ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ် -၁၉ တတိယမြောက်လူနာ ရန်ကုန်မှာထပ်တွေ့ ၊အိန္ဒိယမှာ တစ်နိုင်ငံလုံး Lock down အစီအစဉ်စတင် အပါအဝင် မနက်ခင်းသတင်းများ
ကိုဗစ် -၁၉ လူနာ မြန်မာမှာတွေ့ပြီးနောက် မန္တလေးမှာ ဈေးဆိုင်တွေကို ပါဆယ်ပဲရောင်းဖို့ ဒေသန္တရ အမိန့်ထုတ်ပြန်
COVID-19 Postive လူနာ (၂)ဦး တွေ့ရှိသည်ဟု ကျန်းမာရေး ဝန်ကြီးဌာနမှ မတ်လ(၂၃)ရက်နေ့ညပိုင်းက ထုတ်ပြန်ခဲ့ပြီးနောက် မန္တလေးမြို့ရှိ လက်ဖက်ရည်ဆိုင်၊ခေါက်ဆွဲဆိုင်များကို ပါဆယ်သာရောင်းချရန် မတ်လ(၂၄)ရက်နေ့က မန္တလေးတိုင်းအစိုးရက ညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။
ဒီလို ညွှန်ကြားချက်ထုတ်ပြန်ပြီးနောက် မန္တလေးမြို့ နန်းရှေ့ လက်ဖက်ရည်ဆိုင်တွေမှာ ဆိုင်ထိုင်စားတာမျိုး ခွင့်မပြုတော့ပဲ ပါဆယ်သာ ရောင်းချတော့တယ်လို့ သိရပါတယ်။
ဘယ်လိုအခြေအနေမှာဖြစ်စေ ဘဏ်လုပ်ငန်းတွေ မရပ်တန့်ဖို့ ဗဟိုဘဏ်စီမံထား
ဘဏ်လုပ်ငန်းစဉ်တွေအနေနဲ့ ဘယ်လိုအခြေအနေမျိုးမှာဖြစ်စေ စဉ်ဆက်မပြတ်လည်ပတ်နိုင်ဖို့ ဝန်ဆောင်မှုတွေပေးနိုင်ဖို့ အစီအမံတွေ ထားရှိထားတယ်လို့ ဗဟိုဘဏ်က မတ် ၂၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ကိုဗစ် -၁၉ လူနာတွေ့ရှိပြီလို့ ထုတ်ပြန်ပြီးနောက် ဘဏ်တွေမှာ ငွေလာထုတ်သူတွေပိုမိုများပြား လာတာကို တွေ့ရှိရတယ်လို့လည်း ဗဟိုဘဏ်က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ဘဏ်တွေအနေနဲ့ လုပ်ငန်းစဉ်တွေကို နေ့စဉ် ပုံမှန်ဝန်ဆောင်မှု လုပ်ငန်းတွေကို ဘဏ် ဖွင့်ရက်အတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ လည်းပါပါတယ်။
အများပြည်သူသို့ ငွေပေး ချေမှုများ အဆင်ပြေစွာဆောင် ရွက်နိုင်စေဖို့ မိုဘိုင်းငွေရေး ကြေးရေး ဝန်ဆောင်မှု လုပ်ငန်းတွေကို ငွေလွှဲငွေပို့တဲ့လုပ်ငန်းတွေကို ပုံမှန်ထက်ပမာဏထက် တိုးမြှင့်ဆောင်ရွက်ခွင့်ပြုထား သလို ဘဏ်တွေအနေနဲ့ ဘဏ်ခွဲတွေမှာလည်း အလိုအလျောက်ငွေထုတ်စက် (ATM) တွေမှာ အချိန်မရွေး ငွေမပြတ်ထုတ်ယူနိုင်ရေး စီစဉ်ထားရှိဖို့ ဗဟိုဘဏ်က ညွှန်ကြားထားတယ်လို့ ကြေညာထားပါတယ်။
ကိုဗစ် -၁၉ တတိယမြောက်လူနာ ရန်ကုန်မှာထပ်တွေ့
မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ခံရသူနှစ်ဦး မတ်လ ၂၃ ရက်နေ့က စတင်တွေ့ရှိခဲ့ပြီး တတိယ မြောက် တစ်ဦးထပ်တွေ့ ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ ၂၅ရက်နေ့က ထုတ်ပြန်ပါ တယ်။
ကူးစက်ခံရသူ ဟာ အင်္ဂလန်နိုင်ငံမှ ပြန်လာတဲ့ မြန်မာနိုင်ငံသားဖြစ်ပြီး၊ အင်းစိန်မြို့နယ်မှာနေထိုင်သူ၊ အသက်၂၆ နှစ် အရွယ်ဖြစ်တယ် လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အင်္ဂလန်နိုင်ငံက မတ်လ ၂၁ ရက် နေ့မှာ မြန်မာနိုင်ငံကို ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိ လေဆိပ်ကတစ်ဆင့် လေကြောင်းခရီးနဲ့ ဝင်ရောက်လာခဲ့တာဖြစ် ပြီး ၊ ကိုယ်ပူဖျားနာတာ နဲ့ ချောင်းဆိုးရောဂါလက္ခဏာတွေ ကြောင့်မတ်လ ၂၃ ရက်နေ့မှာ အင်းစိန်ပြည်သူ့ဆေးရုံ မှာ စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းထားရှိ (isolation) စောင့်ကြပ်ကုသမှု ခံယူခဲ့သူဖြစ်ပါတယ်။
အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) စစ်ဆေးခဲ့တဲ့ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိရတာဖြစ်ပါတယ်။
အိန္ဒိယမှာ တစ်နိုင်ငံလုံး ၂၁ရက်ကြာ အသွားအလာကန့်သတ်တဲ့အစီအစဉ်စတင် ၊ ဈေးအလုအယက် ဝယ်ယူတာတွေဖြစ်ပေါ်
အိန္ဒိယနိုင်ငံမှာတော့ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့တာကို ထိန်းချုပ်ဖို့ သီတင်းသုံးပတ်ကြာ အသွားအလာ ကန့်သတ်တဲ့အစီအစဉ်ဟာ ဒီကနေ့ မတ် ၂၅ရက်နေ့ကနေ စတင်ကျင့်သုံးပါပြီ။
ဝန်ကြီးချုပ်နရန်ဒါမိုဒီကတော့ ဗိုင်းရပ်စ်ကူးမခံရအောင် နေအိမ်ထဲကနေ မထွက်ကြဖို့ သူ့နိုင်ငံသား သန်းတစ်ထောင့် သုံးရာကို တိုက်တွန်းလိုက်ပါတယ်။
ဒါအပြင် မြို့တော် ဒေလီအပါအဝင် အခြားသောမြို့တွေက ပြည်သူတွေအနေနဲ့လည်း လူအုပ်လိုက် ဈေးဆိုင်တွေမှာ ပြုံတိုးပြီး ဈေးဝယ်တာတွေမလုပ်ဖို့ မေတ္တာရပ်ခံထားပါတယ်။
ဒါပေမယ့်လည်း မြို့တော်ဒေလီနဲ့ စီးပွားရေးမြို့တော် မွမ်ဘိုင်းအပါအဝင်မြို့ကြီးတွေမှာတော့ လူတွေက စိုးရိမ်ထိတ်လန့်ပြီး အလုအယက် ဈေးဝယ်တာတွေကို လုပ်ဆောင်နေကြပါတယ်။
အမေရိကန်မှာ နယူးယောက်မြို့ကလာသူတွေကို ၁၄ ရက်ခွဲခြားနေဖို့ ပြော
အမေရိကန်အစိုးရကတော့ ပြီးခဲ့တဲ့ရက်တွေအတွင်း နယူးယော့မြို့ကနေ ထွက်လာတဲ့ဘယ်သူမဆို လာမယ့် သီတင်း ၂ ပတ်အထိ ဘယ်သူနဲ့မှ ထိတွေ့ဆက်ဆံတာမျိုးမလုပ်ဘဲ မိမိဘာသာ သီးခြားနေထိုင် သင့်တယ်လို့ပြောလာပါတယ်။
နယူးယောက်ဟာ အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအများဆုံးဖြစ်နေတဲ့မြို့ပါ။
နယူယောက်ကနေ နိုင်ငံရဲ့တခြားနေရာတွေကို ရွှေ့ပြောင်းနေကြတဲ့သူတွေကြောင့် ဗိုင်းရပ်စ်ကူးစက်မှု အစုလိုက်ထပ်ဖြစ်မှာကို စိုးရိမ်တာတွေ ရှိနေတာပါ။