ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
Cobas 6800 နဲ့ မေလကစစစ်နိုင်မယ်၊ နမူနာပို့ရင် စစ်ဖို့ တပ်ကလည်းအဆင့်သင့်ရှိလို့ဆို
Cobas 6800 ကို ဧပြီလ ၂၄ရက်နေ့မှာ စတင်တပ်ဆင်နေတာ ၉၅ ရာခိုင်နှုန်းအထိ ပြီးနေပြီလို့ ကျန်းမာရေး ဝန်ကြီးဌာနက ဧပြီလ ၂၆ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ဒီနေ့ ၂၇ရက်နေ့မှာတော့ အပြီးတပ်ဆင်မယ် လို့လည်း ပါရှိပါတယ်။
ဒါကလည်း စက်တပ်ဆင်မှု ပြီးမြောက် တဲ့အပိုင်းကို ဆိုလိုတာဖြစ်ပါတယ်။
အဲဒီလို စက်တပ်ဆင်ပြီးတာနဲ့ တပြိုင်နက် အရည်သွေးစမ်းစစ်မှု စမ်းသပ် လည်ပတ်တာကို လုပ်ဆောင်မှာ ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာသန်းနိုင်စိုးက ဘီဘီစီကို ပြောပါ တယ်။
အရည်အသွေးပြည့်ဝမှု စမ်းစစ်လည်ပတ်မှုတွေကို ဧပြီလကုန်ပိုင်းအထိ လုပ်ဆောင်ရမှာဖြစ်တဲ့အတွက် အတည်ပြု စစ်ဆေးမှုတွေကို မေလဆန်းပိုင်းကစပြီး ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
အဲဒီလို အရည်အသွေးစစ်ဆေးမှုတွေပြီးတဲ့အခါ Cobas 6800 က တနေ့ ၈နာရီလည်ပတ်ပြီး နမူနာ၃၈၄ ခုကို စစ်ဆေးနိုင်မှာဖြစ်ပါတယ်။
စက်ရဲ့ စစ်ဆေးနိုင်စွမ်းက တရက် ၂၄နာရီ ဆက်တိုက်စစ်ရင် နမူနာတထောင်ကျော်အထိ စစ်ဆေးနိုင် ပေမယ့် အဆက်မပြတ်စစ်ဆေးပါက စွမ်းဆောင်နိုင်စွမ်း ပျက်ဆီးနိုင်တာကြောင့် ၂၄နာရီလုံးလည်ပတ် နိုင်ဖို့ကတော့ မဖြစ်နိုင်သလို၊ ဘယ်လို နိုင်ငံမျိုးမှာမဆို အဲဒီလိုစစ်ဆေးတာမျိုးမရှိဘူးလို့လည်း အမျိုးသား ဓာတ်ခွဲခန်းကသိရပါတယ်။
တပ်မတော်အနေနဲ့လည်း ရန်ကုန်နဲ့ နေပြည်တော်တို့မှာ အလားတူ Cobas 6800 စက်နှစ်လုံးကို စစ်ဆေး နိုင်ဖို့ အဆင့်သင့်အနေအထားရှိနေပြီး လိုအပ်တဲ့ ဓာတ်စမ်းပစ္စည်း Reagent လည်း နမူနာ နှစ်ထောင်စာအတွက် အဆင်သင့်ဖြစ်နေပြီလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကဘီဘီစီကိုပြောပါတယ်။
နောက်ထပ်လည်း ဓာတ်စမ်းပစ္စည်း နှစ်သောင်းကို ထပ်မံမှာယူထားပြီး မကြာမီမှာ ထပ်မံရောက်ရှိလာ တော့မယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
"နမူနာတွေပို့တာနဲ့ ကျွန်တော်တို့ဘက်က စစ်ပေးဖို့ အဆင်သင့်ပါဘဲ၊ အဲဒီလိုစစ်ဆေးတာတွေ ကုန်ကျစား ရိတ်ကိုလည်း တပ်မတော်ကကျခံသုံးစွဲတာပါ" လို့ သူကပြောပါတယ်။
ကျိုင်းတုံကို ပို့မယ့် ကိုဗစ်စစ်ဆေးနိုင်တဲ့ အခြားစက်တလုံးကလည်း အဆင့်သင့်ဖြစ်နေပြီး၊ စစ်ဆေးမယ့် နေရာဆောက်လုပ်နေတာကို စောင့်ဆိုင်းနေတယ်လို့သိရပါတယ်။
အဲဒီစက်ကလည်း နေရာဆောက်လုပ် ပြီးစီးမယ့် မေလအတွင်းမှာ ပို့ပေးနိုင်မယ်လို့ တပ်မတော်ဘက်က ရည်ရွယ်ထားပါတယ်။
အခုလိုစစ်ဆေးပေးဖို့ အဆင်သင့်ဖြစ်နေတာကိုလည်း ကျန်းမာရေးဝန်ကြီးဌာနကို အသိပေးထားပြီး ဖြစ်ကာ၊ သက်ဆိုင်ရာ ကျန်းမာရေးက အရာရှိတွေနဲ့ တွေ့ဆုံပြောဆိုထားပြီးဖြစ်တယ်လို့သိရပါတယ်။
လက်ရှိအချိန်အထိ တနေ့ကို လူအယောက် ၄၀၀ ကနေ ၅၀၀ အထိသာ ရန်ကုန်က အမျိုးသားဓာတ်ခွဲခန်းနဲ့ ဆေးသုတေသနဦးစီးဌာနတို့မှာ စစ်ဆေးနေပါတယ်။
အဲဒီနှုန်းကလည်း လူနာနဲ့ထိတွေ့တဲ့အနီးဆုံးလူ၊ သူနဲ့တဆင့်ထိတွေ့သူတွေအပြင် စောင့်ကြည့်နေရသူအရေ အတွက်ရဲ့ ၁၀ ရာခိုင်နှုန်းအထိကိုသာ စစ်ဆေးပေးနေတဲ့ နှုန်းလည်းဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ် စစ်ဆေးမှုတွေကို မန္တလေးနဲ့ မော်လမြိုင်တို့မှာပါ စစ်ဆေးနိုင်မယ့် နေရာတွေကို ထားရှိသွားဖို့ တလအတွင်းပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ ဒေါက်တာသန်းနိုင်စိုးက ဘီဘီစီ ကိုပြောပါတယ်။
ဧပြီလ ၂၆ရက်နေ့အထိ ကိုဗစ် ဓာတ်ခွဲစစ်ဆေးခဲ့သူပေါင်း ခြောက်ထောင့်ငါးရာကျော်ရှိခဲ့ပါတယ်။ အဲဒီထဲကမှ ၂ရာခိုင်နှုန်းကျော်ဖြစ်တဲ့ ပိုးတွေ့သူ ၁၄၆ ဦးရှိခဲ့ပါတယ်။
အခုလက်ရှိအထိတော့ အသွားအလာကန့်သတ်စောင့်ကြည့်ထားရသူကလည်း လေးသောင်းသုံးထောင် လောက်ရှိနေပါတယ်။ သူတို့ကို တိုင်းနဲ့ပြည်နယ်အနှံ့ နေရာပေါင်း ခုနှစ်ထောင်ကျော်မှာ ထားရှိထား ပါတယ်။
စက်တပ်ဆင်တာတွေပြီးစီးခဲ့တဲ့အခါ စတင်စစ်ဆေးနိုင်ရင်တော့ စောင့်ကြည့်ခံရသူတွေအားလုံးကို စစ်ဆေးနိုင်မှု ရှိမရှိနဲ့ ကုန်ကျစရိတ်တွေကို စရိတ်မျှပေးနိုင်ရေးအတွက်ကိုတော့ ကိုဗစ်အမျိုးသားအဆင့် ကော်မတီနဲ့ အခြားလုပ်ငန်းကော်မတီတို့ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ပြီးသာ လုပ်ကိုင်မှာ ဖြစ်တယ်လို့ ဒေါက်တာသန်းနိုင်စိုးက ဘီဘီစီကိုပြောပါတယ်။
ကိုဗစ်နမူနာစစ်ဆေးမှုတစ်ခုအတွက် ကုန်ကျစရိတ်က မြန်မာကျပ်ငွေ တစ်သိန်းခွဲခန့်ရှိတယ်လို့ သိရပါ တယ်။