လူနာ ၂၄ နဲ့ ထိတွေ့မိသူ စုစုပေါင်း အတည်ပြုလူနာ ၁၇ ဦးထိ ရှိ

ကိုဗစ်လူနာ တရားဟောဆရာနဲ့ ဖေဖော်ဝါရီလဆန်းပိုင်းက ထိတွေ့မှုရှိထားလို့ ဒုသမ္မတကိုလည်း ဆေးစစ်ပေးမှာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU

ဓာတ်ပုံ ပုံစာ, ကိုဗစ်လူနာ တရားဟောဆရာနဲ့ ဖေဖော်ဝါရီလဆန်းပိုင်းက ထိတွေ့မှုရှိထားလို့ ဒုသမ္မတကိုလည်း ဆေးစစ်ပေးမှာဖြစ်ပါတယ်။
ရေးသားခဲ့သည်။

အစိုးရက ဧပြီ ၁၃ ရက်က ထုတ်ပြန်ခဲ့တဲ့ ကိုဗစ်အတည်ပြုလူနာ ၂၁ ဦးအနက် ၁၂ ဦးဟာ လူနာနံပါတ် ၂၄ နဲ့ ထိတွေ့မှုရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလူနာ ၁၂ ဦးထဲက ၁၁ ဦးဟာ လူနာနံပါတ် ၂၄ ၊ လူနာနံပါတ် ၂၆ ရဲ့ ခင်ပွန်းတို့နဲ့ ထိတွေ့မှုရှိခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

လူနာနံပါတ် ၂၄ ဟာ ဘာသာရေးအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့တဲ့ ရာဇဝင်ရှိပြီး သူ့ကို ဧပြီ ၁၀ ရက်မှာ အတည်ပြုလူနာအဖြစ် ထုတ်ပြန်ခဲ့တာပါ။

စတင်ထုတ်ပြန်စဉ်က နေမကောင်းဖျားနာလို့ ဆေးရုံသွားပြရာက စောင့်ကြည့်လူနာအဖြစ် ဓာတ်ခွဲနမူနာယူပြီး ဆေးစစ်ခဲ့ရာက အတည်ပြုလူနာဖြစ်ခဲ့တယ်လို့ပဲ ပါဝင်ခဲ့ပါတယ်။

အဲဒီနောက် သူ့နောက်မှာ ထပ်တွေ့လာတဲ့ လူနာတွေထဲက လူနာနံပါတ် ၄၁ ရဲ့ ရာဇဝင်ထုတ်ပြန်ချက်မှာတော့ လူနာနံပါတ် ၂၄ နဲ့ပတ်သက်တာ စတင်ပါဝင်လာတာတွေ့ရပါတယ်။

အင်းစိန်မြို့နယ်ထဲက လူနာနံပါတ် ၄၁ အပါအဝင် တစ်အိမ်တည်းအတူနေထိုင်တဲ့ လူနာ နံပါတ် ၃၄၊ ၃၅၊ ၃၆ နဲ့ ၃၇ တို့ ငါးဦး တက်ရောက်ခဲ့တဲ့ ဘာသာရေးအခမ်းအနားကို လူနာနံပါတ် ၂၄ လည်း တက်ရောက်ခဲ့တဲ့ ရာဇဝင်ရှိတယ်လို့ ဧပြီ ၁၃ ရက်ထုတ်ပြန်ချက်မှာ ပါဝင်လာတာဖြစ်ပါတယ်။

အဲဒါကြောင့် ဘာသာရေးပွဲကနေတစ်ဆင့် သူနဲ့ ထိတွေ့မိသူဟာ ဧပြီ ၁၃ ရက်နေ့အထိ ၅ ဦး ရှိခဲ့ပါတယ်။

တစ်ခါ ဒီကနေ့ ဧပြီ ၁၄ ရက် ညနေပိုင်းမှာတော့ အစိုးရထုတ်ပြန်ချက်အရ အသစ်ထပ်တိုးလာတဲ့ လူနာနံပါတ် ၄၂ ကနေ ၅၂ အထိ စုစုပေါင်း ၁၁ ဦးဟာ လူနာနံပါတ် ၂၄ ၊ ၂၆ တို့ရဲ့ခင်ပွန်းနဲ့ ထိတွေ့မှုရှိတယ်လို့ ပါရှိထားပါတယ်။

ဒါ့အပြင် လူနာနံပါတ် ၆၂ ဟာ ၂၄ တစ်ဦးတည်းနဲ့ ထိတွေ့မှုရှိတယ်လို့ အဲဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါကြောင့် စင်ကာပူကပြန်လာပြီး ဘာသာရေးအခမ်းအနားကို တက်ခဲ့တဲ့ လူနာ နံပါတ် ၂၄ နဲ့ ထိတွေ့ခဲ့သူ ကိုဗစ်အတည်ပြုလူနာဟာ စုစုပေါင်း ၁၇ ဦးထိ ရှိနေတာဖြစ်ပါတယ်။

လူနာနံပါတ် ၂၄ ဘယ်သူလဲ

လူနာနံပါတ် ၂၄ ဟာ မရမ်းကုန်းမြို့နယ်မှာ နေထိုင်သူ အသက် ၃၂ နှစ်အရွယ် အမျိုးသား ဖြစ်ပြီး သူဟာ စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

လူနာ ၂၄ ဟာ မတ်လ ၁၉ ရက်က စင်ကာပူကနေ ပြန်လာခဲ့သူဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOHS

ဓာတ်ပုံ ပုံစာ, လူနာ ၂၄ ဟာ မတ်လ ၁၉ ရက်က စင်ကာပူကနေ ပြန်လာခဲ့သူဖြစ်ပါတယ်။

မတ်လ ၁၉ ရက်မှာ စင်ကာပူကနေ ပြန်ရောက်လာခဲ့ပြီးတဲ့နောက် ဧပြီ ၁ ရက်မှာ ဖျားခြင်း၊ မောပန်းခြင်း တို့ ခံစားခဲ့ရပြီး ဧပြီ ၆ ရက်မှာ လည်ချောင်းနာခြင်းနဲ့ ချောင်းဆိုးခြင်း တို့ ဖြစ်ပွားခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၁၀ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

သူက ဧပြီ ၈ ရက်မှာ မရမ်းကုန်းမြို့နယ်၊ ဒေသန္တရကျန်းမာရေးဌာနကို သွားပြခဲ့ပြီးနောက် အဲဒီကနေ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပြီး စောင့်ကြည့်လူနာအဖြစ် ဓာတ်ခွဲနမူနာ ယူပြီး ဆေးစစ်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ ရောဂါဖြစ်စေတဲ့လူစုလူဝေးပြုလုပ်မှုနဲ့ အခုအမှုဖွင့်ခံရတဲ့ ကိုဗစ်အတည်ပြုလူနာ တေးသံသွင်းပိုင်ရှင်ရဲ့ တူတော်စပ်သူလို့ သိရပါတယ်။

ဘာသာရေးအခမ်းအနားကို ဘယ်လိုကျင်းပခဲ့လဲ

ဘာသာရေးအခမ်းအနားကတော့ တရားဟောဆရာတစ်ဦး ဦးဆောင်ကျင်းပတာဖြစ်ပြီး အဲဒီအခမ်းအနားကို မူလက လူနှစ်ထောင်လောက်နဲ့ ကျင်းပဖို့ စီစဉ်ထားပေမယ့် လူစုလူဝေးမလုပ်ဖို့ အစိုးရက ထုတ်ပြန်ခဲ့တာကြောင့် တရားပွဲကို live streaming ပုံစံနဲ့ လွှင့်ခဲ့တာ ဖြစ်တယ်လို့ အဲဒီတရားပွဲကို တက်ရောက်ခဲ့တဲ့ အဆိုတော်နီတာက ဘီဘီစီကိုပြောပါတယ်။

သူဟာ ဧပြီ ၁၄ ရက်မှာ အင်းစိန်ပြည်သူ့ဆေးရုံကို ရောက်ရှိပြီး ကွာရန်တင်း စဝင်နေပြီဖြစ်ပါတယ်။

အဲဒီလိုက်ဖ်အခမ်းအနားကို မတ် ၁၆ ရက်ကနေ ဧပြီ ၆ ရက်အထိ ကျင်းပခဲ့တာဖြစ်ပြီး အဲဒီရက်တွေအတွင်း နီတာကတော့ မတ်လ ၂၉ ရက်တစ်ရက်တည်း သွားရောက်ခဲ့တယ်လို့ ဘီဘီစီကိုပြောပါတယ်။

သူဟာ အဲဒီအခမ်းအနားတက်ပြီးတဲ့နောက် ဧပြီ ၁ ရက်မှာ အပြင်းအထန်ဖျားပြီး နေမကောင်းဖြစ်ခဲ့တဲ့အတွက် ဆေးခန်းနှစ်ရက်လောက်ပြခဲ့ပြီး ဆေးထိုးခဲ့တယ်လို့ ဆိုပါတယ်။

သူတို့အဖွဲ့တွင်းက လူနာနံပါတ် ၂၄ မှာ ခုလို ဗိုင်းရပ်စ်ရှိကြောင်းသိရပြီးတဲ့နောက် သတိထားနေထိုင်မိခဲ့ပြီး မနေ့က အစိုးရထုတ်ပြန်တဲ့အထဲ တရားဟော ဆရာနဲ့ သူတို့ထဲက တချို့ ဆေးစစ်ချက်အဖြေတွေပါဝင်တာကြောင့် အစိုးရကို ဆက်သွယ်ပြီး အခုလို ကွာရန်တင်းဝင်ဖို့ ဆုံးဖြတ်တာဖြစ်တယ်လို့ နီတာက ဧပြီ ၁၄ ရက် နေ့လယ်ပိုင်းမှာ ပြောပါတယ်။

"ဧပြီ ၁ ရက်ကနေ ၈ ရက်အထိ ဖျားပါတယ်။ ခုတော့နည်းနည်းသက်သာပါပြီ။ အဖျားကတော့ ရှိပါသေးတယ်။အခုအင်းစိန်ဆေးရုံကို ရောက်ပါပြီ။ ဆေးစစ်ဖို့လည်း စီစဉ်ပေးထားပါပြီ။ အခန်းနံပါတ် ၆ မှာနေရပါတယ်။ ကျွန်တော်နဲ့အတူ ထိတွေ့မိသူ တစ်ယောက်နဲ့ တစ်ခန်းထားပါတယ်။ ကျွန်တော်ဖျားတုန်းက ပြခဲ့တဲ့ သာကေတဆေးခန်းကိုလည်း အကြောင်းကြားမှာပါ။ စဖျားတည်းက သီးသန့်နေခဲ့တဲ့အတွက် ကျွန်တော်နဲ့ ထိတွေ့မိသူအများကြီးမရှိပါဘူး" လု့ိ နီတာကပြောပါတယ်။

တကယ်တော့ အဲဒီတရားပွဲကို လူနှစ်ထောင်လောက်နဲ့ မူလက ကျင်းပဖို့စီစဉ်ခဲ့ပေမယ့် အစိုးရက မတ် ၁၃ ရက်နေ့မှာ လူစုလူဝေးမလုပ်ဖို့ ညွှန်ကြားလိုက်တဲ့အတွက် အစီအစဉ်ကို ဖျက်သိမ်းပြီး နေအိမ်မှာပဲ တရားဟောပြောချက်တွေကို တစ်ကမ္ဘာလုံးက ဘာသာဝင်တွေ နာယူနိုင်အောင် အပြင်ပရိသတ်မပါဘဲ လူ ၂၀ လောက်နဲ့ လိုက်ဖ်လွှင့်ခဲ့တာဖြစ်တယ်လို့ နီတာက ရှင်းပြပါတယ်။

လူနာနံပါတ် ၂၆ နဲ့ ဘယ်လိုဆက်စပ်သလဲ

လူနာနံပါတ် ၂၆ ဟာ လှိုင်သာယာမြို့နယ်က အသက် ၅၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပတ်အတွင်း ခရီးသွားရာဇဝင်မရှိထားဘူးလို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ သူ့ရဲ့ခင်ပွန်းသည်ဟာ စင်ကာပူက ပြန်လာသူ (လူနာနံပါတ် ၂၄) နဲ့ ထိတွေ့မှုရှိခဲ့သူဖြစ်ပြီး နေမကောင်းဖြစ်ခဲ့ပေမယ့် နောက်ပိုင်း ပြန်လည်ကောင်းမွန်သွားတယ်လို့ လှိုင်သာယာပြည်သူ့ဆေးရုံက တာဝန်ရှိသူတွေက ဆိုပါတယ်။

လူနာနံပါတ် ၂၆ ကတော့ သွေးတိုးနဲ့ ဆီးချိုရောဂါအခံရှိပြီး ယခုအခါ ဝေဘာဂီဆေးရုံရဲ့ အထူးကြပ်မတ်ကုသခန်းထဲမှာ ထားရှိ ကုသပေးနေရပေမယ့် ကျန်းမာရေးအခြေအနေ တည်ငြိမ်တယ်လို့ အဲဒီဆေးရုံအုပ်ကြီး ဒေါက်တာအေးအေးအောင်က ဘီဘီစီကိုပြောပါတယ်။

အင်းစိန်က အတည်ပြုလူနာတွေနဲ့ ဘယ်လိုဆက်စပ်လဲ

အင်းစိန်တစ်မြို့နယ်ထဲမှာ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၁၄ ဦးထိ ရှိလာပါတယ်။

အဲဒီထဲက ၁၁ ယောက်ဟာ ဘာသာရေးအခမ်းအနားတက်ရောက်သူတွေနဲ့ ဆက်စပ်နေပါတယ်။

အဲဒီ လူနာ နံပါတ် ၃၄၊ ၃၅၊ ၃၆ ၊ ၃၇၊ ၄၁ တို့ဟာ နိုင်ငံခြားသားတွေတက်ရောက်တဲ့ ဘာသာရေးအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ပြီးဧပြီ ၁၀ ရက်က ပိုးတွေ့ရှိကြောင်း အစိုးရထုတ်ပြန်ခဲ့တဲ့ လူနာ နံပါတ် ၂၄ ဟာလည်း ဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့ ရာဇဝင်ရှိတယ်လို့ လို့ အစိုးရက သတင်းထုတ်ပြန် ထားပါတယ်။

အင်းစိန်မြို့နယ် ကျန်းမာရေးဦးစီးဌာနက ဆရာဝန်ကြီး ဒေါက်တာ နော်သန္တာဆွေကတော့ ဒီလူနာ ငါးဦးထဲက တစ်ဦးဟာ ၈ မိုင်ဘက်မှာပြုလုပ်တဲ့ ဘာသာရေးဝတ်ပြုမှုတစ်ခုကို သွားထားတာရှိတယ်လို့ သိရပြီး အင်းစိန်မှာကတော့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဝတ်ပြုမှုတွေလုပ်တာရှိတယ်လို့ သိထားကြောင်း ဘီဘီစီကို ဧပြီ ၁၃ ရက်နေ့တည်းက ဖြေကြားထားပါတယ်။

လူနာ ၃၄ ကနေ ၃၇ ထိဟာ တစ်အိမ်တည်းအတူနေကြသူတွေပါ။

ဓာတ်ပုံ ရင်းမြစ်, MOHS

ဓာတ်ပုံ ပုံစာ, လူနာ ၃၄ ကနေ ၃၇ ထိဟာ တစ်အိမ်တည်းအတူနေကြသူတွေပါ။

အရှေ့ကြို့ကုန်းရပ်ကွက်မှာရှိတဲ့ ကျမ်းစာသင်ကျောင်းလမ်းက လူနာနံပါတ် ၃၄၊ ၃၅၊ ၃၆ ၊ ၃၇ တို့ဟာ တစ်အိမ်တည်းအတူနေသူတွေဖြစ်ပြီး သူတို့အားလုံးဟာ ဧပြီ ၈ ရက်နေ့မှာ စတင်ဖျားနာလာလို့ အင်းစိန်ဆေးရုံကိုသွားပြရာကနေ အားလုံး ကိုဗစ်အတည်ပြုလူနာအဖြစ် စစ်ဆေးတွေ့ရှိထားပါတယ်။

လူနာနံပါတ် ၄၁ ဟာလည်း သူတို့နဲ့ နီးစပ်သူတွေဖြစ်ပြီး ဧပြီ ၆ ရက်မှာစတင်ဖျားနာပြီးတဲ့နောက် ဧပြီ ၁၂ ရက်မှာ အင်းစိန်ဆေးရုံကို ပြသခဲ့ပြီးတဲ့နောက် ကိုဗစ်အတည်ပြုလူနာအဖြစ် တွေ့ရှိထားပါတယ်။

အသက်အငယ်ဆုံး ၇နှစ်အရွယ်ကလေးငယ်ဟာ သင်းအုပ်ဆရာရဲ့ သမီးလို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOHS

ဓာတ်ပုံ ပုံစာ, အသက်အငယ်ဆုံး ၇နှစ်အရွယ်ကလေးငယ်ဟာ သင်းအုပ်ဆရာရဲ့ သမီးလို့ သိရပါတယ်။

ဒီငါးဦးလုံးကနေ ဆက်လက်ထိတွေ့မိသူ စုစုပေါင်း ၈ ဦး ထပ်ရှိခဲ့တယ်လို့ အစိုးရထုတ်ပြန်ချက်က ဆိုပါတယ်။

အဲဒီရှစ်ဦးကတော့ လူနာနံပါတ် ၅၄၊ ၅၅၊ ၅၆၊ ၅၇၊၅၈၊ ၅၉၊ ၆၀ နဲ့ ၆၁ တို့ ဖြစ်ပြီး အသက် ၇ နှစ်အရွယ် မိန်းကလေးဟာ ဒီရှစ်ဦးထဲမှာ ပါဝင်နေပါတယ်။

မြန်မာမှာ ဧပြီ ၁၄ ရက် ညနေပိုင်းအထိ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၂ ဦးရှိပြီး လေးဦးသေဆုံး၊ ၂ ဦး ပြန်လည်ကောင်းမွန်လာပြီးဖြစ်လို့ သူတို့ကို နောက်ထပ် ၁၄ ရက်ကြာ သီးသန့်စောင့်ကြပ်ကြည့်ရှုထားပါတယ်။ ကျန်သူတွေထဲက ၄၉ ဦးကို ဝေဘာဂီဆေးရုံကြီးမှာ ကုသမှုပေးနေပါတယ်။

အဲဒီနောက် တီးတိန်မှာ သုံးဦး၊ လားရှိုး၊မော်လမြိုင်၊ မကွေး၊ တောင်ကြီးတို့မှာ တစ်ဦးစီ ကုသပေးနေပါတယ်။

လူနာ ၆၂ ဦးမှာ အသက်အငယ်ဆုံးက အင်းစိန်က ခုနစ်နှစ်အရွယ် သမီးငယ်ဖြစ်ပြီး သူဟာ သင်းအုပ်ဆရာရဲ့ သမီးလို့လည်း သိရပါတယ်။ လူနာ ၆၂ ဦးထဲမှာ အသက် ၁၀ နှစ်အရွယ်နဲ့ ၈ နှစ်အရွယ် ကလေးနှစ်ဦး ရှိပြီးဖြစ်လို့ လူနာနံပါတ် ၅၄ နဲ့ဆို ကလေးသုံးဦးထိရှိလာပါတယ်။