ကပ်ရောဂါအချိန်မှာ စစ်ဘေးကြောင့် အရပ်သားတွေသေနေရ၊ တစ်ရက်တည်းပိုးတွေ့သူအရေအတွက်စံချိန်တင်မြင့်တက်၊ ကိုဗစ်အကြောင်းပြု ပေါ်ပေါက်လာတဲ့လူမှုရေးပြဿနာတွေ အပါအဝင် တစ်ပတ်အတွင်း ဘာတွေဖြစ်ခဲ့လဲ

ရေးသားခဲ့သည်။

လှုပ်လှုပ်ခတ်ခတ်အဖြစ်ဆုံးသတင်းတွေကတော့ ကပ်ရောဂါအန္တရာယ်ကြားမှာပဲ ရခိုင်မှာ ပြင်းထန်နေတဲ့တိုက်ပွဲတွေအတွင်း အရပ်သား ဆယ်ဦးကျော် သေဆုံးရတာ၊ တစ်ခါ ကိုဗစ်နိုင်တင်းအကြောင်းပြု ပေါ်ပေါက်လာတဲ့ လူမှုရေး ပြဿနာတွေ၊ တစ်ရက်တည်း ပိုးတွေ့ရှိသူ ငါးဦးထိရှိခဲ့တဲ့ နောက် ကန့်သတ်မှုတွေစတင်ခဲ့ပြီး အခြေခံစားသောက်ကုန်ပေးဝေရာမှာ လူစုလူဝေးတွေဖြစ်ပေါ်ခဲ့တဲ့အကြောင်းတွပဲ ဖြစ်ပါတယ်။

ခပ်ခွာခွာနေဖို့ နှိုးဆော်ချက်နဲ့ စီမံအုပ်ချုပ်မှုအလွဲတွေ

ကိုဗစ်နဲ့ ဆိုင်တဲ့သတင်းတစ်ပုဒ်ကတော့ သင်္ကြန်ပိတ်ရက်အတွင်း အိမ်ထဲမှာနေကြဖို့ ညွှန်ကြားထားတဲ့အတွက် ပုံမှန်ဝင်ငွေမရှိသူတွေကို အစိုးရက အခြေခံစားသောက်ကုန်တွေ ထောက်ပံ့ခဲ့ပါတယ်။

တစ်ခါမှမလုပ်ဖူးတဲ့စီမံကိန်းကြီးလို့ အတိုင်ပင်ခံက ဆိုခဲ့ပြီး ရိက္ခါ ဖြန့်ဖြူးရေးအစီအစဉ် အောင်မြင်ဖို့ ၊ စေတနာဟာ ဝေဒနာ မဖြစ်ရအောင်၊ စည်းစနစ်နဲ့ လောဘ ဒေါသတွေကို ဟန့်တားပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။ အဲဒီနောက်ဒီထောက်ပံ့မှုကို တချို့ဒေသတွေမှာ မယူဘဲ နိုင်ငံတော်ကိုပြန်လှူတာ တွေရှိခဲ့သလို အစိုးရက လျှော့ပေးတဲ့ မီတာခတွေကိုလည်း တချို့က ပြန်လည်လှူဒါန်းခဲ့တာတွေရှိခဲ့ပါတယ်။

ဒါပေမဲ့ ဒေသတချို့မှာတော့ ပုံမှန်ဝင်ငွေမရှိသူဆိုတဲ့ အစိုးရသတ်မှတ်ချက်အပေါ် စောဒကတက်တာတွေရှိခဲ့ပြီး ဒေသန္တရအာဏာပိုင်တွေနဲ့ ဒေသခံ တွေကြား အငြင်းပွားတဲ့ ဗီဒီယိုဖိုင်တချို့လည်း လူမှုကွန်ရက်ကို ပျံ့နှံ့လာခဲ့ပါတယ်။

ဒါ့အပြင် ဗိုင်းရပ်စ်ကြောင့် လူတွေခပ်ခွာခွာနေကြဖို့ အရေးတကြီးနှိုးဆော်နေကြချိန်မှာ စားသောက်ကုန်တွေဝေလာတဲ့ လာတန်းစီယူတဲ့ လူအုပ်စုလိုက်ပုံ တွေ ထွက်ပေါ်လာခဲ့ပြီး စီမံသူတွေအပေါ် ဝေဖန်ပြောကြားတာတွေလည်း ရှိခဲ့ပါတယ်။

အဲဒီလို လူအုပ်စုလိုက်ကြီးဖြစ်စေတဲ့ စီမံခန့်ခွဲသူတွေကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ သတိပေး ရေးသားခဲ့ပါတယ်။

"ပုံမှန်ဝင်ငွေ မရှိတဲ့ ကျွန်မတို့ အခြေခံလူတန်းစား ပြည်သူတွေ အတွက် ရိက္ခာဖြန့်ဖြူးရေး လုပ်ငန်း မနေ့ကစတင် ဆောင်ရွက် လိုက်ပါတယ်။ ပြည်သူ တွေ၊အစိုးရပိုင်း၊ အုပ်ချုပ်ရေးပိုင်း၊ အားလုံး ဝိုင်းဝန်းလုပ်ကိုင် ကြလို့ အားရစရာပါ။ ဒါပေမဲ့ COVID ကာကွယ်ရေး အတွက် ချမှတ် ထားတဲ့ စည်းမျဉ်းတွေအတိုင်း မလိုက်နာတဲ့ ဖြစ်ရပ်လေးတွေကြောင့် ဝေဖန်စရာ ဖြစ်ရ ပါတယ်။ ဒီလိုထပ်မဖြစ်ရအောင် စီမံခန့်ခွဲသူများ အထူး ဂရုစိုက်ပါ။ ဘယ်သူမျှ၊ (ဝန်ကြီးချုပ်များ အပါ အဝင်) COVID မပြီးပါဘူး၊ ရောဂါကူးနိုင်ပါတယ်။ အားလုံးစည်းကမ်း လိုက်နာကြပါ" လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

ပိုးစတွေ့ခဲ့တဲ့မတ်လ ၂၃ ကနေ ဧပြီ ၁၁ ရက်အထိသုံးပတ်အတွင်း ပိုးတွေ့လူနာ ၃၈ ဦးရှိပြီး ဧပြီ ၁၁ ရက်တစ်ရက်တည်းမှာပဲ ပိုးတွေ့လူနာ ၁၀ ဦးထိ တက်လာခဲ့ပါတယ်။

ဒီလူနာတွေထဲက သုံးဦးသေဆုံးပြီး နှစ်ဦးက ပိုးမတွေ့လို့ဆေးရုံက ဆင်းခွင့်ရထားပါတယ်။ ကျန် ၂၈ ဦးကတော့ ဝေဘာဂီဆေးရုံမှာတက်ရောက်ကုသနေပြီး တီးတိန်မှာ နှစ်ဦး၊ စဝ်စံထွန်းဆေးရုံနဲ့ လားရိုးဆေးရုံတို့မှာ တစ်ဦးစီ တက်ရောက်နေပါတယ်။

စစ်ဘေးကြောင့် တစ်ပတ်အတွင်း အရပ်သား ၁၁ ဦးသေဆုံး

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်နိုင်တင်း အန္တရာယ် ရှိနေတဲ့ကြားမှာပဲ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်တွေမှာ တပ်မတော်နဲ့ အေအေတို့ကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။

ဧပြီလ ၇ ရက်မှာ ပလက်ဝမြို့နယ်၊ နန်းချောင်းဝကျေးရွာထဲကို ရဟတ်ယောဉ်ပေါ်က ပစ်ခတ်လို့ ချင်းလူမျိုး ၇ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရခဲ့တယ်လို့ ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီက ထုတ်ပြန်ထားပါတယ်။

လဆန်းပိုင်းကလည်း ကျောက်တော်မှာ ပစ်ခတ်မှုတွေဖြစ်ပွားပြီး အရပ်သားငါးဦးသေဆုံးခဲ့တယ်လို့ ဒေသခံလွှတ်တော်အမတ်တွေက ပြောထားပါတယ်။

မြန်မာမှာ ကိုဗစ်နိုင်တင်းဗိုင်းရပ်စ် စတွေ့တဲ့ မတ် ၂၃ ကနေ ဧပြီ ၁၁ အထိ ကပ်ရောဂါကြောင့် သေဆုံးသူ ၃ ဦးရှိနေချိန်မှာပဲ စစ်ဘေးကြောင့် ဆယ်ရက်အတွင်းသေဆုံးသူက ဆယ်ဦးကျော် ရှိနေတာပါ။

ဒါပေမဲ့ဗိုင်းရပ်စ်သတင်းတွေကြား စစ်ဘေးကြောင့် အရပ်သားတွေထိခိုက်သေကြေရတဲ့ကိစ္စက အလေးထားခံရတဲ့အနေအထားမရှိဘူးလို့ စစ်ရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

ကပ်ဆိုက်နေအချိန်မှာ ကမ္ဘာတစ်ဝန်း လက်နက်ကိုင်အဖွဲ့တွေအားလုံးအပစ်အခတ်ရပ်စဲထားဖို့ ကုလအတွင်းရေးမှူးချုပ်ရဲ့ တိုက်တွန်းထားပါတယ်။ ဒါကို လိုက်နာဖို့ အမေရိကန်၊ ပြင်သစ်၊ ဂျာမနီနဲ့ ဥရောပ သမဂ္ဂ အပါအဝင် နိုင်ငံပေါင်း ၂၀ က သံအမတ်ကြီးတွေက ပူးတွဲကြေညာချက်ထုတ်ပြန်ထားပါတယ်။

အဲဒီလို တိုက်ပွဲတွေပြင်းထန်ချိန်မှာပဲ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၀ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အေအေအဖွဲ့အပါအဝင် ညီနောင်မဟာမိတ် (၃) ဖွဲ့က Covid-19 ရောဂါနဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေ အနှောင့်အယှက် မဖြစ်စေဖို့ ဧပြီလ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့ အထိ တစ်ဖတ်သက်အပစ်ရပ်ကြောင်း ကြေညာချက်ဟာ ၎င်းတို့၏ နိုင်ငံရေး အကျိုး အမြတ်အတွက်မှလွဲ၍ ဘာကိုမှ အကျိုးမပြုကြောင်းလို့ ပါရှိပါတယ်။

ဒါ့အပြင် ရခိုင်မှာ အင်တာနက်ဖြတ်တောက်ထားတဲ့ဒေသတွေမှာ အေအေက သူတို့ရဲ့ စစ်ရေးနဲ့နိုင်ငံရေးအကျိုးအမြတ်အတွက် အင်တာနက်ကို အလွဲသုံးစား လုပ်နေတာတားဆီးဖို့ဖြစ်ကြောင်း၊ ရခိုင်က ပဋိပက္ခဖြစ်နေတဲ့ဒေသတွေမှာ ကိုဗစ်ကူးစက်ပြန့်ပွားမှုကြောင့် ပိုမိုဆိုးရွားလာနိုင်တဲ့အတွက် အစိုးရက နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးအပ်နိုင်ရေး ဆောင်ရွက်ခွင့်ပြုထားကြောင်းနဲ့ ပလက်ဝမြို့နယ်တွင်း တိုက်ပွဲကြောင့် ထိခိုက်ခံသူများကို စားနပ်ရိက္ခာထောက်ပံ့ရေး ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကို ခွင့်ပြုခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ဧပြီ ၁၀ ရက် မှာ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ရခိုင်မြောက်ပိုင်းနဲ့ ချင်းမှာတော့တိုက်ပွဲတွေက နေ့စဉ်လိုလိုဖြစ်နေတာနဲ့ပတ်သက်ပြီး မြောက်ဦးစစ်တမ်းရေးသားခဲ့တဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက အခုလိုပြောပါတယ်။

အေအေနဲ့တိုက်ပွဲတွေပြင်းထန်လာတာ တစ်နှစ်ကျော်နေပြီဖြစ်ပြီး မနှစ်ကတော့ တရုတ်ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ လေးငါးခြောက်ကြိမ်ခန့် တွေ့ဆုံမှုရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

"ဒါပေမဲ့ ဒီနှစ်မှာ ဆိုးတာက ကြားက ဝင်စေ့စပ်ပေးတဲ့ တရုတ်ကလည်း ကိုဗစ်နိုင်တင်းနဲ့ အလုပ်ရှုပ်နေတော့ စေ့စပ်ညှိနှိုင်းပေးမယ့်သူမရှိဘူး။ ပြဿနာက ကျွန်တော်တို့အချင်းချင်း ဘယ်လိုညှိနှိုင်းကြမလဲဆိုတာပဲ။ ဒါပေမဲ့ အခုတွေ့နေရတာက တစ်ဖက်နဲ့တစ်ဖက် အပြစ်တင်နေကြတာချည်းပဲ။ ပိုဆိုးတာက မြန်မာပြည်မှာ ကိုဗစ်နိုင်းတင်း စတွေ့တဲ့နေ့မှာပဲ အေအေကို အကြမ်းဖက်အဖြစ် ကြေညာလိုက်တော့ ပြဿနာက ပိုပြီးတော့ ဆိုးသွားတယ်ထင်ပါတယ်"လို့ သူက ပြောပါတယ်။

နောက်ပြီး အန်အယ်လ်ဒီအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဧပြီ ၁၀ ရက် နေ့စွဲနဲ့ ကြေညာချက်အရဆိုရင် စစ်ပွဲက ပိုပြင်းထန်မယ့်သဘောရှိတယ်လို့ ဦးမောင်မောင်စိုးက ပြောပါတယ်။

"ရခိုင်မှာဖြစ်တဲ့တိုက်ပွဲတွေမှာ တပ်မတော်သာတင်မကဘူး။ အန်အယ်လ်ဒီအစိုးရသည်လည်းပဲ တစ်သဘောထားတည်းပဲ ဆိုတဲ့အဓိပ္ပာယ်မျိုး တွေ့ရတယ်။ အမေရိကန်တို့ ကုလသမဂ္ဂတို့ အဖွဲ့အစည်းတွေ ဘယ်လိုပင်တိုက်တွန်းပါစေ။ ပြည်တွင်းက ငြိမ်းချမ်းရေးလိုလားသူတွေ ဘယ်လိုပဲ တိုက်တွန်းပါစေ။ လက်ရှိတပ်မတော်သဘောထား၊ အစိုးရသဘောထား၊ အေအေရဲ့ သဘောထား ညှိနှိုင်းလို့မရရင်တော့ ပိုပြီး ပြင်းထန်လာဦးမယ့်သဘောရှိမယ်ထင်တယ်။ အရပ်သားထိခိုက်သေဆုံးမှုမြင့်နေတာတော့အမှန်ပဲ။ အခုချိန်မှာ စစ်ပွဲတွေလည်း မြင့်နေတယ်ဆိုရင် တစ် က စစ်စရိတ်တွေမြင့်နေမယ်။ နှစ် ကိုဗစ်နိုင်းတင်းရောဂါပြန့်ပွားမှုနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝတို့မှာ လုပ်ဖို့ ခဲယဉ်းလိမ့်မယ်။ ဒါပေမဲ့ နှစ်ဖက်လုံးက မလျှော့နိုင်တော့ ပိုဆိုးတယ်" လို့ ဦးမောင်မောင်စိုးကပြောပါတယ်။

ရခိုင်လက်နက်ကိုင်အဖွဲ့ အေအေကို အကြမ်းဖက်အုပ်စုနဲ့မတရားအသင်းအဖြစ်အစိုးရကကြေညာပြီးတဲ့နောက်ပိုင်း တိုက်ပွဲတွေ ဆက်တိုက် ပိုပြီး ပြင်းထန်လာနေပါတယ်။ အရပ်သားတွေ ထိခိုက်သေဆုံးရမှုနဲ့ ရဟတ်ယာဉ်ပေါ်က ပစ်ခတ်မှုတွေကြောင့်လို့ ပြောကြားချက်တွေအပေါ် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

"ကျောက်တော်ဘက်မှာတော့ လေယာဉ်၊ ရဟတ်ယာဉ်သုံးခဲ့တာမရှိဘူး။ ပလက်ဝဘက်မှာတော့ မြို့လုံခြုံရေးဆောင်ရွက်နေတဲ့ စစ်ကြောင်းတွေက ရဟတ်ယာဉ်သုံးခဲ့တာတော့ရှိတယ်။ အဲဒီမှာ ရဟတ်ယာဉ်ကြောင့် သေတယ်လို့တော့ စွပ်စွဲလို့မရဘူး။ အဲဒီမှာ ဖြစ်တဲ့အခါမှာ အေအေဘက် ကလည်းပစ်ခတ်တယ်။ ဒီဘက်ကလည်းပစ်ခတ်တယ်။ နှစ်ဖက်လုံးပစ်ခတ်တဲ့အခြေအနေမျိုးဖြစ်ပါတယ်။ တပ်မတော်ဘက်ကတော့ ရှင်းရှင်းလေးပဲ။ ခုနက ဖြစ်တဲ့ ဖြစ်စဉ်နှစ်ခုပဲ ထောက်ပြမယ်။ တပ်မတော်က စပြီးလုပ်ခဲ့တာမရှိဘူး။ တပ်မတော် က စတင်ပစ်ခတ်ခဲ့တာလည်းမရှိဘူး။ အပစ်အခတ်ရပ်စဲခြင်းမရပ်စဲခြင်းက စာရွက်ပေါ်မှာလုပ်ခြင်းထက် လက်တွေ့မြေပြင်မှာက ပိုပြီး အဓိက ကျမယ်ထင်တယ်။ စာရွက်ပေါ်မှာ အပစ်အခတ်ရပ်စဲတယ်ပြောပြီးတော့ မြို့ရွာလုံခြုံရေး ဆောင်ရွက်နေတာတွေကို မိုင်းထောင်မိုင်းဆွဲတိုက်ခိုက်နေရင်တော့ ထိတွေ့တိုက်ပွဲတွေဖြစ်နေဦးမှာပဲလို့ ကျွန်တော်ပြောချင်တယ်" လို့ ဆိုပါတယ်။

သေဆုံးမှုတချို့ရှိခဲ့တဲ့ ကိုဗစ်နိုင်းတင်းအကြောင်းပြုလူမှုရေးပြဿနာတွေ

တစ်ခါ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပေါ်ပေါက်လာတဲ့ လူမှုရေးပြဿနာတွေကြောင့် အသက်ဆုံးရတဲ့အထိ ခိုက်ရန်ဖြစ်ပွားမှုတွေ ရှိခဲ့ပါတယ်။

ကြို့ပင်ကောက်မြို့နယ်မှာ ဧပြီ ၄ ရက်က တည်းခိုခန်းတစ်ခုမှာ ကိုဗစ်နိုင်တင်းသံသယရှိတယ်ဆိုတဲ့သတင်းအရ ရပ်ကွက်တာဝန်ရှိသူတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ သွားရောက်စစ်ဆေးတဲ့ကိစ္စအပေါ် တည်းခိုခန်းပိုင်ရှင်ကမကျေနပ်ရာကတစ်ဆင့် လူသတ်မှုဖြစ်ပွားခဲ့ပါတယ်။

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ထဲကကိုဗစ်စောင့်ကြည့်ရေးစခန်းမှာလည်း ဧပြီ ၆ ရက်က ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ တိုင်းလွှတ်တော်အမတ်တို့ စကားများရန်ဖြစ်တိုက်ခိုက်ခဲ့တာကြောင့် အပြန်အလှန်အမှုဖွင့်တရားစွဲဆိုတာတွေရှိနေပါတယ်။

ဒီကိစ္စတွေဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

ဒါ့အပြင် ၁၄ ရက်စောင့်ကြည့်တာကိုမခံချင်လို့ ထွက်ပြေးပုန်းရှောင်သူတချို့ရှိလာပါတယ်။ မွန်ပြည်နယ်မှာဆိုရင် ထိုင်းကပြန်လာတဲ့အထဲ က ခရီးသွား ရာဇဝင်ကို အတိအကျမပြောဘဲ စောင့်ကြည့်မှုကို ရှောင်လွှဲတဲ့အထဲက နေမကောင်းဖြစ်ပြီး သေဆုံးသူတချို့ရှိခဲ့တဲ့အပေါ် ပြည်နယ်လွှတ်တော် အမတ်တွေ က ဝေဖန်ခဲ့ကြပါတယ်။

ဒီတော့ ဒီလိုလူမှုရေးပြဿနာတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်ပါသလဲ။ လူမှုသဟဇာတဖော်ဆောင်ရေးအဖွဲ့ တည်ထောင်သူ ကိုသက်ဆွေဝင်းက အခုလိုအကြံပြုပါတယ်။

"စားစရာဘာညာဝေတာ ကျွန်တော်တို့လက်ခံတယ်။ ကောင်းတယ်။ သို့သော် ဖြစ်လာနိုင်တဲ့အကျိုးဆက်ကိုသေချာစဉ်းစားစီစဉ်ထားတာ သိပ်မရှိဘူးလို့ ယူဆရတယ်။ ရန်ကုန်တိုင်းအစိုးရက ဝန်ကြီးချုပ်တို့ ဝန်ကြီးတချို့က ဆန်တွေလိုက်ဝေနေတာတွေ့တယ်။ ဒါပေမဲ့ အရမ်းကပ်လွန်းအားကြီးတယ်။ Physical distancing မရှိတဲ့အခါကျတော့ ဒါလည်း ပြဿနာကိုပိုပြီးတော့ ကြီးအောင်လုပ်တဲ့ဟာများ ဖြစ်မလားပေါ့။ ကျွန်တော်တို့စိတ်ပူတဲ့ဟာက ရန်ကုန်မှာလောလောဆယ် lockdown လုပ်တဲ့ ဆယ်ရက်မှာ ပြဿနာတွေများနိုင်တယ်။ ဒီခိုးဆိုးလုနှိုက်တွေပေါ့နော်။ လူတွေကို ကျွန်တော်တို့က အစားပေးရုံတင်မရဘူး။ လူထုရဲ့ စိတ်ပိုင်းဆိုင်ရာပေါ့။။ Mass psychological ကိုပါ ပြန်ပြီးတော့သုံးသပ်နိုင်မယ့်အဖွဲ့တွေ၊ ဆရာဝန်ကြီးတွေက လုပ်နိုင်ရင်ကောင်းမယ်။ စိတ်ထဲမှာဒေါသထွက်နေတာတွေ၊ မလုံခြုံမှုဖြစ်နေတဲ့အခါကျတော့ အလွယ်တကူပေါက်ကွဲထွက်နိုင်တာမျိုးတွေဖြစ်နိုင်တယ်။ အဲဒါကို အစိုးရနဲ့ တက်သိနားလည်တဲ့ပညာရှင်တွေပူးပေါင်းကိုင်တွယ်နိုင်ရင် ပိုကောင်းမယ်ထင်ပါတယ်" လို့ပြောပါတယ်။