mechanical ဘာသာရပ် ဒုတိယနှစ်ကျောင်းသားဖြစ်တဲ့ ကိုဝေလင်းထွန်းက ပြောပြပါတယ်။
ဒီပစ္စည်းတွေ ဖန်တီးထုတ်လုပ်ရာမှာအဓိက ပါဝင်သူကျောင်းသားတစ်ဦးဖြစ်တဲ့ စက်မှုလက်မှု သိပ္ပံ၊ ကျောင်းသားသမဂ္ဂ၊ ဉက္ကဋ္ဌ ကိုနိုင်မိုးဆန်းကလည်း အပိုပစ္စည်းဝယ်မရတဲ့အခက်အခဲ ကြောင့် တချို့ပစ္စည်းတွေကို အောင်မြင်စွာတပ်ဆင်နိုင်ပေမယ့် များများမထုတ်လုပ်နိုင်ဘူးလို့ ပြောပြပါတယ်။
' ' temperature sensor မှာဆို sensor တွေဝယ်လို့မရတော့ဘူးဒီမှာ၊ ဒါကြောင့် အဲဒါကို တပ်ဆင်ပြီး ထုတ်လုပ်တာမျိုးထပ်မလုပ်နိုင်တော့ဘူး၊ ထရော်လီက ပရောဂျက်လုပ်တဲ့ အခါ သင်ရိုးတွေက ဒိတ်အောက်နေတာတွေရှိတယ်၊ အခြေခံအနေနဲ့တော့သိတယ်၊ လက်ရှိသင်နေတဲ့ သင်ရိုးတွေနဲ့ လက်ရှိဒီမှာရောက်နေတဲ့ ပစ္စည်းတွေက Update ဖြစ်နေတယ်၊ EC သမားတွေဆို အများကြီး မလုပ်နိုင်ဘူး''လို့ စာတွေ့ကနေ လက်တွေ့ပြောင်းတဲ့ အပိုင်းမှာ ကြုံရတဲ့ အခက်အခဲတွေကိုလည်း ကိုနိုင်မိုးဆန်း ကပြောပြပါတယ်။
"ပထမနှစ်တုန်းကလည်း Project တွေ လုပ်ခဲ့တယ်၊ ကျောင်းမှာ သင်ယူရတဲ့ ပညာရပ်တွေက လက်တွေ့ လုပ်ရတာမှာ အနည်းနဲ့ အများတော့ အထောက် အကူ ဖြစ်တယ်" လို့ တီထွင်တဲ့ အဖွဲ့ထဲမှာ ပါဝင်တဲ့ EC အထူးပြု ကျောင်းသား ကိုလမင်းသန့် က ပြောပါတယ်။
လက်ရှိ တီထွင်ထားမှုတွေ အပြင် အဝေးကနေ ထိန်းချုပ်ပြီး ပိုးသတ်ဆေးဖျန်းမယ့် စက်နဲ့ ပစ္စည်းသယ်ပို့ယာဉ်တွေကို နောက်ထပ် တပ်ဆင်ထပ်ထုတ်ဖို့ ရှိတယ်လို့ မန္တလေး စက်မှုလက်မှုသိပ္ပံ(GTI) ကျောင်းအုပ်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကမ္ဘာ့ ကပ် ရောဂါ ကိုရိုနာဗိုင်းရပ်စ် စတင် ရင်ဆိုင်ခဲ့ရတဲ့ မတ်လ နှောင်းပိုင်းက စပြီး ဒီရောဂါ ထိန်းချုပ်ရေး၊ ကုသရေး မှာ အသုံးပြု နိုင်တဲ့ ပိုးသန့်စင်ခန်း၊ အသက်ရှူအကူကိရိယာ၊ ဒရုန်းစပီကာ၊ ဆေးဖျန်း စက်ရုပ် အစရှိတဲ့ တီထွင်မှုတွေကို လူငယ် အစုအဖွဲ့ တွေ၊ နည်းပညာကျောင်းသား၊ ကျောင်းသူ တွေက ဖန်တီးတီထွင် လာနေကြပါတယ်။