Western Union နဲ့ တပ်ပိုင် မြဝတီဘဏ်တို့ လမ်းခွဲ

ရေးသားခဲ့သည်။

အမေရိကန် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း Western Union က တပ်မတော်ပိုင် မြဝတီဘဏ်နဲ့ လက်တွဲ လုပ်ကိုင်နေတာကို အဆုံးသတ် ရပ်ဆိုင်းလိုက်ပြီဖြစ် ပါတယ်။

မြန်မာနိုင်ငံကိုWestern Union ဟာ ငွေလွှဲဝန်ဆောင်မှုကို ၂၀၁၃ ခုနှစ်ကစပေးခဲ့တာဖြစ်ပြီးတော့ ပြည်တွင်း ဘဏ် ကိုးခုဖြစ်တဲ့ ကမ္ဘောဇဘဏ်၊ စီဘီဘဏ်၊ ဧရာဝတီဘဏ် ၊ရိုးမဘဏ်၊ မြန်မာ အရှေ့တိုင်းဘဏ် စတဲ့ ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ငွေသွင်းငွေထုတ် ဝန်ဆောင်မှု တွေကို လုပ်ကိုင်နေတဲ့ လုပ်ငန်းဖြစ်ပါတယ်။

မြန်မာအရေး လှုံ့ဆော် လှုပ်ရှားသူတွေဖြစ်တဲ့ အင်္ဂလန်အခြေစိုက် Burma Campaign UK ရဲ့ ဇန်နဝါရီ ၇ ရက်နေ့ ထုတ်ပြန်ချက်မှာ Western Union ကုမ္ပဏီက သူတို့ဆီကို စာရေးသားပေးပို့လာတာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒီလို ရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်ပြီး မြဝတီဘဏ်ဘက်ကတော့ ပြောစရာမရှိဘူးလို့ မြဝတီဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးယုလွင်က ပြောပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားအများစုဟာ အရှေ့အလယ်ပိုင်း နဲ့ အာရှနိုင်ငံတွေ မှာ အလုပ်လုပ်ကြတာများပြီး အမေရိကန် Western Union ကိုသုံးပြီး ငွေလွှဲတာ ဟာ ၅ ရာခိုင်နှုန်း လောက်ပဲရှိမယ်လို့ အငြိမ်းစား ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောပါတယ်။

မြန်မာတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ အပါအဝင် တပ်မတော်အရာရှိ ၄ ဦးကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့လိုက်ခဲ့ပြီး အဲဒီနောက်ပိုင်း တပ်နဲ့ သက်ဆိုင်တဲ့ မြဝတီဘဏ်ကို အခုလို အဆက်ဖြတ်တာလည်း ဖြစ်ပါတယ် ။

Western Union ဟာကျန်တဲ့ ဘဏ်တွေနဲ့ အလုပ်ဆက်လုပ်မှာဖြစ်တဲ့ အတွက် အခုလို ဆောင်ရွက်မှုဟာ မြန်မာနိုင်ငံကို ငွေလွှဲသူတွေ အတွက် အများကြီးအပြောင်းအလဲ မရှိနိုင်ဘူးလို့လည်း Western Union သုံးပြုသူတွေက ပြောပါတယ်။

အခုကိစ္စဟာ အမေရိကန်ရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုနဲ့ ဆိုင်တယ် မဆိုင်ဘူးဆိုတာ မသိပေမယ့် စစ်တပ်ပိုင် မြဝတီဘဏ်နဲ့ အခုလို ရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်ပြီး ဘားမားကမ်ပိန်းယူကေက ကြိုဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် FFM က တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းသို့မဟုတ် တပ်နဲ့ ပတ်သက်တဲ့ မိသားစုလုပ်ငန်းတွေနဲ့ စီးပွားရေး မလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။