ကိုဗစ်-၁၉ လူနာတွေအတွက် အသက်ရှူအကူကိရိယာ မြန်မာအင်ဂျင်နီယာတွေတီထွင်

ရေးသားခဲ့သည်။

ကိုဗစ်-၁၉ လူနာတွေအနေနဲ့ အသက်ရှူကြပ်တဲ့ဝေဒနာခံစားရပါက အသက်ရှူနိုင်ဖို့ ကူညီပေးနိုင်မယ့် အသက်ရှူအထောက်အကူပြုကိရိယာ ( prototype mini ventilator) ကို မြန်မာအင်ဂျင်နီယာ၃ဦး စုပေါင်းပြီး တီထွင်ခဲ့တယ်လို့ ဦးဆောင်တီထွင်သူတွေထံက သိရပါတယ်။

"ICUထဲမှာ ထားတဲ့ ventilator တစ်လုံး ဘယ်လိုလုပ်ထားလဲဆိုတဲ့ အခြေခံကို သီအိုရီပိုင်းအရ အရင် လေ့လာတယ်။ သီအိုရီပိုင်း ကောင်းကောင်း နားလည်သွားတဲ့အချိန်မှာ ကျွန်တော်တို့ ပြည်တွင်းမှာ ဘာပစ္စည်းတွေရှိလဲပေ့ါ။ အမှန်တိုင်းပြောရမယ်ဆိုရင် ကိုဗစ်ကြောင့် ဖြစ်လာပြီဆို ventalitor ပေါ်တင်ရ တဲ့အခြေအနေက နောက်ဆုံးပေါ့။ အဲအဆင့်မရောက်ခင် Mini ventilator ကိုရအောင်လုပ်မယ် ဆိုပြီး လုပ်ခဲ့တာ။" လို့ ဒီကိရိယာတီထွင်ရာမှာ ပါဝင်သူ လူငယ်အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ ကိုအာကာထက်ကျော်က ပြောပြပါတယ်။

ဒီအသက်ရှူအကူကိရိယာနဲ့ပတ်သက်ပြီး ဆေးပညာကျွမ်းကျင်သူက ဘယ်လိုမှတ်ချက်ပြုသလဲ

ဒီကိရိယာကို အမေရိကန်နိုင်ငံက ကျောင်းသားတွေထုတ်လုပ်တဲ့ပုံစံကို အခြေခံကာ တီထွင်ထားတာ ဖြစ်ပြီး အဆုတ်ထိခိုက်ပျက်စီးသွားသူတွေထက် ကနဦး အသက်ရှူရခက်ခဲတဲ့ လူနာတွေ အတွက် အထောက်အပံ့ဖြစ်ဖို့ ရည်ရွယ်တာလို့ ကိုအာကာထက်ကျော်က ဘီဘီစီကို ပြောပြပါတယ်။

မြန်မာအင်ဂျင်နီယာတွေဖြစ်တဲ့ ဦးဝင်းသိန်း၊ ကိုရဲမင်းနဲ့ ကိုအာကာထက်ကျော်တို့ ဦးဆောင် တီထွင်တဲ့ ဒီအသက်ရှူအကူကိရိယာကို လည်ပတ်မှုပိုင်းအနေနဲ့ ကနဦးစမ်းသပ် အောင်မြင်ပြီဖြစ်ပေမယ့် မေ့ဆေးပါရဂူ ဆရာဝန်တွေနဲ့ပြသပြီး အကြံပြုချက်တွေကိုလည်း တောင်းခံထားတယ်လို့ ဆိုပါတယ်။

"ထပ်ပြီး အဆင့်မြှင့်ဖို့တော့လိုတာပေါ့နော်။ လူနာရဲ့ လိုအပ်ချက်အတိုင်း pressure ၊ volume၊ flow သူ့ဆီကလာတဲ့အသက်ရှူနှုန်း ပေါ့။ ဒါတွေကို တွက်ချက်ပြီးလုပ်လို့ရအောင် ထပ်ပြီး အဆင့်မြှင့်သွားဖို့ရှိတယ်။ စက်က လည်ပတ်နိုင်ပြီဆိုပေမယ့် အငြိမ်းစား မေ့ဆေး ဆရာဝန်ကြီးတွေက ဒါတွေထပ်ပြီး လိုသေးတဲ့အကြောင်း အကြံပြုတယ်။ ဒါကြောင့် စက်ဒီဇိုင်းနဲ့အတူ ဒါတွေအားလုံးကို ထပ်ပြီး အဆင့်မြှင့်တဲ့အနေနဲ့ လုပ်သွားမယ်" လို့ ဦးဆောင်သူအင်ဂျင် နီယာ တစ်ဦးဖြစ်တဲ့ ဦးဝင်းသိန်းက ပြောပြပါတယ်။

မြန်မာအင်ဂျင်နီယာတွေတီထွင်တဲ့ အသက်ရှူအထောက်အကူပြု အကူကိရိယာဟာ ကနဦး တီထွင်မှုအနေနဲ့ ကုန်ကျစရိတ် ကျပ်သိန်းဆယ်ဂဏန်းဝန်းကျင် ကုန်ကျခဲ့ပြီး ကွန်ပျူတာနဲ့ ချိတ်ဆက်ကာ အော်တိုစနစ်နဲ့ အလုပ်လုပ်နိုင်အောင် တီထွင်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီကိရိယာကို ဘယ်နေရာတွေမှာ အသုံးပြုနိုင်မှာလဲ

"ကျွန်တော်တို့ မြန်မာပြည်မှာလည်း နိုင်ငံကဆင်းရဲတော့ ဝယ်ဖို့ခက်ခဲတယ်ဆိုတာသိတော့ Ventilator ( အသက်ရှူစက်) ကဈေးကြီးတယ်၊ ဒီတော့ အဲနေရာမှာ ဘယ်လိုလုပ်လို့ ရမလဲဆိုတော့ ampu bag ဆိုတဲ့ လက်နဲ့ညှစ်ပီး သုံးတဲ့လေအိတ် ရှိတယ်။ ဒါက အရေးပေါ်ကားတွေမှာသုံးတာ။ ဒါကို ပုံမှန်ညစ်ပြီး လူကတချိန်လုံး လုပ်ဖို့ဆိုတာမလွယ်ဘူး။

အဲနေရာမှာ portable type ကိုသွားကြည့်တဲ့ အခါကျတော့ လူကလုပ်စရာမလိုဘဲ လူကလိုအပ်တာကို ထိန်းချုပ်ပြီး အသက်ရှူလို့ရအောင် ကူညီတဲ့စက်ပေါ့။ ဥပမာ- နယ်ဆေးရုံတွေမှာ အသက်ရှူစက်လုံး၀ မရှိတဲ့နေရာမျိုးမှာ ဒီဟာနဲ့ချိတ်ဆက်ပြီးယာယီသုံးလို့ရမယ်။ အဲဒီကတဆင့် ရန်ကုန်လို နေရာမျိုးကို ခေါ်လာမယ်ဆိုရင် ကားနဲ့လာတဲ့အခါ လမ်းမှာ ဒီစက်ကို သုံးလို့ရမယ်။ အဓိက ဒါကိုရည်ရွယ်ပါတယ်" လို့ တီထွင်ရာမှာပါဝင်သူ တစ်ဦးဖြစ်တဲ့ ကိုရဲမင်းဟိန်းက ရှင်းပြပါတယ်။

ကိုဗစ်-၁၉ ကူးစက်ခံရသူလူနာတွေဟာ အဆုတ်ထိခိုက်ပျက်စီးပြီး အသက်ရှူကြပ်တဲ့ဝေဒနာကို အဓိက ခံစားရတာဖြစ်ပါတယ်။ ဒီလိုခံစားရတဲ့အချိန်မှာ အဆုတ်ကနေ အသက်ရူနိုင်ဖို့ အကူကိရိယာတွေ လိုအပ် မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရသူပေါင်း ၂၈ ဦးတွေ့ရှိထားပြီဖြစ်ကာ ဒီထဲမှာ ရောဂါ အခံရှိပြီး အဆုတ်ထိခိုက်ပြီး သွေးဆိပ်တက်တဲ့ လက္ခဏာကြောင့် သေဆုံးသူ ၃ဦးရှိလာပြီလည်းဖြစ်ပါတယ်။