မင်္ဂလာတောင်ညွှန့် မီးလောင်မှု ၈ နှစ်အရွယ်ကလေးငယ်နဲ့ အမျိုးသမီး ၂ဦး သေဆုံး

ရေးသားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ် လွတ်လပ်ရေးရပ်ကွက် ၉၇လမ်း က တိုက်ခန်းတစ်ခုမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မွန်းတည့်ချိန်က မီးလောင်ကျွမ်းမှုဖြစ်ပွားရာ ကလေးငယ် တစ်ဦးနဲ့အတူ အမျိုးသမီး ၂ဦး စုစုပေါင်း လူ၃ဦးသေဆုံးခဲ့တယ်လို့ အခင်းဖြစ်ပွားရာကို သွားရောက်ကူညီခဲ့တဲ့ လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်) ဥက္ကဋ္ဌ ဖြစ်သူ ဦးထွန်းထွန်းဦးကဘီဘီစီကိုပြောပါတယ်။

အဆိုပါမီးလောင်မှုဟာ မွန်းတည့် ၁၁ နာရီ ၅၀ မိနစ်အချိန်ခန့်က စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က Level1 အဆင့်နဲ့ သတ်မှတ်ငြှိမ်းသတ်ခဲ့ရပြီး ၁၂ နာရီ ၁၇မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ် လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

' ' ဆုံးတာကတော့ ၃ယောက်ပါ၊ ၈နှစ်အရွယ် ကောင်လေးတစ်ယောက်ရယ်၊ အသက် ၅၀နဲ့ ၆၈နှစ် အမျိုးသမီး ၂ဦးရယ်၊ ဒဏ်ရာရသူ ၂ဦးထဲက ဒေါ်ပြုံးဆိုတဲ့အမျိုးသမီးကတော့ အသက်ရူကျပ်တာ လောက်ပဲဆိုတော့ အောက်ဆီဂျင်ရှုပေးလိုက်တာ သက်သာသွားပြီ၊ နောက်တစ်ဦးကတော့ မီးလောင်ဒဏ်ရာရသွားလို့ ရန်ကုန်ဆေးရုံကြီးကို ပို့ပေးခဲ့ရတယ်''လို့ လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်) ဥက္ကဋ္ဌဖြစ်သူ ဦးထွန်းထွန်းဦးကပြောပြပါတယ်။

မီးလောင်မှုဖြစ်ပွားရာတိုက်ခန်းဟာ ပထမထပ်အလွှာမှာတည်ရှိတဲ့ Hall Type အမျိုးအစားတိုက်ခန်းဖြစ်ပြီး သေဆုံးသူတွေဟာ ရေချိုးခန်းအတွင်းပြေးဝင်ရာက ပိတ်မိနေခဲ့တာဖြစ်တယ်လို့ မျက်မြင်တွေ့ခဲ့ရတဲ့အခြေ အနေ ကို ဦးထွန်းထွန်းဦးကပြောပြပါတယ်။

' ' ဆုံးတဲ့ ၃ယောက်က ရေချိုးခန်းထဲပြေးဝင်နေကြတာ၊ သူတို့တိုက်ခန်းက နောက်ဘက်မှာ မလွယ်ပေါက် လည်းမရှိဘူး၊ လှေကားလည်းမရှိဘူး။ ရေချိုးခန်းထဲမှာ တစ်ပေလောက်ရှိတဲ့ အပေါက်တစ်ခုတော့ရှိတယ်။ အစပိုင်းကတော့ အဲဒီအပေါက်ကနေ မီးသတ်ကို ကလေးတင်ပြီးပေးဖို့ သူတို့အော်ကြသေးတယ်။ နောက် တော့ အထဲမှာပိတ်မိ မီးခိုးမွှန်ပြီး လဲကျသွားပြီး မီးလောင်ဒဏ်ရာနဲ့ပဲဆုံးသွားတာ။ အရှေ့ဘက်ကို ပြေးထွက်လာတဲ့ ၂ယောက်ကတော့ လွတ်သွားတယ်။ကျွန်တော်တို့ပဲ ဆေးရုံကို ပို့ပေးခဲ့တာ။''လို့ ဦးထွန်း ထွန်းဦးက မျက်မြင်ကြုံတွေ့ခဲ့ရတဲ့အခြေအနေကို ပြန်ပြောပြပါတယ်။

ရန်ကုန်မြို့က မြို့နေလူထုအများစုနေထိုင်ရာ ကန်ထရိုက် တိုက်ခန်းအများစုဟာ နောက်ဖေးအရေးပေါ် လှေကားတွေ ထည့်သွင်း မတည်ဆောက်ခဲ့တာ၊ တည်ဆောက်ထားတဲ့လှေကားအချို့မှာလည်း ခိုင်ခန့်မှုမရှိတာတွေကြောင့် မီးလောင်မှုဖြစ်ပွားပါက အသက်ဆုံးရှုံးမှုတွေနဲ့ကြုံတွေ့နေရတာတွေရှိနေပြီး မြို့နေလူထုအများစုဟာ မီးဘေးအန္တရာယ်ဖြစ်ပွားလာပါက အခုလို အသက်အန္တရာယ်ထိခိုက်လာမှာကို စိုးရိမ်ပူပန်တာတွေလည်းရှိနေပါတယ်။