NLD ပါတီက ထုတ်တဲ့ ဦးကျော်ဇေယျ PPP ပါတီဝင်ရောက်

ရေးသားခဲ့သည်။

NLDက ပါတီဝင် အဖြစ်က ထုတ်ပယ်လိုက်တဲ့ ရန်ကုန်တိုင်း ဒဂုံမြို့နယ် တိုင်းလွှတ်တော် အမတ် ဦးကျော်ဇေယျဟာ ထုတ်ပယ်ကြောင်းစာရတဲ့ ဇန်နဝါရီ ၂၅ ရက်မှာပဲ ဒေါ်သက်သက်ခိုင်ရဲ့ PPP ပါတီကို ဝင်ရောက်မယ်လို့ ပြောပါတယ်။

ဒေါက်တာသက်သက်ခိုင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက နုတ်ထွက်ပြီး ပြည်သူ့ရှေ့ဆောင် PPP ပါတီကို တည်ထောင်ထားတာ ဖြစ်ပါတယ်။

ဦးကျော်ဇေယျဟာ ရန်ကုန်တိုင်းအစိုးရရဲ့ လုပ်ဆောင်ချက်တွေကို မီဒီယာတွေနဲ့ လူမှုကွန်ရက်တွေမှာ ထုတ်ဖော် ဝေဖန်ပြောဆိုလေ့ရှိသူ ဖြစ်ပါတယ်။ သူဟာ တပ်မတော်မှာ ဒုဗိုလ်မှူးကြီး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်မှာ ဒါရိုက်တာ အဖြစ်တာဝန်ယူခဲ့ပြီး အငြိမ်းစားယူခဲ့သူလည်း ဖြစ်ပါတယ်။

သူ့ကို ပါတီက ထုတ်ပယ်တာနဲ့ ပတ်သက်ပြီး NLD ပါတီ ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်က "စာထွက်မထွက်တော့ မသိဘူး။ သူ့ကို အရေးယူဖို့ ဆုံးဖြတ်ထားတာတော့ ရှိတယ်။ အဓိကကတော့ ပါတီက ချထားတဲ့ မူဝါဒတွေရှိပါတယ်။ ကိုယ့်အချင်းချင်း စည်းလုံးညီညွတ်မှု ပျက်စေတာ၊ ပါတီရဲ့ ပုံရိပ်ထိခိုက်စေမယ့် အပြုအမူ အပြောအဆိုတွေ မလုပ်ရဘူးဆိုတာ သတ်မှတ်ထားပါတယ်"

"အတွင်းစည်းထဲမှာတော့ ကြိုက်သလို ဝေဖန်လို့ ရပါတယ်။ ဒါပေမဲ့ ပြည်သူတွေကို အဲဒါတွေ ထုတ်ပြောခြင်းဟာ ပါတီတွင်းမှာ စည်းလုံးညီညွတ်မှု ပြိုကွဲစေနိုင်တယ်ဆိုရင် ကျွန်တော်တို့ အရေးယူပါတယ်" လို့ ပြောပါတယ်။

ဦးကျော်ဇေယျနဲ့ဒေါက်တာသက်သက်ခိုင်တို့ကို ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းကစလို့ NLD က ပါတီတာဝန်တွေက ရပ်နားထားခဲ့တာ ဖြစ်ပါတယ်။

အခုလို ပါတီက ထုတ်ပယ်ခံရတာနဲ့ ပတ်သက်လို့ ဦးကျော်ဇေယျက "ဟုတ်ပါတယ်။ ဒီနေ့ ရရချင်း တရားဝင်(စာ)ရလို့ တင်လိုက်တာပါ။ ပထမ ပါတီက ရပ်နားတုန်းကလည်း မြို့နယ်အလုပ်အမှုဆောင်အဖွဲ့က အံ့သြတယ်ပေါ့။ အခုလည်း ထုတ်လိုက်ပါတယ်။ ပထမ ကျွန်တော့်ကို ပြန်ပြီးတော့ တာဝန်ပေးမလားပေါ့"

"တချို့ဆို အယူခံ ဝင်တဲ့အတွက် တစ်နှစ်လောက် ခြောက်လလောက်ကြာရင် တာဝန်ပြန်ပေးတာ ရှိတယ်။ ကျွန်တော့်ကျ တာဝန် ပြန်ပေးမလားလို့ စောင့်နေတယ်"

"ကျွန်တော်ကစပြီး မထွက်ပါဘူး။ ထုတ်ရင်တော့ ထုတ်တဲ့အလျှောက်တော့ နာခံရမှာပေါ့လေ။ ကျွန်တော်ကလည်း ပြန်ပြီးအယူခံ မဝင်ပါဘူး" လို့ ပြောပါတယ်။

မီဒီယာတွေနဲ့ လူမှုကွန်ရက်မှာ သူပြောဆိုတာတွေနဲ့ ပတ်သက်လို့တော့ ပါတီခေါင်းဆောင်တွေက အခုလို အရေးမယူခင် ခေါ်ယူ သတိပေးတာတွေ မရှိခဲ့ဘူးလို့ ဦးကျော်ဇေယျက ပြောပါတယ်။

NLD ပါတီက၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီ ကိုယ်စားပြု ကိုယ်စားလှယ်တချို့ကို ပါတီတာဝန်ကရပ်စဲတာ၊ ထုတ်ပယ်တာတွေ ရှိခဲ့ပါတယ်။

ဒေါက်တာသက်သက်ခိုင်ကတော့ NLD ပါတီက ဒီမိုကရေစီနဲ့မညီတဲ့ ကန့်သတ်မှုတွေလုပ်တဲ့အပြင် ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်အဖြစ် ပါတီက ပြန်ရွေးမှာ မဟုတ်ဘူးစတာတွေကြောင့် နုတ်ထွက်တယ်လို့ ပြောခဲ့ပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီဟာ လူငယ်နဲ့အမျိုးသမီးတွေပါဝင်မှုကို မြှင့်တင်သွားမှာဖြစ်သလို၊ ခေါင်းဆောင် တစ်ဦးတည်းက ဦးတည်ဆုံးဖြတ်တဲ့စနစ်မျိုးမဟုတ်တဲ့ အများစုဆန္ဒနဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ် လုပ်ဆောင်မယ့် ပါတီဖြစ်တယ်လို့ ပြောထားပါတယ်။