ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မင်းသမီးနန္ဒာလှိုင် သီရိသုဓမ္မသိင်္ဂီ ဘွဲ့ရရှိ၊ မန္တလေးကစောင့်ကြည့်လူနာ ဆရာဝန် ကုသပေးခဲ့တဲ့သူမှာ ဗိုင်းရပ်စ်မရှိ ၊ မလေးရှားလေယာဉ် ပစ်ချခံရမှု တရားခံဆိုသူတွေကို စတင်စစ်ဆေးမယ် အပါအဝင် ထိပ်တန်းသတင်းများ
(၁) မင်းသမီးနန္ဒာလှိုင် သီရိသုဓမ္မသိင်္ဂီ ဘွဲ့ရရှိ
ရုပ်ရှင်သရုပ်ဆောင် မင်းသမီး နန္ဒာလှိုင်ဟာ နိုင်ငံတော်က ချီးမြှင့်တဲ့ သီရိသုဓမ္မသိင်္ဂီဘွဲ့ ကို လက်ခံရရှိခဲ့ပါတယ်။
နေပြည်တော်မှာ မနေ့က မတ်လ ၈ ရက်က ကျင်းပခဲ့တဲ့ သာသနာတော်ဆိုင်ရာ အမြင့်ဆုံး ဘွဲ့တံဆိပ်တော်များ အပ်နှင်းပွဲမှာ အခုလို ချီးမြှင့်ခံခဲ့ရတာပါ။
အဲဒီပွဲကို နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုသမ္မတတွေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေ စုံစုံလင်လင် တက်ရောက်ခဲ့ကြပါတယ်။
ဒီသာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်အပ်နှင်းပွဲမှာ တစ်နိုင်ငံလုံးက ဆရာတော် ၃၂၂ ပါး၊ သီလရင်ဆရာကြီး ၂၄ ပါးနဲ့ လူပုဂ္ဂိုလ် ၅၀ ဦးတို့ကို ချီးမြှင့်ခဲ့ တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။
ခု မင်းသမီး နန္ဒာလှိုင် ရရှိတဲ့ သီရိသုဓမ္မ သိင်္ဂီဘွဲ့တံဆိပ်ဟာ ဘာသာ သာသနာအရေးတွေအပါအဝင် အလှူအတန်းရက်ရောပေးကမ်းသူတွေကို အစိုးရက အသိအမှတ်ပြု ချီးမြှင့်တဲ့ဘွဲ့လည်း ဖြစ်ပါတယ်။
နန္ဒာလှိုင်ဟာ လက်ရှိမှာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး အနုပညာအလုပ်တွေ မလုပ်တော့တာ ဆယ်စုနှစ်တစ်ခု ကျော်သွားပါပြီ။
သူဟာ ရွှေနံသာစံအိမ်၊ တောင်သမန်သစ္စာ ရုပ်ရှင်ဇာတ်ကားတွေမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ရရှိခဲ့ပြီးတဲ့နောက် အိမ်ထောင်ပြုပြီး နောက်ပိုင်း အနုပညာအလုပ်တွေ ဆက်မလုပ်တော့တာဖြစ်ပါတယ်။
အခုလိုဘွဲ့တံဆိပ်ချီးမြှင့်ခံရတဲ့အပေါ် နန္ဒာလှိုင်ရဲ့ မှတ်ချက်ကို ရရှိဖို့ ဘီဘီစီက ဒီကနေ့မနက်မှာ ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းဖြေကြားခြင်း မရှိသေး ပါဘူး။
(၂) မန္တလေးက ကိုဗစ်စောင့်ကြည့်ဆရာဝန် ကုသပေးခဲ့တဲ့လူနာမှာ ဗိုင်းရပ်စ်မရှိ
မန္တလေးက ကိုဗစ်၁၉ ဗိုင်းရပ်စ် စောင့်ကြည့်လူနာ ဆရာဝန်တစ်ဦး ထိတွေ့ကုသပေးခဲ့တဲ့ လူနာရဲ့ ဓာတ်ခွဲစမ်းသပ်အဖြေမှာ ဗိုင်းရပ်စ် မရှိဘူးလို့ အစိုးရက မတ်လ၈ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာအမျိုးသားတစ်ဦးကို ကုသပေးခဲ့တဲ့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးက ဆရာဝန်တစ်ဦးဟာ မတ်လ ၈ ရက် နံနက်ပိုင်းမှာ ဖျားနာလာတဲ့အတွက် ကိုရိုနာ စောင့်ကြည့်လူနာတွေထားရှိရာ ကန်တော်နဒီဆေးရုံကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။
အာသီးရောင်လို့ ဖျားနာတာလို့ မန္တလေးဆေးရုံကြီးရဲ့ ဒုဆေးရုံအုပ် ဒေါက်တာခင်ကျော်က ပြောကြားထားပြီး စိတ်ချရအောင် လို့ ခုလို ကန်တော်နဒီကို ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အခု ဒီဆရာဝန် ထိတွေ့ကုသပေးခဲ့တဲ့ အမျိုးသားအပါအဝင် စောင့်ကြည့်လူနာ ၆ ဦးမှာ ကိုဗစ်၁၉ ဗိုင်းရပ်စ်မတွေ့ရဘူးလို့ အစိုးရက ပြောပါတယ်။
အစိုးရထုတ်ပြန်ချက်အရဆို မတ်လ ၈ ရက်နေ့အထိ အထက်ပါဆရာဝန်တစ်ဦးအပါအဝင် စောင့်ကြည့်လူနာ ၆ ဦး ထပ်တိုးလာပြီး သံသယလူနာ ၂ ဦးအပါအဝင် စောင့်ကြည့်လူနာ စုစုပေါင်း ၇၄ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။
အခုလို ကျန်းမာရေးဝန်ထမ်းတစ်ဦး စောင့်ကြည့်လူနာဖြစ်လာတဲ့နာက်ပိုင်းမှာ ကျန်းမာရေးဝန်ထမ်းတွေကြား စိုးရိမ်မှုတွေရှိလာနေပါတယ်။
မြန်မာမှာ ဒီဗိုင်းရပ်စ်မတွေ့သေးဘဲ စောင့်ကြည့်လူနာတွေလည်း မများသေးတဲ့အတွက် လူနာတွေကို ထိတွေ့ကုသရာမှာ ဝတ်ဆင်ရမယ့် ရောဂါကာကွယ်ရေးဝတ်စုံ PPE တွေ လောလောဆယ် လုံလောက်နေတယ်လို့ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးရဲ့ ဒုတိယဆေးရုံအုပ် ဒေါက်တာခင်ကျော်က ပြောပါတယ်။
ဒါပေမဲ့ တကယ်တမ်းလူနာတွေများလာရင်တော့ အခု ပေးထားတာတွေနဲ့ မလုံလောက်ဘဲ ဝတ်စုံတွေပြတ်လပ်မှာကို ပူပင်နေရတယ်လို့ သူက ပြောပါတယ်။
(၃) ဗြိတိန်မှာ ကိုဗစ်၁၉ နဲ့ သေဆုံးသူ သုံးဦးရှိလာ
ဗြိတိန်မှာ အသက် ခြောက်ဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်၁၉ ကူးစက်ခံရကြောင်း တွေ့ရှိပြီးတဲ့နောက် သုံးဦးမြောက် သေဆုံးသူ ဖြစ်လာပါတယ်။
သေဆုံးသူမှာ နဂိုအခံကျန်းမာရေးမကောင်းတဲ့၊ သိသာထင်ရှားတဲ့ လက္ခဏာတွေလည်း ရှိပြီး မန်ချက်စတာမြောက်ပိုင်းက အထွေထွေရောဂါကုဆေးရုံမှာ သေဆုံးသွားတာဖြစ်တယ်လို့ အင်္ဂလန်အမျိုးသားကျန်းမာရေးဌာနက ပြောပါတယ်။
သူဟာ ဒီဗိုင်းရပ်စ် ကူးစက်မှုနှုန်းမြင့်တက်နေတဲ့ အီတလီကနေ လောလောလတ်လတ်ကမှပြန်လာတဲ့သူဖြစ်ပြီး ကူးစက်ရောဂါဌာနမှာ ကုသမှုခံယူ ခဲ့ရတာဖြစ်ပါတယ်။
ဗြိတိန်မှာ မတ်လ ၇ ရက်က ဒီဗိုင်းရပ်စ် ကူးစက်သူ ၂၀၉ ဦးရှိရာကနေ မနေ့က တနင်္ဂနွေနေ့မှာတော့ ကူးစက်သူ ၂၇၈ ဦးထိ ရှိလာပါတယ်။
ဗြိတိန်နိုင်ငံတစ်ဝန်း မနေ့က မနက်ပိုင်းအထိ လူပေါင်း နှစ်သောင်းကျော်ကို စမ်းသပ်ချက်အရ ကူးစက်ခံထားရသူ ၂၇၈ ဦးရှိနေတာဖြစ်ပါတယ်။
ဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုထိန်းချုပ်နိုင်အောင် အခုသေဆုံးသူနဲ့ ထိတွေ့အဆက်အသွယ်ရှိခဲ့သူတွေကို ခြေရာခံလိုက်လံစုံစမ်းနေတယ်လို့ အာဏာပိုင်တွေ ကပြောပါတယ်။
အီတလီကတော့ တရုတ်ပြင်ပမှာ ဗိုင်းရပ်စ် ကူးစက်မှုနှုန်းအဆိုးရွားဆုံးမြင့်တက်နေပြီး ကူးစက်သူပေါင်း ခုနစ်ထောင်ကျော်နဲ့ သေဆုံးသူ ၃၆၆ ဦးရှိနေပါပြီ။ အရင်ကတော့ တရုတ်ပြင်ပ ကူးစက်မှုနှုန်းမြင့်ခဲ့တာ တောင်ကိုရီးယားဖြစ်ခဲ့ပြီး အခုတော့တောင်ကိုရီးယားမှာ ကူးစက်မှုနှုန်းအနည်းငယ် တန့်သွားတာတွေ့ရပါတယ်။
ကမ္ဘာတစ်ဝန်းမှာတော့ ကူးစက်သူ တစ်သိန်းနဲ့ ခုနစ်ထောင် ရှိလာပြီး သေဆုံးသူ ၃၆၀၀ ခန့်ရှိနေပြီဖြစ်ပါတယ်။
(၄) MH 17 လေယာဉ် ပစ်ချခံရမှုက တရားခံတွေကို စတင်စစ်ဆေးတော့မယ်
၂၀၁၄ ခုနှစ်က ယူကရိန်းမှာ ပစ်ချခံလိုက်ရတဲ့ မလေးရှားလေကြောင်းလိုင်းက လေယာဉ် MH17 ပေါ်က ခရီးသည် ၃၀၀ နီးပါးသေဆုံးမှုနဲ့ပတ်သက်ပြီး လူသတ်မှုနဲ့တရားစွဲထားသူ လေးဦးကို ရုံးတင်စစ်ဆေးတော့မှာပါ။
နယ်သာလန်နိုင်ငံမှာ မတ်လ ၉ ရက်မှာ သူတို့ကို ရုံးတင်စစ်ဆေးဖို့ရှိနေပါတယ်။
ဘိုရင်း၇၇၇ လေယာဉ်ဟာ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတုန်းက ရုရှက နောက်ခံပြုထားတဲ့ လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ယူကရိန်းအရှေ့ပိုင်းကို ဖြတ်ပျံစဉ်မှာ ပျက်ကျခဲ့ရတာဖြစ်ပါတယ်။
စုံစမ်းရေးအရာရှိတွေက လေယာဉ်ကို ပစ်ချခဲ့တဲ့ Buk ဒုံးကျည်ဟာ ရုရှအခြေစိုက်စစ်စခန်းတစ်ခုက လာတယ်ဆိုတာ သက်သေပြနိုင်ခဲ့တယ်လို့ ပြောကြပါတယ်။
အခု စွပ်စွဲခံရတဲ့ လေးဦးမှာ သုံးဦးက ရုရှတွေဖြစ်ပြီး တစ်ဦးကတော့ ယူကရိန်းအရှေ့ပိုင်းက ဖြစ်ပါတယ်။
ရုရှအာဏာပိုင်တွေကတော့ နိုင်ငံပေါင်း ဆယ်နိုင်ငံက ခရီးသည် ရာချီသေဆုံးခဲ့တဲ့ အဲဒီဖြစ်စဉ်မှာ သူတို့ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ ငြင်းဆိုထားပါတယ်။
သေသုံးသူတွေထဲက သုံးပုံနှစ်ပုံဟာ နယ်သာလန်က ဒတ်ချ်လူမျိုးတွေဖြစ်ပြီး အခုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုမှာ နယ်သာလန်က ဦးဆောင်ခဲ့တာဖြစ်ပါတယ်။
အခု တရားခွင်ကြားနာမှုတွေကို နယ်သာလန်ရဲ့ တရားရေးစနစ်အတိုင်း စစ်ဆေးသွားဖို့ရှိနေပါတယ်။