ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ICJ ကိုမသွားသင့်ဘူးလို့ PPP ပါတီ ခေါင်းဆောင်တွေ ပြော

ရေးသားခဲ့သည်။

နိုင်ငံတကာခုံရုံး ICJ ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက် မဖြေရှင်းသင့်ဘူးလို့ ပြည်သူ့ရှေ့ဆောင်ပါတီ PPP ရဲ့ ခေါင်းဆောင်အဖွဲ့ဝင် ဒေါက်တာ သက်သက်ခိုင် နဲ့ စီးပွားရေး မူဝါဒ ရေးရာ အကြံပေး ဒေါက်တာဇော်ဦးတို့က ဘီဘီစီကို ပြောပါတယ်။

တိုင်းပြည်ရဲ့ ထိပ်ပိုင်းဆောင်တစ်ဦးအနေနဲ့ တရားရင်ဆိုင်တဲ့အခါ ထွက်ဆိုခဲ့မိမယ့် ကိစ္စတွေက အတည်တကျ မှတ်ယူမှာ ဖြစ်တဲ့အတွက် ပြန်လည်ပြင်ဆင်ဖြေရှင်းတဲ့အခါ ပြင်ဆင်နိုင်ဖို့ အခက်အခဲ ရှိလာနိုင်တယ်လို့ ဒေါက်တာသက်သက်ခိုင်က ယူဆပါတယ်။

"ဖြစ်စေချင်တာက အန်တီစုကိုယ်တိုင်မထွက်ဘဲနဲ့ ရှေ့နေ့ချုပ်တို့လို ဥပဒေအရ တာဝန်ရှိတဲ့သူက ထွက်ပြီး အန်တီစုက အနောက်ကနေ ဖြစ်စေချင်တာ" လို့ သူက ပြောပါတယ်။

ဒေါက်တာဇော်ဦးကတော့ ICJ ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သွားရောက်ဖြေရှင်းမယ်ဆိုတာက နိုင်ငံခေါင်းဆောင်တဦးက လာပြီးဖိအားပေးတဲ့ ပုံစံမျိုး ဖြစ်သွားနိုင်တယ်လို့ ပြောပါတယ်။

"ဥပဒေအရ ဖြေရှင်းရမယ့်ကိစ္စကို ဥပဒေအရပဲ ချေပရမယ်။ ဒါပေမယ့် နိုင်ငံရေးကိစ္စလိုမျိုးကျွန်တော်တို့ဘက် ကလုပ်တယ်လို့ အခြားတဖက်က ယူဆလေလေ ကျွန်တော်တို့အတွက် အထင်ပိုပြီးလွဲခံရဖို့ များလေလေပဲ" လို့ သူက ပြောပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ ပထမဦးဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲ ရန်ကုန်မြို့မှာ နိုဝင်ဘာ ၃၀ ရက်က Melia ဟိုတယ်မှာ ပြုလုပ်ခဲ့အပြီး သူတို့က ဘီဘီစီကို အခုလို ပြောတာ ဖြစ်ပါတယ်။

ဒေါက်တာဇော်ဦးက ပြည်သူ့ရှေ့ဆောင်ပါတီမှာ စီးပွားရေးဆိုင်ရာ၊ အခြားမူဝါဒရေးဆွဲရေးဆိုင်ရာ ကိစ္စတွေကို အကြံပေးတဦးအနေနဲ့ ဆောင်ရွက်မှာ ဖြစ်ပြီး အရင် သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ စီးပွားရေးအကြံပေးဖြစ်ခဲ့သူ ဦးမြင့်နဲ့အတူ ပါဝင် ဆောင်ရွက်မယ့်သူတဦးလည်း ဖြစ်ပါတယ်။

ဒေါက်တာ သက်သက်ခိုင်ဟာ အန်လ်ဒီ ပါတီဝင်ဟောင်းတစ်ဦး ဖြစ်ပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ သူ့ကို အန်အယ်လ်ဒီပါတီက တာဝန်ကနေ ရပ်ဆိုင်းထားခဲ့ပါတယ်။ ၂၀၁၉ အောက်တိုဘာလ ၃၀ ရက်မှာတော့ အန်အယ်လ်ဒီပါတီက တရားဝင် နုတ်ထွက်ခွင့်ရခဲ့သူ ဖြစ်ပါတယ်။

သူဟာ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - အန်အယ်လ်ဒီ ပါတီ ကနေ ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့တဲ့သူပါ။

ဒီမိုကရေစီနဲ့ မညီတဲ့ ကန့်သတ်မှုတွေ လုပ်တယ်၊ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အခွင့်အရေးတွေ ကန့်သတ်ခံရတယ်၊ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း အန်အယ်လ်ဒီပါတီက သူ့ကို ပြန်ရွေးမှာ မဟုတ်ဘူးဆိုတဲ့အတွက် အန်အယ်လ်ဒီပါတီက နုတ်ထွက်ခဲ့တာဖြစ်တယ်လို့ ဒေါက်တာ သက်သက်ခိုင်က သူအန်အယ်လ်ဒီပါတီက နုတ်ထွက်တဲ့အကြောင်း ဘီဘီစီကို ပြောထားပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီက လူငယ်နဲ့အမျိုးသမီးတွေပါဝင်မှုကိုမြှင့်တင်သွားမှာဖြစ်သလို၊ ခေါင်းဆောင် တစ်ဦးတည်းက ဦးတည်ဆုံးဖြတ်တဲ့စနစ်မျိုးမဟုတ်တဲ့ အများစုဆန္ဒနဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ် လုပ်ဆောင်မယ့် ပါတီဖြစ်တယ်လို့ ပါတီ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးမြင့်မောင်ထွန်းက ပြောပါတယ်။

လူငယ်နဲ့အမျိုးသမီးတွေကို သာမန်ပါဝင်မှုမျိုး သာမကဘဲ အရည်ချင်းပေါ်အခြေခံပြီး ဆုံးဖြတ်နိုင်တဲ့ နေရာတွေအထိ ပါဝင်ခွင့်ပြုသွားမယ်လို့လည်း သူက ဆိုပါတယ်။

တိုင်းရင်းသားတွေနဲ့လည်း မဟာမိတ် ဆက်ဆံရေးတည်ထောင်ပြီး တိုင်းရင်းသားတွေ ပါဝင်မှုကိုလည်း ပါတီရဲ့ ဆုံးဖြတ်နိုင်တဲ့နေရာတွေအထိရောက်ရှိနိုင်မယ့် ရွေးကောက်ရွေးချယ်မှုမျိုးကို ပါတီဖွဲ့စည်းပုံက အခြေခံထားတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီက ၂၀၂၀ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပေမယ့် ဘယ်လိုမဲဆန္ဒနယ်တွေမှာ ဝင်မယ်ဆိုတာကိုတော့ အတိအကျ မပြောသေးပါဘူး။

ပါတီခေါင်းဆောင်အဖွဲ့ဝင် ဒေါက်တာသက်သက်ခိုင်ကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ဆိုပေမယ့် ဘယ်မဲဆန္ဒနယ်က ဝင်မယ် ဆိုတာကိုတော့ မသိသေးဘူးလို့ ဒေါက်တာသက်သက်ခိုင်က ပြောပါတယ်။