ကွယ်လွန်ပြီးမှ အလင်္ကာကျော်စွာဘွဲ့ ချီးမြှင့်ခံရတဲ့ ဆိုင်းဆရာကြီးစိန်စတင်း၊ ငြိမ်းချမ်းရေးရယူလိုစိတ်နည်းသူတချို့ကြောင့် စစ်ရေးအရ ရင်ဆိုင်ဖြေရှင်းနေရဟု တပ်ချုပ်ပြော အပါအဝင် ဇန်နဝါရီ ၅ ရက် သတင်းများ

ရေးသားခဲ့သည်။

(၁) ကွယ်လွန်ပြီးမှ အလင်္ကာကျော်စွာဘွဲ့ ချီးမြှင့်ခံရတဲ့ ဆိုင်းဆရာကြီး စိန်စတင်း

အစိုးရက လွတ်လပ်ရေးနေ့မှာ ထုတ်ပြန်လိုက်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူတွေစာရင်းမှာ အလင်္ကာကျော်စွာဘွဲ့ကို ဆိုင်းပညာရှင်စိန်စတင်းက ရရှိခဲ့ပါတယ်။

ဆိုင်းပညာရှင်ကြီးစိန်စတင်း (ဦးတင်အောင်) ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်က ရန်ကုန်မြို့ မြောက်ဥက္ကလာပနေအိမ်မှာ ကွယ်လွန်ခဲ့ပြီ ဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ စိန်စတင်းဟာ ဆိုင်းပညာရှင်သမိုင်းမှာ တတိယမြောက် အလင်္ကာကျော်စွာဘွဲ့ရတဲ့ပညာရှင်ကြီး ဖြစ်လာခဲ့ပါတယ်။ သူ့ရှေ့မှာ အလင်္ကာကျော်စွာ ဦးဟန်ပနဲ့ အလင်္ကာကျော်စွာ ဦးဘမောင် ဆိုတဲ့ ဆိုင်းဆရာကြီးနှစ်ဦး ရှိထားပါတယ်။

ဇာတ်သဘင်လောက ပညာရှင်တွေကြားမှာ အလင်္ကာကျော်စွာဘွဲ့ရရှိသူတွေရှိပေမယ့် ဆိုင်းပညာရှင်ထဲမှာတော့ ဒီသုံးဦးပဲ အလင်္ကာကျော်စွာဘွဲ့ကို ရရှိထားတာဖြစ်ပါတယ်။ ဆိုင်းဆရာကြီးစိန်ဗေဒါကတော့ နေမျိုးဗလကျော်သူဘွဲ့ကို ရရှိခဲ့တာဖြစ်တယ်လို့ ဆရာကြီးရဲ့ သားဖြစ်သူ ရွှေမင်္ဂလာဆိုင်းအဖွဲ့ ခေါင်းဆောင် စိန်မင်းနိုင်က ဘီဘီစီကို ပြောပါတယ်။

နိုင်ငံကျော်ရွာစားကြီး စိန်စတင်းရဲ့ နောက်ဆုံးဈာပနခရီးမှာ သူ့ရဲ့ရာနဲ့ချီတဲ့ဆိုင်းဆရာတပည့်တွေက တစ်ယောက်တစ်လှည့်ဆိုင်းတီးခတ်ပြီး နောက်ဆုံးဂါရဝပြုခဲ့ကြပါတယ်။

သူ့ရဲ့ ကျန်ရစ်တဲ့သားသမီးတွေထဲမှာ ဆိုင်းပညာအမွေဆက်ခံသူတွေလည်းရှိပြီး ဆိုင်းဆရာ စိန်မင်းနိုင်ဟာ လက်ရှိမှာ ရွှေမင်္ဂလာဆိုင်းအဖွဲ့ကို ဦးဆောင်နေပါတယ်။

"မိသားစုအနေနဲ့တော့ အဖေကြီးကို သက်ရှိထင်ရှားရှိစဉ်မှာ အလင်္ကာကျော်စွာကြီး လို့ ခေါ်ခွင့်မရခဲ့တာ စိတ်မကောင်းဖြစ်မိပါတယ်။ အစိုးရလူကြီးမင်းများမှာလည်း အပြစ်မရှိပါဘူး။ သူတို့လည်းမနှစ်ကတည်းက ပေးချင်လွန်းတဲ့အတွက် လုပ်ပါတယ်။ ဒါပေမဲ့ ထောက်ခံစာတွေတင်ဖို့လိုက်လုပ်တဲ့အခါမှာ မြို့နယ်က ပေးပေမယ့်ခရိုင်က မပေးတဲ့အတွက် လုပ်နေတုန်းမှာပဲ နှစ်ကျော်သွားပြီး အခုနှစ်ထဲ ရောက်သွားတာပါ။ အဖေကြီးကို အခုလို အလင်္ကာကျော်စွာဘွဲ့ပေးလိုက်တဲ့အတွက် သဘင်လောကအပေါ် ကုန်နေတဲ့စိတ်တွေ ပြန်ပြီးနိုးထလာပါတယ်" လို့ ဆိုင်းဆရာစိန်မင်းနိုင်က ဆိုပါတယ်။

(၂) ငြိမ်းချမ်းရေးရယူလိုစိတ်နည်းသူတချို့ကြောင့် စစ်ရေးအရ ရင်ဆိုင်ဖြေရှင်းနေရဟု တပ်ချုပ်ပြော

တပ်မတော်က ၂၀၂၀ မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြီးမြောက်ရေး ကြိုးပမ်းဆောင်ရွက်နေပေမယ့် ငြိမ်းချမ်း ရေးကို ရယူလိုစိတ်နည်းပါးတဲ့ လက်နက် ကိုင်တချို့ကြောင့် စစ်ရေးအရ မလွှဲမရှောင်သာ ဖြေရှင်းနေရ တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီ ၄ ရက်လွတ်လပ်ရေးနေ့က နေပြည်တော်မှာကျင်းပတဲ့ တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နဲ့ လက်မှတ်တွေချီးမြှင့်ပွဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

ယနေ့ထက်တိုင် အမြင်ကျဉ်းမြောင်းဆဲ၊ အတ္တကို ရှေ့တန်းတင်နေတဲ့လက်နက်ကိုင်အဖွဲ့အစည်းတချို့က ခေါင်းဆောင်တွေဟာ ဒီမိုကရေစီကို ငြိမ်းချမ်းစွာ ဖော်ဆောင်ရမယ့်အစား အစိုးရအုပ်ချုပ် ရေးယန္တရား ပျက်ပြားစေပြီး လူထုအသက်အိုးအိမ်စည်းစိမ်မလုံခြုံအောင်လုပ်နေတယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။

အစိုးရနဲ့ တပ်မတော်ဘက်က အကြိမ်ကြိမ်လိုက်လျောသည်းခံပြီးသဘောထားကြီးစွာနဲ့ ညှိနှိုင်းမှုတွေကို လျစ်လျူရှုပြီး လက်နက်ကိုင်အဖွဲ့တချို့က နိုင်ငံရေးအမြတ်ထုတ်လိုမှု၊ ပုဂ္ဂလိကအကျိုးစီးပွားကို ရှေ့တန်းတင်ပြီး ပဋိပက္ခတွေကို စတင်ဖန်တီးခြင်းအားဖြင့် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါး စော်ကားနေတယ်လို့လည်း သူက ဆိုပါတယ်။

တပ်မတော်ဟာ လက်ရှိမှာ ရခိုင့်တပ်မတော် အေအေ၊ တအားန်အဖွဲ့ TNLA တို့နဲ့ တိုက်ပွဲဖြစ်ပွားနေပြီး အခုအခါ ကာလရှည်ကြာ အပစ်ရပ်ထားတဲ့ အပစ်ရပ်လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကေအန်န်ယူနဲ့လည်း ပစ်ခတ်မှုတွေ ပြန်ဖြစ်နေပါတယ်။

ဒါ့အပြင် အပစ်ရပ်လက်မှတ်ထိုးထားတဲ့မွန်ပြည်သစ်ပါတီရဲ့ ဘုရားသုံးဆူအနီးက တပ်စခန်းတစ်ခုကို ပြီးခဲ့တဲ့ လပိုင်းအတွင်း တပ်မတော်ဘက်က သိမ်းပိုက်ခဲ့တာရှိပြီး ညှိနှိုင်းမှုတွေအရ တပ်စခန်းတွေကို ပြန်လည်ရုတ်သိမ်းခဲ့ပါတယ်။

အေအေနဲ့ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ရခိုင်မှာနေ့စဉ်လိုလို အရပ်သားတွေထိခိုက် သေဆုံးဒဏ်ရာရ တာတွေရှိပြီး စစ်ဘေးရှောင်အရေအတွက် တစ်သိန်း နှစ်သောင်းကျော် ရှိလာပြီဖြစ်ပါတယ်။

ဇန်နဝါရီ ၈ ရက် လာမယ့် ဗုဒ္ဓဟူးနေ့မှာ အပစ်ရပ်စာချုပ်အကောင်အထည်ဖော်ရေးအစည်းအဝေး ကျင်းပဖို့ အပစ်ရပ်အဖွဲ့တွေဘက်က သဘောတူနိုင်ပေမယ့် ဒီအပေါ် အစိုးရနဲ့တပ်မတော်ဘက်က သဘောထားကို ခုထိ မှန်းဆရခက်နေတဲ့အခြေအနေမှာရှိပြီး တစ်စုံတစ်ရာထုတ်ဖော်ပြောကြားမှုမရှိသေးပါဘူး။

(၃) အီရန်ကို လက်တုံ့ပြန်ဖို့ ပစ်မှတ် ၅၂ ခုလောက်ချထားတယ်လို့ ထရမ့်ပြော

အမေရိကန်နိုင်ငံသားတွေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ပစ်မှတ်ထားတဲ့ အီရန်ရဲ့တိုက်ခိုက်မှုတွေကို အမေရိကန်ကလည်း လက်တုံ့ပြန်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။

အီရန်ကို လက်တုံ့ပြန်ဖို့ ပစ်မှတ် ၅၂ ခုလောက်ချထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အီရန် စစ်ဗိုလ်ချုပ်ကြီး ကာဆမ်ဆူလေမာနီ အီရတ်မှာ အသတ်ခံရတာကို လက်တုံ့ပြန်တဲ့ အီရန်ရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို ရည်ရွယ်ပြော ဆိုလိုက်တာဖြစ်ပါတယ်။

၁၉၇၉ ခုနှစ်တုန်းက အီရတ်မှာ အမေရိကန် ဓားစာခံတွေ ဖမ်းခဲ့သလို ကိစ္စမျိုး ရှိလာရင် အီရန်အပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေ မြန်မြန်ဆန်ဆန်နဲ့ ဖြစ်လာမှာဖြစ်ပြီး ဆိုးဆိုးရွားရွား ထိခိုက်နာကျင်မှုတွေ ရှိမယ်လို့လည်း သမ္မတ ထရမ့်က ဆိုပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့က အမေရိကန်ရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ အီရန် ဗိုလ်ချုပ်ကြီး ကာဆမ်ဆူလေမာနီနဲ့ အီရတ်က လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရဲ့ စစ်ဦးစီး တို့ရဲ့ ရုပ်အလောင်းတွေဟာ ဘဂ္ဂဒက်မြို့ကနေ အီရတ်နိုင်ငံ၊ နာဂျစ်မြို့ကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။

အဲဒီစစ်ခေါင်းဆောင်နှစ်ယောက်ရဲ့ ဈာပနကို လူသောင်းချီတက်ရောက်ခဲ့ပြီး အမေရိကန်နဲ့ သူ့မဟာမိတ်တွေကို ရှုံ့ချဟစ်ကြွေးခဲ့ပါတယ်။

နာဂျစ်မြို့နေတစ်ဆင့် စစ်ဗိုလ်ချုပ်ကြီးရဲ့အလောင်းကို အီရန်ကို ပို့ဆောင်ဂြိုလ်မှာဖြစ်ပါတယ်။

တရားမဲ့သတ်ဖြတ်ခြင်းနဲ့ တစ်ဖတ်သတ်ဆန်စွာ စီရင်ခြင်းအရေးဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်က ခုလို အစိုးရတစ်ရပ်က တစ်စုံတစ်ယောက်ကို သတ်ဖြတ်ဖို့ စီစဉ်တာ၊ နိုင်ငံတကာဥပဒေဘောင်ကို ကျော်လွန်ပြီး ဆောင်ရွက်လို့မရဘူးလို့ ပြောပါတယ်။

နိုင်ငံတကာဥပဒေတွေကို လိုက်နာဖို့အရေးကြီးသလို ဒီကိစ္စကို ကုလသမဂ္ဂအနေနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး အလေးအနက်ထား စစ်ဆေးဖို့ လိုတယ်လို့ သူက ပြောပါတယ်။

အီရန် က စစ်ရေးနဲ့နိုင်ငံရေးခေါင်းဆောင်တွေကလည်း အီရန် စစ်ဗိုလ်ချုပ်ကြီး အသတ်ခံရမှုနဲ့ပတ်သက်လို့ လက်စားချေမယ်လို့ ထပ်တလဲလဲ ကြုံးဝါး နေကြပါတယ်။

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့က အမေရိကန်သံရုံးအနီးတစ်ဝိုက်နဲ့ အမေရိကန်တပ်ဖွဲ့တွေရှိတဲ့ နေရာတွေမှာ ဒုံးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ အီရတ်စစ်တပ်က ပြောပါတယ်။ ဒါပေမဲ့ အသေအပျောက်သတင်းတော့ မရရှိသေးကြောင်း ဆိုပါတယ်။

အီရတ်က အမေရိကန်တပ်ဖွဲ့တွေအနေနဲ့ အီရတ်မှာရှိတဲ့ အမေရိကန်စစ်စခန်းတွေကနေ ဒီကနေ့ ဇန်နဝါရီ ၅ ရက်နေ့နောက်ဆုံးထားပြီး အနည်းဆုံး မီတာ တစ်ထောင်လောက် ဆုတ်ခွာဖို့ ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့က သတိပေးထားပါတယ်။

ခုလိုအီရန်ဗိုလ်ချုပ်ကြီးကို အမေရိကန်က သတ်လိုက်တာက စစ်အင်အားကို တလွဲသုံးလိုက်တာပဲလို့ တရုတ်က ပြောပါတယ်။

အမေရိကန်စစ်ဆင်ရေးက အန္တရာယ်ကြီးပြီး နယ်မြေအတွင်း တင်းမာမှုနဲ့ မငြိမ်မသက်မှုတွေ ဖြစ်စေတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးကို တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက အခုလို ပြောကြားခဲ့တာပါ။

ရုရှနိုင်ငံခြားရေးဝန်ကြီးကလည်း အမေရိကန်ရဲ့လုပ်ရပ်က နိုင်ငံတကာဥပဒေတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်လိုက်တာလို့ ပြောကြားထားပါတယ်။

(၄) ဟောင်ကောင်ဆက်ဆံရေးရုံးအကြီးအကဲကို ရာထူးက ထုတ်ပယ်

ဟောင်ကောင်အစိုးရဆက်ဆံရေးရုံးအကြီးအကဲ မစ္စတာဝမ်ဇီမင်းကို တရုတ်အစိုးရက ရာထူးက ထုတ်ပယ်လိုက်ပါတယ်။

ဟောင်ကောင်မှာ တရုတ်အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေဖြစ်ပွားပြီး ခြောက်လအကြာမှာ အခုလို ထုတ်ပယ်လိုက်တာပါ။

ဆန္ဒပြမှုတွေကို စတင်ဖြစ်ပွားစေခဲ့တဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ ဟောင်ကောင်နိုင်ငံသားတွေကို တရုတ် ပြည်မကြီးဆီ လွှဲပြောင်းစီရင်ခွင့်ဆိုင်ရာ ဥပဒေကြမ်းကို မစ္စတာ ဝမ်ဇီမင်းက အပြင်းအထန် ထောက်ခံခဲ့သူ ဖြစ်ပါတယ်။

အခုအခါ ဆန္ဒပြမှုတွေ လျော့ကျသွားမယ့်ပုံမမြင်ရဘဲ မစ္စတာဝမ်ရဲ့နေရာမှာ ရှန်ဇီပြည်နယ်ရဲ့ ကွန်မြူနစ် ပါတီခေါင်းဆောင်ဟောင်းတစ်ဦးကို တရုတ်အစိုးရက အစားထိုးခန့်အပ်လိုက်ပါတယ်။