ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထိုင်းနယ်စပ်ကမြန်မာနိုင်ငံသားတွေ အဝင်ပိတ်ပြီ
နယ်စပ်ဂိတ်တွေက တစ်ဆင့် မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်မယ့် မြန်မာနိုင်ငံသားတွေကိုမိမိတို့၏ နေရပ်ကို တိုက်ရိုက်ပြန်ခွင့် ပြုတော့မှာမဟုတ်ဘဲ အစိုးရက စီစဉ်ပေးထားတဲ့သတ်မှတ်နေရာများတွေမှာ ထိန်းချုပ် ကန့်သတ် စောင့်ကြည့်မှု (Quarantine) ပြုလုပ်ခြင်းကို (၁၄) ရက် မဖြစ်မနေ ခံယူရ မယ်လို့ မတ် လ ၃၀ ရက်နေ့က ထုတ်ပြန်ပါတယ်။
အသက်(၄၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသား တစ်ဦးဟာ မတ်လ၂၃- ရက်နေ့ က ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံ ကို မြဝတီနယ်စပ်ဂိတ်ကတစ်ဆင့် ဝင်ရောက် လာခဲ့ပြီး မင်္ဂလာဒုံမြို့နယ်မှာ ရောက်ရှိနေထိုင်ခဲ့ရာမတ်လ ၂၉ ရက်နေ့ ဓါတ်ခွဲနမူနာအဖြေအရ COVID-19 ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။
နယ်စပ်ဂိတ်တွေကနေ အစုလိုက်အပြုံလိုက် ပြန်လည် ဝင်ရောက်လာသူ အချင်းချင်းကြားတွင်လည်းကောင်း၊ ပြည်တွင်းတွင် နေထိုင်သူများထံသို့လည်းကောင်း ရောဂါကူးစက်ပြန့်ပွားပြီး ကပ်ရောဂါကြီး ဖြစ်ပွားရန် အလားအလာ အလွန်များပြားနေတယ်လို့လည်းနိုင်ငံခြားရေးဝန်ကြီးဌာန ကထုတ်ပြန်ပါတယ်။
အစိုးရက နောက်ထပ်ဝင်ရောက်လာမယ့်သူ များအတွက် ထိန်းချုပ်ကန့်သတ်စောင့်ကြည့်မှု (Quarantine) ပြုလုပ်ရန် နေရာထိုင်ခင်းများ ထပ်မံတိုးချဲ့စီစဉ်ဆောင်ရွက်နေ လို့နယ်စပ်ဂိတ်များမှ ပြန်လည်ဝင်ရောက် တွေအနေနဲ့ မြန်မာနိုင်ငံအတွင်းကို နောက်ထပ် ရက်သတ္တ(၂) ပတ်ခန့် စောင့်ဆိုင်းပြီး ဧပြီလ ၁၅ ရက်နေ့ နောက်ပိုင်းမှသာ ပြန်လည်ဝင်ရောက်ကြဖို့ ထုတ်ပြန်ချက်ကဆိုပါတယ်။
လူဦးရေနှစ်သောင်းသုံးထောင်ကျော်အရေအတွက်ရှိတဲ့ မြန်မာနိုင်ငံသားတွေ မြဝတီနယ်စပ်ဂိတ်ကနေတဆင့် မိမိနေရပ်ကို ထိုင်းနိုင်ငံကနေ ပြန်လာကြတာဟာ နိုင်ငံအနှံ့ အပြားကို ပြန်လည်ပျံ့နှံ့ရောက်ရှိ နေပြီလို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
မတ်လ ၂၉ရက်နေ့ကတော့ အဲဒီလိုမြဝတီကနေ ပြန်ဝင်လာတဲ့လူတွေထဲက တယောက်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့တယ်လို့ အတည်ပြုလိုက်ပါပြီ။ ဒါ့အပြင် မတ်လ ၃၀ ရက်နေ့ တာချီလိတ် က ဝင်လာသူမြန်မာနိုင်ငံသား ဟာလည်း ပိုးတွေ့တယ်လို့ မတ်လ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းနယ်စပ်က ပြန်ဝင်လာသူတွေထဲမှာ ရောဂါကူးစက်သူတွေ ပါလာဖို့များပြီးတော့ ကပ်ရောဂါကြီးလို့ ဖြစ်ဖို့ များတယ်လို့ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မတ်လ ၂၉ရက်မှာ အတိ အလင်းထပ်မံပြီးထုတ်ပြန်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက နှစ်သောင်းသုံးထောင်လို့ ပြောပေမယ့် မြဝတီတံတား အမှတ် ၂မှာ ကိုယ်တိုင် ကြီးကြပ်နေရတဲ့ ကရင်ပြည်နယ် လူမှုရေးဝန်ကြီးရဲ့ ပြောပြချက်အရ ဆိုရင်တော့ မတ်လ ၂၆ ရက်နေ့အထိ ပြန်ဝင်လာသူ အရေအတွက်က လေးသောင်းကျော်ရှိတယ်လို့ ဘီဘီစီကိုတရားဝင်ဖြေကြားထားပါတယ်။
အစိုးရ တရားဝင်ထုတ်ပြန်ချက်တွေအရဆိုရင် ပြည်ပကို ခရီးသွားခဲ့သူ မဟုတ်ဘဲကူးစက်ခံရ သူတွေ မြန်မာနိုင်ငံမှာ ရှိလာနေပါပြီ။
မတ်လ ၂၉ ရက်နေ့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီး ဌာန က ဓာတ်ခွဲအတည်ပြုလိုက်တဲ့လူနာ ၁၀ ယောက်မြောက်ဟာ ပြည်တွင်းက ဒုတိယ မြောက်ကူးစက်ခံရသူဖြစ်ပါတယ်၊
မတ်လ ၂၉ ရက်နေ့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီး ဌာန က ဓာတ်ခွဲအတည်ပြုလိုက်တဲ့လူနာ ၁၀ ယောက်မြောက်ဟာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ်မှာ နေထိုင်တဲ့ အသက် (၄၅) နှစ် အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ပြီးသူဟာ ပြည်ပ ကို ခရီးသွားလာတဲ့ ရာဇဝင် မရှိသူလို့ လည်းထုတ်ပြန်ချက်မှာရေးပါတယ်။
လူနာ အမှတ် ၁၀ ဟာ လူနာ အမှတ်၅ ရဲ့ သားဖြစ်ပြီး လူနာ အမှတ်၅က သြစတေးလျနဲ့ စင်ကာပူတို့က ဆေးကု ပြန်လာစဉ်ကတည်းက ပြုစုပေးနေသူဖြစ်တယ်လို့ မင်္ဂလာတောင်ညွန့် မြို့နယ် ဖို့မြေရပ်ကွက် အုပ်ချုပ်ရေးမှူးဦးဇော်ဝင်းထွန်းကဘီဘီစီကိုပြောပါတယ်။
လူနာ အမှတ် ၁၀ နဲ့ လူနာ အမှတ်၅တို့နေထိုင်တဲ့ မင်္ဂလာတောင်ညွန့် ၁၀၁ လမ်းကို အပြင် လူ အဝင် အထွက် ပိတ်ထားပြီး တစ်တိုက်လုံးကိုတော့ lockdown လုပ် ထားတယ်လို့ ဦးဇော်ဝင်းထွန်းကကပြောပါတယ်။
ဒါ့အပြင် ဝင်ထွက် သွားလာသူ ကျန် လမ်းသူ လမ်း သားတွေ လူ အဝင် အထွက်တိုင်း ဆေးဖျန်းတာတွေ လုပ်တယ်လို့လည်း သူ ကရှင်းပြပါတယ်။
မဂ်လာတောင်ညွန့်မြို့နယ် ၁၀၁ လမ်း ဖို့မြေရပ်ကွက် အတွင်းမှာCovid -19 လူနာနှစ်ဦးကျန်းမားရေးဌာနကတရား၀င်သတင်းထုတ်ပြန်လို့ လမ်းသူ လမ်းသားတွေအနေနဲ့ စိုးရိမ်မှုတွေရှိခဲ့ပါတယ်။
မြန်မာဂုဏ်ရည်လမ်းက ညနေစျေးကိုလည်းပိတ်ထားတယ်လို့ မဂ်လာတောင်ညွန့်မြို့နယ်နေထိုင်သူတစ်ဦးကပြောပါတယ်။
ဧည့်လမ်းညွှန်ဖြစ်တဲ့ ဗဟန်းက လူနာအမှတ် ၈ ဟာ ပြည်တွင်းမှာ စတင်ကူးစက်တဲ့ ပထမဆုံးလူနာဖြစ်ပြီးတော့ မဂ်လာတောင်ညွန့်မြို့နယ်လူနာ အမှတ် ၁၀ ဟာ က ဒုတိယ ဖြစ်ပါတယ်။
ဧည့်လမ်းညွှန်ဖြစ်တဲ့ လူနာအမှတ် ၈ နဲ့ အတူ ခရီးသွားခဲ့သူ ပြင်သစ် ၃ ဦး ဟာ ကိုရိုနာပိုးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီး ဌာန က မတ်လ ၃၀ ရက်နေ့ ကထုတ်ပြန်ခဲ့ပါတယ်။
ခုထိ မြန်မာကိုဗစ်၁၉ လူနာ တွေအနက် လူနာ နံပါတ် ၅ ကင်ဆာရောဂါသည်ကို အနီးကပ်ထိတွေ့ခဲ့တဲ့ မဂ်လာတောင်ညွန့်မြို့နယ် ကလူနာ နံပါတ် ၁၀ ဟာ ပြည်တွင်းမှာ ကူးစက်သူဖြစ်တယ်လို့ ဒေါက်တာခင်ခင်ကြီးက အတည်ပြုပါတယ်။
ဒါ့အပြင် လူနာနံပါတ် ၈ ပြင်သစ်ဧည့်လမ်းညွှန်အမျိုးသမီးဟာ ပြည်တွင်းကနေ ကူးစက်တာလား၊ သူ ဝန်ဆောင်မှုပေးခဲ့တဲ့ ပြင်သစ်နိုင်ငံသားတွေဆီကနေ ကူးစက်တာလားဆိုတာ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
လူနာ အမှတ် ၅ နဲ့ ၁၀ တို့ရဲ့မိသားစု ဝင်တွေထဲ က လူနာ အမှတ် ၅ ဇနီး သားအကြီးနဲ့ သမက်ဖြစ်သူတို့ကိုလည်း ဝေဘာဂီဆေးရုံကို ပို့ထားပြီး
ကျန်မိသားစုဝင်(၁၇)ဦးကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစစ်ဆေးရာ စောင့်ကြည့်မိသားစုဝင်(၁၇)ဦး ဖျားနာ တာ မတွေ့ရ ဘူးလို့လည်း မင်္ဂလာတောင်ညွန့် မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်ဝင်းထွန်းကပြောပါတယ်။
မြန်မာနိင်ငံမှာ ကိုဗစ် ၁၉ လူနာရှစ်ဦးနဲ့ ထိတွေ့ခဲ့သူပေါင်း ၄၇၀ ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာခင်ခင်ကြီးက ပြောခဲ့ပါတယ်။
ထပ်တွေ့တဲ့ လူနာ တွေနဲ့ ထိတွေ့ခဲ့သူတွေကိုလည်း ဆက်လက်စုံစမ်းနေတယ်ဆိုတာကြောင့် ထိတွေ့သူအရေအတွက်က ဒီထပ်ပိုတိုးလာဖွယ်ရှိနေပါတယ်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မတ်လ၂၉ ရက်နေ့က ပြုလုပ်တဲ့ ကိုဗစ်၁၉ အစည်းအဝေးမှာ လူနာရှစ်ဦးနဲ့ ထိတွေ့ခဲ့သူ ၄၇၀ ကျော်ကို တွေ့ရှိထားတယ်လို့ ပြောကြားထားပါတယ်။
ထိတွေ့ခဲ့သူတွေကို သက်ဆိုင်ရာစောင့်ကြည့်ရေးစင်တာတွေ၊ ဆေးရုံတွေနဲ့ နေအိမ်တွေမှာ သီးသန့်ခွဲထားစောင့်ကြည့်မှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
အစိုးရ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၁၄ ဦးထိရှိလာနေပြီးဗိုင်းရပ်စ် ကြောင့် သေဆုံးသူတော့မရှိသေးပါဘူး
နောက်ဆုံးတွေ့ရှိတဲ့ လူနာတွေထဲမှာ ပြည်တွင်းမှာတင် ဒုတိယမြောက် ကူးစက်ခံရသူလည်း ပါဝင်နေတာကြောင့် မြန်မာလူထု အကြားစိုးရိမ်မှုတွေရှိနေကြပါတယ်