မွန်ပြည်နယ်၊ရေးမြို့ရှိ အာဇာနည်ဗိမာန် ဖျက်ဆီးခံရ

ရေးသားခဲ့သည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည် (၉) ဦးအထိမ်းအမှတ် အဖြစ်တည်ဆောက်ထားတဲ့ အာဇာနည်ဗိမာန်ဟာ ဇန်နဝါရီ ၂၉ ရက် ညပိုင်းက လူတစ်စုရဲ့ ချိုးဖဲ့ဖျက်ဆီးတာကို ခံခဲ့ရတယ်လို့ ရေးမြို့ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

အဆိုပါဗိမာန်မှာ ရေးမြို့ပေါ်အတွင်းမှာပဲဖြစ်ပေမယ့် ဘောလုံးကွင်းဝန်းထဲမှာတည်ဆောက်ထားတာဖြစ် ကာ အနီးနားမှာ ဘုန်းတော်ကြီးကျောင်းသာရှိပြီး လူနေအိမ်တွေမရှိတဲ့အတွက် ဘယ်သူတွေ လာရောက် ဖျက်ဆီးသွားတယ်ဆိုတာကိုတော့ မသိလိုက်ဘူးလို့ လည်း ဒေသခံတွေကပြောပါတယ်။

' ' ဗိမာန်ရှေ့မှာ အခိုင်အမာလုပ်ထားတဲ့ ကွန်ကရိတိုင်တွေနဲ့ သံလုံးတွေကို ဖျက်ဆီးသွားတာ၊ ရည်ရွယ် ချက်ရှိရှိ ဖျက်ဆီးသွားတာသိသာတယ်၊ ဒုံးဒုံးနဲ့ ထုသံတွေကြားလို့ ဘုန်ကြီးကထွက်ပြီး ရဲတွေလာနေပြီလို့ အော်လိုက်တော့မှ ဆိုင်ကယ်နှစ်စီးနဲ့ ထွက်ပြေးသွားတာကိုတွေ့လိုက်ရတယ်လို့ ပြောတယ်။ ကျွန်တော်တို့ ကတော့ မနက်မှပဲသိတာ၊ ရဲတွေကတော့ ဘယ်သူတွေလုပ်တယ်ဆိုတာ လိုက်စုံစမ်းနေပါပြီ ''လို့ ရေးမြို့ နယ် ဒေသခံတစ်ဦးဖြစ်တဲ့ ဦးအောင်နိုင်ဝင်းကပြောပြပါတယ်။

ရေးမြို့မှာ အာဇာနည်ဗိမာန်ကို ၂၀၁၇ ဇူလိုင် ၁၉ ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကျပ်သိန်း ၂၀၀ ဝန်းကျင်ကုန်ကျခဲ့တဲ့ ဒီဗိမာန်ကို ရေးမြို့ စည်ပင်သာယာရေး အဖွဲ့ ဘတ်ဂျက်ထဲက ကျပ်သိန်း ၅၀ ပါဝင်ပြီး ကျန်မြို့သူမြို့သားတွေက စုပေါင်းထည့်ဝင်ငွေနဲ့ တည်ဆောက်ထားတာဖြစ်တယ်လို့ ရေးမြို့သူ မအိသန္တာ ကပြောပါတယ်။

'' မြို့ပေါ်ကလူတွေက အရမ်းစိတ်မကောင်းကြဘူး၊ ဒီလုပ်ရပ်ကြီးက ဘယ်လိုပဲဖြစ်ဖြစ် လက်မခံနိုင်ဘူး၊ ဒီဟာကြီးက ဘာမှလည်း ပတ်သက်မှုလည်းမရှိဘဲနဲ့ သွားလုပ်ဖို့ကလည်း မလွယ်ဘူးလေ၊ အခိုင်အမာလုပ် ထားတာကို၊ ဒါတစ်ဦးတစ်ယောက်က ရည်ရွယ်ချက်ရှိလို့ အင်အားသုံးပြီး ဖျက်ဆီးသွားတယ်လို့ပဲမြင်တယ်'' လို့ အာဇာနည်ဗိမာန်ကို ဖျက်ဆီးခံရတဲ့အပေါ် မအိသန္တာက ပြောပြပါတယ်။

ရေးမြို့ပေါ်မှာရှိတဲ့ အာဇာနည် ( ၉)ဦးရဲ့ အထိမ်းအမှတ်ဗိမာန် ဖျက်ဆီးခံရတာဟာ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတာဖြစ်နိုင်ပေမယ့် အမျိုးသားရေးအရ အာဇာနည် ၉ ဦးကို လေးစားမှုမရှိလို့ လုပ်တယ်လို့မမြင်ဘဲ နိုင်ငံရေးပရောဂါကြောင့်လုပ်တာလို့ပဲ ထင်မြင်ယူဆနေကြကြောင်း ဦးအောင်ဝင်းနိုင်ကပြောပြပါတယ်။

' ' ဒီ ၂ကြိမ် ဖြစ်တဲ့အပေါ်မှာ နိုင်ငံရေးပရောဂကြောင့်များဖြစ်မလား ဒါမှမဟုတ် အဲဒီနေရာက မူးယစ်ဆေး လာသုံးတဲ့ကလေးတွေလည်းရှိတော့ ကလေးတွေက စိတ်ရူးပေါက်လို့ လုပ်ကြသလားပေါ့၊ ဒီလိုတော့ မြင်မိတာပေါ့'' လို့ ဦးအောင်နိုင်ဝင်းကပြောပြပါတယ်။

အာဇာနည်ဗိမာန်ကို အခုနှစ်မှသာဖျက်ဆီးခံရတာမဟုတ်ဘဲ ၂၀၁၉ ခုနှစ်ကတည်း တစ်ကြိမ်ဖျက်ဆီးခံခဲ့ ရပြီး အလံတိုင်ကိုပါ ချိုးခံခဲ့ရတယ်လို့ လည်း ဦးအောင်နိုင်ဝင်းကပြောပြပါတယ်။

ဖျက်ဆီးသွားသူတွေကို ရေးမြို့မရဲစခန်းမှာ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု နဲ့ ရေးမြို့နယ်စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးကိုကိုနိုင်ကနေ တရားလိုပြုလုပ်ပြီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။