ရှမ်းပြည်နယ်တွင်းက ဖြတ်လေးဖြတ်စီမံကိန်းရဲ့ အချက်အလက်တစ်ချို့ ထုတ်ပြန် အပါအဝင် မနက်ခင်းသတင်းများ

ရေးသားခဲ့သည်။

ရှမ်းပြည်နယ်အတွင်း တပ်ရဲ့ ဖြတ်လေးဖြတ်စီမံကိန်းကို ရှမ်းအဖွဲ့အစည်းများ ထုတ်ပြန်

ရှမ်းပြည်နယ်တောင်ပိုင်း၊ အရှေ့ပိုင်းမြို့နယ် တစ်ချို့မှာ ၁၉၉၆ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အတွင်း တပ်မတော်ရဲ့ ဖြတ်လေးဖြတ်စီမံကိန်းအရ နယ်မြေရှင်းလင်းရေး လုပ်ခဲ့တဲ့ အချိန်မှာ လူ့အခွင့် အရေး ချိုးဖောက်ခဲ့တဲ့ သတင်းအချက်အလက် ဗီဒီယို မှတ်တမ်းကို Shan Human Rights foundation အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

မြို့နယ် ၁၅ ခု၊ ရွာပေါင်း ၁၈၀ဝ ကျော်နဲ့ လူဦးရေ ၄ သိန်းနီးပါး ထိခိုက်နစ်နာခဲ့ရပြီး အဲဒီအခြေအနေကို ကြုံတွေ့ခဲ့ရတဲ့ လူတွေကို တွေ့ဆုံမေးမြန်းထားတာ ဖြစ်တယ်လို့ ရှမ်းလူ့အခွင့်အရေး အဖွဲ့ က စိုင်းလျမ်းက ဘီဘီစီကို ပြောပါတယ်။

ဒီအဖြစ်အပျက်တွေဟာ ၁၉၉၆ ကနေ ၁၉၉၈ အတွင်းလို့ သတ်မှတ် ကောက်ယူခဲ့တာဖြစ်ပေမယ့် တခြားနှစ်တွေက မှတ်တမ်းတစ်ချို့လည်းထည့်သွင်းထားတယ်လို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။

သတင်းထုတ်ပြန်ချက်ထဲမှာတော့ ၁၉၉၆ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အတွင်း ရှမ်းပြည်သူ တစ်ထောင်ကျော် ညှင်းပမ်း နှိပ်စက် သတ်ဖြတ်ခံရပြီး စစ်တမ်းကောက်ယူချက်အရ အမျိုးသမီး ၆၂၅ ဦး အဓမ္မပြု ကျင့် သတ်ဖြတ်ခံရတယ်လို့ ထုတ်ပြန်ထားပြီး အခုချိန်အထိ ရှမ်းကျေးလက် လူထု သိန်း ဂဏန်းနီးပါးဟာ နေရပ်မပြန်နိုင်သေးပဲ ထိုင်းနယ်စပ်မှာ ရွှေ့ပြောင်းအလုပ်သမား ဘဝနဲ့ နေထိုင်နေရတယ်လို့ အဲဒီအဖွဲ့အစည်းက ရေးသားထားပါတယ်။

အခုလိုထုတ်ပြန်ရတာဟာ ၂၀၁၉ ဒီဇင်ဘာ ၁၁ ရက်နေ့က လူမျိုးသုဉ်း သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ International Court of Justice (ICJ) မှာ လူမျိုးသုဉ်း သတ်ဖြတ်တာမဟုတ်။ အကြမ်းဖက်သမားများ သို့မဟုတ် သောင်းကျန်သူ လက်နက်ကိုင် အဖွဲ့များကို တပ်မတော်က ရှင်းလင်းတာပဲ ဖြစ်တယ်လို့ ပြောခဲ့တာကြောင့်ဖြစ်တယ်လို့ ရှမ်းလူ့အခွင့်အရေး Shan Human Rights foundation အဖွဲ့က ဆိုပါတယ်။

နိုင်ငံတကာ တရားရုံးက ကြားဖြတ် ကြားဖြတ်စီမံဆောင်ရွက်မိန့်ချမချ ဒီကနေ့ဆုံးဖြတ်မည်

လူမျိုးတုံး သတ်ဖြတ်မှု စွဲချက်နဲ့ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တင်သွင်း တိုင်ကြားထားတဲ့ အမှုမှာ ကြားဖြတ်စီမံ ဆောင်ရွက်ချက် အမိန့် ချမှတ်မလားဆိုတာကို ဒီကနေ့မှာ နိုင်ငံတကာ တရားရုံး ICJ က အမိန့်ချ ဆုံးဖြတ်ဖို့ ရှိပါတယ်။

အိုင်စီဂျေ အဆုံးအဖြတ်ကို သိရဖို့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ နယ်သာလန်နိုင်ငံကို ဇန်နဝါရီ ၂၁ ရက်နေ့မှာ ထွက်ခွာသွားပါတယ်။

မြန်မာကိုယ်စားလှယ် အဖွဲ့ကို နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ဦးဆောင်ပြီး ဥပဒေ အကြံပေးတွေနဲ့ နိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေ လိုက်ပါသွားပါတယ်။

မြန်မာဘက်က လိုက်ပါဆောင်ရွက်တဲ့ ပါမောက္ခ မစ္စတာဝီလျှံရှေးဘတ် အပါအဝင် ဥပဒေပညာရှင် အဖွဲ့လည်း ICJ ကို လာရောက်ဖို့ရှိပါတယ်။

လူမျိုးတုံး သတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ ကုလသမဂ္ဂ ပဋိဉာဉ်ကို မြန်မာက ချိုးဖောက်တဲ့အတွက် ဆိုပြီး အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး OIC အဖွဲ့ရဲ့ ကိုယ်စား ဂမ်ဘီယာက အမှုဖွင့်တာဖြစ်ပါတယ်။

လင်းမြေအကောင်နှစ်ရာကျော် လွှတ်ထားလို့ ဒေသခံများတောထဲ မသွားရဲ

ကယန်းတိုင်းရင်းသား ရေးရာဝန်ကြီး ဦးအေးမောင် ရဲ့ ညွှန်ကြားချက်နဲ့ ဖယ်ခုံမှာ လွွှတ်ပေးခဲ့တဲ့ လင်းမြွေ အကောင်နှစ်ရာကျော်ကြောင့် ဒေသခံတွေဟာ တောထဲ ဟင်းရွက်ရှာဖို့ မသွားရဲဖြစ်နေတယ်လို့ ဖယ်ခုံဒေသခံ မအန်ဂျလာက ဘီဘီစီကို ပြောပါတယ်။

လင်းမြွေက အဆိပ်မရှိဘူးဆိုတာ မှန်ပေမယ့် လင်းမြွေတခြားမြွေအမျိုးအစား တွေရောနှောပေါက်ဖွားရာကနေ အဆိပ်ရှိတဲ့မြွေတွေပေါ်လာမှာ ဆိုးတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီဒေသမှာ သောင်းကျန်းတဲ့ကြွက်တွေကို အန်ဂျီအိုတွေက ဖမ်းခိုင်းပြီး ရလာတဲ့ ကြွက် အကောင်ရေအလိုက် ငွေရှင်းပေးတာ၊ စပါးပေးတာမျိုးနဲ့ ဖြေရှင်းခဲ့တာ ရှိပါတယ်။

ကယန်းတိုင်းရင်းသားရေးရာဝန်ကြီးကတော့ ဒီပြောဆိုချက်တွေကို ပယ်ချပြီး ဒီလင်းမြွေတွေက စိုက်ပျိုးရေးနဲ့ သစ်တောဦးစီးဌာန ပညာရှင်တွေ တိုင်ပင်ပြီးမှ သူကိုယ်တိုင်လွှတ်ခဲ့တာဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

အပြင်းအထန်အဆုတ်ရောင်ရောဂါ ထိန်းချုပ်ဖို့ တရုတ်မှာ အသွားအလာဖြတ်တောက်

တရုတ်နိုင်ငံမှာ ဖြစ်နေတဲ့ ကော်ရိုနာဗိုင်းရပ်စ် လို့ခေါ်တဲ့ ပြင်းထန် အဆုတ်ရောင်ရောဂါကို ထိန်းချုပ် ကန့်သတ်ဖို့ ကြိုးစားတဲ့အနေနဲ့ ဝူဟန်မြို့ကို တခြားမြို့တွေနဲ့ အသွားအလာ အဆက်ဖြတ်တောက် လိုက်ပါတယ်။

ဝူဟန်မြို့ကနေ ထွက်ခွာမယ့် လေယာဉ်နဲ့ ရထားခရီးစဉ်တွေ အားလုံးကို ရပ်ဆိုင်းထားမှာ ဖြစ်သလို မြို့ခံ ၁၁သန်းလောက်ကို အကြောင်းပြချက်မရှိရင် မြို့ထဲကနေ ထွက်ခွင့်ပေးမှာ မဟုတ်ဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒီဗိုင်းရပ်စ်ဟာ လူ ၅၀ဝ ကို ကူးစက်ထားပြီး သေဆုံးသူ ၁၇ ဦးအထိရှိလာပါတယ်။ အခုလက်ရှိမှာတော့ ဗိုင်းရပ်စ် ကူးစက်မှုတွေနဲ့ ပတ်သက်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဆွေးနွေးမှုတွေ လုပ်နေပါတယ်။