ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရန်ကုန်မှာ ညမထွက်ရ အမိန့်ထုတ်၊ မြန်မာမှာ ကိုဗစ်အတည်ပြုလူနာ ၆ ဦးထပ်တိုး၊ သေဆုံးသူ ငါးဦး ရှိလာ၊ လူနာနံပါတ် ၆၄ နဲ့ ထိတွေ့ခဲ့တဲ့ တပ်မတော်သားတွေကို အသွားအလာကန့်သတ်စောင့်ကြည့်
(၁) ရန်ကုန်မှာ ညမထွက်ရ အမိန့်ထုတ်
ရန်ကုန်မှာ ဧပြီ ၁၈ ရက်နေ့ ည ၁၀ နာရီက စလို့ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားတယ်လို့ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက အတည်ပြုပါတယ်။
ရန်ကုန်မြို့မှာ ဧပြီ ၁၈ ရက်က စလို့ ည ၁၀ နာရီကနေ မနက် ၄ နာရီ အထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ခြွင်းချက်အရ အရေးကြီးကိစ္စ ရှိရင် အုပ်ချုပ်ရေးအာဏာပိုင်တွေကို အကြောင်းကြားပြီး ထွက်ခွာနိုင်ဖို့ ဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။
မြန်မာမှာ ကိုဗစ်၁၉ ပိုးတွေ့လူနာ တွေအနက် ရန်ကုန်က ၁၇ မြို့နယ်မှာ လူနာ စုစုပေါင်း ၆၈ ဦး ကူးစက်ခံထားရပြီး ၃ ဦးသေဆုံးထားတယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ညမထွက်ရ အမိန့် ထုတ်ပြန်ချက်က ဆိုပါတယ်။ ဒီမနက် တစ်ဦးသေဆုံးတဲ့အတွက် ရန်ကုန်က သေဆုံးသူ စုစုပေါင်း ၄ ဦးထိ ဖြစ်လာပါပြီ။
ကိုဗစ်၁၉ ရောဂါဟာ အများပြည်သူတို့ရဲ့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတွေကို ထိခိုက်စေတဲ့အပြင် အသက်သေဆုံးတဲ့အထိ ဖြစ်ပွားနိုင်တာကြောင့် ခုလို ညမထွက်ရအမိန့်ထုတ်ပြန်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
မန္တလေးမှာလည်း ဧပြီ ၁၇ ရက် ကစလို့ ည ၉ နာရီကနေ မနက် ၄ နာရီထိ အကြောင်းကိစ္စကြီးငယ်မရှိဘဲ အပြင်မထွက်ဖို့ ညမထွက်ရ အမိန့်ထုတ်ထားပါတယ်။ ဒါ့အပြင် နေ့ဘက်အပြင်ထွက်ရင်လည်း တစ်အိမ်ထောင်တစ်ယောက်ပဲထွက်ဖို့ ကန့်သတ်ထားပါတယ်။
(၂) ကိုဗစ်၁၉ အတည်ပြုလူနာ ၆ ဦးထပ်တွေ့၊ တစ်ဦး သေဆုံးလို့ သေဆုံးသူ ငါးဦး ရှိလာ
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဧပြီ ၁၈ ရက်မနက် ၈ နာရီထုတ်ပြန်ချက်အရ ကိုဗစ်၁၉ အတည်ပြုလူနာ နောက်ထပ် ၆ ဦးထပ်မံတွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် မြန်မာမှာ စုစုပေါင်း အတည်ပြုလူနာ ၉၄ ထိ ရှိလာပါတယ်။
တစ်ခါ ဧပြီ ၁၇ ရက် မနေ့က တွေ့ရှိခဲ့တဲ့ ဗိုင်းရပ်စ်အတည်ပြုလူနာတစ်ဦးဖြစ်တဲ့ အသက် ၇၈ နှစ်အရွယ် အမျိုးသားဟာ ဝေဘာဂီအထူးကုဆေးရုံကြီးရဲ့ အထူးကြပ်မတ်ကုသဆောင်မှာ ကုသပေးနေတုန်း ဒီကနေ့ ဧပြီ ၁၈ ရက် မနက် ၂ နာရီ ၅၅ မိနစ်မှာ သေဆုံးသွားတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
သေဆုံးရတဲ့အကြောင်းရင်းက ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်း ပျက်စီးတာနဲ့ သွေးတိုးရောဂါအခံ၊ အမျိုးအစား ၂ ဆီးချိုရောဂါတို့ကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
လူနာမှာ ဆီးချိုနဲ့ သွေးတိုးရောဂါအခံလည်း ရှိထားတယ်လို့ ဆိုပါတယ်။
လက်ရှိ ဝေဘာဂီဆေးရုံကြီးမှာ အထူးကြပ်မတ်ကုသပေးနေရသူ သုံးဦး ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
ဧပြီ ၁၈ ရက်မနက် ၈ နာရီကျော်အထိ မြန်မာမှာ ကိုဗစ်အတည်ပြုလူနာ ၉၄ ဦး၊ သေဆုံးသူ ငါးဦး ရှိလာပြီဖြစ်ပြီး ပြန်လည်ကောင်းမွန်လာသူ ၂ ဦးရှိနေပါတယ်။
(၃) လူနာနံပါတ် ၆၄ နဲ့ ထိတွေ့ခဲ့တဲ့ တပ်မတော်အရာရှိနဲ့ စစ်သည်တွေကို အသွားအလာကန့်သတ်စောင့်ကြည့်
ကိုဗစ်၁၉ အတည်ပြုလူနာနံပါတ် ၆၄ နဲ့ ထိတွေ့မှုရှိခဲ့တဲ့ တပ်မတော်က အရာရှိ၊ စစ်သည်နဲ့ မိသားစုဝင်တွေကို အသွားအလာကန့်သတ်စောင့်ကြည့်ထားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။
လူနာနံပါတ် ၆၄ ဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ်မြို့က ဖြစ်ပြီး အင်းစိန်က အတည်ပြုလူနာ နံပါတ် ၃၄၊ ၃၅၊ ၃၆၊ ၃၇ တို့နဲ့ ထိတွေ့မှုရှိခဲ့တဲ့သူဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။
အဲဒီလူနာနံပါတ် ၆၄ ဟာ ရန်ကုန်-ဟဲဟိုး-ကျိုင်းတုံ လမ်းကြောင်းအတိုင်းလေယာဉ်ခရီးသွားရောက်ခဲ့တာဖြစ်ပြီး သူနဲ့အတူ လေယာဉ်တစ်စီးတည်း လိုက်ပါစီးနင်းခဲ့တဲ့ တပ်မတော်အရာရှိ၊ စစ်သည်၊ မိသားစုဝင် ၂၆ ဦးနဲ့ သူတို့နဲ့ ထပ်မံထိတွေ့ခဲ့တဲ့သူ ၁၂ ဦး စုစုပေါင်း ၃၈ ဦးရှိတယ်လို့ ဆိုပါတယ်။
အဲဒီ ၃၈ ထဲက ၃၇ ဦးကို ဧပြီ ၁၂ ရက်ကစပြီး ကျိုင်းတုံက နယ်မြေခံတပ်မတော်ဆေးရုံနဲ့ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းတို့မှာ အသွားအလာကန့်သတ်စောင့်ကြည့်ထားတယ်လို့ ဆိုပါတယ်။
တစ်ဦးကိုတော့ တာလေမြို့ပြည်သူ့ဆေးရုံမှာ Home Quarantine ပြုလုပ်ထားတာဖြစ်ပါတယ်။
တပ်မတော်မှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်ကြည့်ရှုမှုတွေရှိနေပြီး လက်ရှိအချိန်ထိ ကူးစက်သူမတွေ့ရသေးဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားထားပါတယ်။
လူနာနံပါတ် ၆၄ ဟာအသက် ၂၃ နှစ်အရွယ် အမျိုးသားဖြစ်ပြီး သူဟာ စင်ကာပူကနေ ဖေဖော်ဝါရီ ၂၈ ရက်က ပြန်လာသူဖြစ်ပါတယ်။ ရန်ကုန်က အင်းစိန်မှာ သူငယ်ချင်းတွေနဲ့အတူ တစ်ညအိပ်နေထိုင်ခဲ့ပြီး မတ် ၁ ရက်ကစလို့ ကျိုင်းတုံမှာ တစ်ပတ်ကြာနေထိုင်ခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အဲဒီနောက်မတ် ၉ ရက်မှာ ကျိုင်းတုံကနေ မိထ္ထီလာကို ရန်ကုန်ကနေတစ်ဆင့် သွားရောက်ခဲ့ပြီး မိထ္ထီလာက ကျေးရွာတစ်ရွာမှာ ၁၀ ရက်ခန့်နေထိုင်ခဲ့ပါတယ်။ မတ် ၁၈ ရက်မှာ ရန်ကုန်ကိုပြန်ရောက်လာပြီး အင်းစိန်အုပ်စုက အတည်ပြုလူနာတွေဖြစ်တဲ့ နံပါတ် ၃၄၊ ၃၅၊ ၃၆၊၃၇ တို့နဲ့ ဧပြီ ၇ ရက်ထိ အတူနေထိုင်ခဲ့တာဖြစ်ပါတယ်။
ဧပြီ ၈ ရက်မှာ မိုင်းဖြတ်ကို ပြန်ခဲ့ပြီးတဲ့နောက် ဧပြီ ၁၀ ရက်မှာ ဖျားနာပြီးလည်ချောင်းနာတဲ့အတွက် ဆေးခန်းပြရာတစ်ဆင့် ကိုဗစ်၁၉ အတည်ပြုလူနာအဖြစ် စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဧပြီ ၁၈ ရက်မနက် ၈ နာရီအထိ ကိုဗစ်၁၉ အတည်ပြုလူနာ ၈၈ ဦး၊ သေဆုံး ၄ ဦးနဲ့ ပြန်လည်ကောင်းမွန်လာလို့ ဆေးရုံက ဆင်းခွင့်ရသူ ၂ ဦးရှိထားပါတယ်။
လူနာနံပါတ် ၃၊ ၉ နဲ့ ၁၂ တို့ကိုလည်း ဆေးပြန်စစ်ထားရာမှာ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့တော့တဲ့အဖြေထွက်ရှိထားတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
(၄) ဝူဟန်မှာ သေဆုံးသူ ၅၀ ရာခိုင်နှုန်း တိုး
ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ အသွားအလာကန့်သတ်တားမြစ်ထားတာကိုဖြေလျှော့ထားတဲ့နောက် အခုအခါ သေဆုံးနှုန်း ၅၀ ရာခိုင်နှုန်းတက်လာပါတယ်။
မနေ့က ထုတ်ပြန်မှုတွေအရ သေဆုံးတဲ့အရေအတွက် ၁,၂၉၀ ထပ်တိုးလာတဲ့အတွက် ကိုဗစ်၁၉ နဲ့ သေဆုံးတဲ့တရားဝင်အရေအတွက်က ၅၀ ရာခိုင်နှုန်းထိ တက်လာတာဖြစ်ပါတယ်။
ဝူဟန်အာဏာပိုင်တွေက ဒီဗိုင်းရပ်စ်နဲ့ သေဆုံးမှု အစီရင်ခံစာတွေနဲ့ ဆေးရုံပြင်ပသေဆုံးမှုတွေနဲ့ပတ်သက်ပြီး ကိန်းဂဏန်းအသစ်တွေ ထပ်မံထုတ်ပြန်ခဲ့တာ ဖြစ်ပြီး ဒီအပေါ်မှာ တရုတ်အစိုးရအာဏာပိုင်တွေက ကန့်ကွက်တာလည်း မရှိခဲ့တာတွေ့ရပါတယ်။
ဗိုင်းရပ်စ် ဖြစ်ပွားမှု ပြင်းထန်နေတာကို ဖုံးဖိလျှော့ချဖို့ ကြိုးစားတယ်လို့ တရုတ်အာဏာပိုင်တွေ စွပ်စွဲခံထားရချိန်မှာ ခုလို အရင်က ကိန်းဂဏန်းတွေကို ထပ်တိုးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဝူဟန်မြို့ခံ ၁၁ သန်းဟာ ၃ လလောက် နေအိမ်တွေမှာ အသွားအလာကန့်သတ်ပိတ်ပင်ခံထားရပြီး အခုအခါ ဖြေလျှော့ပေးလိုက်ပြီ ဖြစ်ပါတယ်။
ခုနောက်ဆုံးထုတ်လိုက်တဲ့စာရင်းအရ ဝူဟန်တစ်မြို့တည်းမှာ သေဆုံးသူ ၃,၈၆၉ ဦးရှိလာခဲ့ပြီးတစ်နိုင်ငံလုံးမှာ သေသူပေါင်း ၄,၆၀၀ ကျော်အထိ တိုးလာတာဖြစ်ပါတယ်။
မနေ့က ထုတ်ပြန်တဲ့ကြေညာချက်မှာတော့ ဝူဟန်အာဏာပိုင်တွေပြန်လည်ပြင်ဆင်ထားတဲ့သေဆုံးနှုန်းကိန်းဂဏန်းအသစ်တွေဟာ သတင်းရင်းမြစ်ပေါင်းများစွာက ရရှိထားတဲ့အချက်အလက်တွေဖြစ်ပြီး ကိုဗစ်ကြောင့် သေဆုံးသူတွေရဲ့ နာရေးအိမ်တွေနဲ့ အကျဉ်းထောင်လို နေရာတွေက အချက်အလက်တွေပါ ပါဝင်လာတယ်လို့ဆိုပါတယ်။ ဆေးရုံပြင်ပ အိမမှာ ဗိုင်းရပ်စ်နဲ့ ဆက်နွှယ်ပြီးသေဆုံးတဲ့ဖြစ်ရပ်တွေကို အရင်ကမှတ်တမ်းတင်နိုင်ခဲ့တာမရှိဘူးလို့လည်း ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဂျွန်ဟော့ပ်စ်ကင်းတက္ကသိုလ်သုတေသနအရ တရုတ်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၈၄,၀၀၀ ကျော်ရှိပြီး သတ္တမမြောက် ကူးစက်မှုအမြင့်ဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။