ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
NLD ဦးဆောင်တဲ့ အခြေခံဥပဒေပြင်ဆင်ရေး မူကြမ်းနှစ်ခု ဇန်နဝါရီလထဲ လွှတ်တော် တင်မယ်
နိုင်ငံရေးပါတီ၊ အစုအဖွဲ့အသီးသီးနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် တွေတင်ပြခဲ့တဲ့အချက်ပေါင်း ၃၇၀၀ ကျော်ပါအခြေခံ ဥပဒေ အခန်းလိုက် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန်အကြံပြုချက်တွေကို လေ့လာစိစစ်မှုတွေ ဒီလအတွင်းပြီးစီးမှာ ဖြစ်ပြီး ဇန်နဝါရီလထဲပြန်စမယ့် လွှတ်တော်အစည်းအဝေးမှာ ဥပဒေ မူကြမ်းနှစ်ခု အဖြစ် NLD ဦးဆောင်ပြီးလွှတ်တော် တင်ဖို့ရှိတယ်လို့ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ဘီဘီစီကို ပြောပါတယ်။
ဒီဥပဒေမှုကြမ်းနှစ်ခုကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၃၆ (က)နဲ့ပြင်ဆင်ရမယ့် ဥပဒေမူကြမ်း ကတစ်ခု၊ ၄၃၆ (ခ)နဲ့ သက်ဆိုင်ပြီး ပြင်ဆင်ရမယ့် ဥပဒေမူကြမ်း ဆိုပြီးနှစ်ခု ခွဲပြီးတင်ပြဖို့ရှိတယ်လို့လည်း သူကပြောပါတယ် ။
အဲဒီ ဥပဒေမူကြမ်းနှစ်ခုကို ပူးပေါင်းကော်မတီဝင်တွေ အပါအဝင် လွှတ်တော် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက အခြေခံဥပဒေ အခန်း (၁၂)ပါ ပြဋ္ဌာန်းချက်အတိုင်း လက်မှတ်ရေးထိုးပြီး တင်သွင်းမှာဖြစ်တယ်လို့လည်း ဒေါက်တာမြတ်ဉာဏစိုးက ပြောပါတယ်။
ဇန်နဝါရီ ၁၃ ရက် နေ့မှာ အခြေခံဥပဒေပြင်ဆင် ရေး ပူးပေါင်းကော်မတီ အစည်းအဝေးတွေ ပြန်စမှာဖြစ်ပြီး ဇန်နဝါရီ ၂၄ ရက် မှာ ကျန်နေတဲ့ အခြေခံဥပဒေ အခန်း၁၄ ၊၁၅ နဲ့နောက်ဆက်တွဲ ဇယားကို အပြီး သုံးသပ်သွားမယ်လို့လည်း သူကပြောပါတယ်။
NLD က အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဦးဆောင်ဖွဲ့စည်းပြီး အချက်အလက်တွေ အကုန်လုံးကို စုစည်းလေ့လာနေချိန်မှာ ပြည်ခိုင်ဖြိုးပါတီက အခြေခံဥပဒေပြင်ဆင်ရေး မူကြမ်းသုံးခုနဲ့ တပ်မတော်က မူကြမ်းနှစ်ခုကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပါတယ်။
အချက်ပေါင်း ၃၇၀၀ ကျော်ကို ပြင်ဆင်ဖို့ တင်သွင်းထားကြတဲ့ အချက်တွေကို လွှတ်တော် ဥပဒေကြမ်း ကော်မတီက စုစည်းဆောင်ရွက်နေတဲ့၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးကို လက်ရှိ လွှတ်တော်သက်တမ်းအတွင်း အပြီးဆောင်ရွက်သွားမယ်လို့ လွှတ်တော်နာယက ဦးတီခွန်မြတ် ဒီဇင်ဘာလ ၃ရက်နေ့က ပြောခဲ့ပါတယ် ။
လာမယ့် ၁၅ ကြိမ်မြောက် လွှတ်တော်မှာ တင်မှာ သေချာပေမယ့် ကိုယ်စားလှယ်တွေ လက်မှတ် စုစည်းရမှာ မို့လို့ ဘယ်နေ့ တင်မယ်ဆိုတာကို မပြောနိုင်တာပါလို့ ဒေါက်တာမြတ်ညဏစိုးက ဘီဘီစီကို ပြောပါတယ်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွေကို လာမယ့် ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ပြန်စတင်မယ်လို့လည်းထုတ်ပြန်ထားပါတယ်။
အခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်းဟာ နောက်လွှတ်တော် သက်တမ်းကို သယ်သွားလို့ မရနိုင်တာကြောင့် အခုလွှတ်တော် သက်တမ်းအတွင်းမှာ ရနိုင်သလောက် အပြီးသတ်ဆောင်ရွက်မယ်လို့လည်း ဒေါက်တာ မြတ်ညဏစိုးက ပြောပါတယ်။
နိုင်ငံရေးပါတီ၊ အစုအဖွဲ့အသီးသီးနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေက ပြင်ဆင်ဖို့ အကြံပေးခဲ့တဲ့ ၃၇၆၅ ချက် ကနေ မူကြမ်းဆွဲလိုက်တဲ့ အခါ အချက် ဘယ်နှချက်လောက် ကျန်သလဲ ဆိုတာနဲ့ ပတ်သက်လို့ လွှတ်တော် မတင်မီ ဖြစ်လို့ ပြောလို့မရကြောင်း လည်း သူက ပြောပါတယ်။
ဒါ့အပြင် အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ (က) နဲ့ ပြင်ဆင်ရမယ့် အချက်တွေဟာ လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းအထက် သဘောတူဖို့ အပြင် ဆန္ဒခံယူပွဲပါ လုပ်ဖို့ လိုတာကြောင့် ဘယ် အတိုင်းအတာအထိ ပြင်နိုင်မယ် ဆိုတာတွေကလည်း မေးစရာ ဖြစ်နေပါတယ်။
တပ်မတော်သား ကိုယ်စားလှယ်တွေ ကန့်ကွက်ထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီတွေရဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ အောင်မြင်နိုင်ဖို့ အခွင်အလမ်းနည်းတယ်လို့ ဖွဲ့ စည်းပုံ ပြင်ဆင်ရေးမှာ ပြင်ဆင်လိုတဲ့အချက် ၁၁၁၂ ချက်ပြင်ဆင်ဖို့ အဆိုပြုထားတဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောခဲ့ပါတယ်။
အခြေခံဥပဒေပြင်ဆင်ရေး မူကြမ်းရေးဆွဲရာမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌတွေဆီက သဘောထား စုစည်းချက်တွေကိုလည်း တောင်းခံခဲ့ပြီး အချက်ပေါင်း၃၇၀၀ကျော်အပြင် တခြားဆွေးနွေးစရာတွေ ပါ ထွက်လာခဲ့တယ်လို့လည်း ဒေါက်တာမြတ်ညဏစိုးက ပြောပါတယ်။
အခြေခံဥပဒေ ပြင်ဆင်ရေး၄၅ဦး ပူးပေါင်းကော်မတီထဲက ဆန္ဒပြုမဲခွဲခြင်း လုပ်ငန်းစဉ်အပေါ် တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီ က ကန့်ကွက်ထားပြီးတော့ ၊အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ တင် ပြချက်တွေပဲ အတည်ဖြစ်နေတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။
ပူးပေါင်းကော်မတီရဲ့ ဆောင်ရွက်ချက်တွေကို တပ်မတော်က အကြိမ်ကြိမ် ကန့်ကွက်ထားပြီး ကော်မတီကနေ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် နှစ်ဦး၊အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီက ဦးစိန်ဝင်းနဲ့ ရခိုင် အမျိုးသားပါတီက ကိုယ်စားလှယ် နှစ်ဦးကလည်း ကော်မတီက နုတ်ထွက် ထားပါတယ်။
NLDဦးဆောင်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းပြီးနောက် ပြည်ခိုင်ဖြိုးပါတီက အခြေခံဥပဒေပြင်ဆင်ရေး မူကြမ်းသုံးခုနဲ့ တပ်မတော်က မူကြမ်းနှစ်ခုကို အခြေခံဥပဒေ အခန်း (၁၂)ပါ ပြဋ္ဌာန်းချက်အတိုင်း ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းထားပါတယ် ။
အဲဒီ ဥပဒေမူကြမ်းငါးခု ထဲက ပထမ မူကြမ်းနှစ်ခုကို အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ လုပ်ငန်းစဉ်အောက်မှာ ထည့်သွင်းဖို့ လွှတ်တော်က ဆုံးဖြတ်ခဲ့ပြီး ကျန်သုံးခုကို ပူးပေါင်းကော်မတီက ဥပဒေမူကြမ်း တင်သွင်းချိန်မှာ သီးခြားစီ၊ တစ်ပြိုင်တည်း၊ ယှဉ်တွဲလျက် ပြင်ဆင်သည့် ဥပဒေမူကြမ်းအဖြစ် တင်သွင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမယ့်အခုတော့ ၅ခုစလုံးသီးခြားစီ၊ တစ်ပြိုင်တည်း၊ ယှဉ်တွဲလျက် ဆွေးနွေးမယ်လို့လည်း NLD ဘက်က သိရပါတယ်။
လက်ရှိ ပြင်ဆင်ဖို့ ကြိုးစားနေတဲ့၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပုဒ်မပေါင်း ၄၅၇ ခု ရှိပြီး ပြင်ဆင်ရမယ့် အချက်ပေါင်း ၃၇၀၀ ကျော်ကို နိုင်ငံရေးပါတီ ၁၄ ခု၊ တသီးပုဂ္ဂလကိုယ်စားလှယ်တွေနဲ့ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့က လူပုဂ္ဂိုလ် ၄၅ ဦး ပါဝင်တဲ့ ဖွဲ့ စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက အစီရင်ခံမှုတရပ် ပြုလုပ်ပြီး ဇူလိုင် ၁၅ ရက်နေ့က ပြည်ထောင်စု လွှတ်တော်ကို တင်ပြခဲ့ပါတယ်။
အဲဒီနောက် စိစစ်ထားတဲ့ မူကြမ်းတွေကို ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၅ ကြိမ်မြောက် အစည်းအဝေး ဇန်နဝါရီလ ၂၇ ရက်နေ့ ပြန်လည်စရာမှာ အမီတင်ဖို့ လုပ်နေတယ်လို့ ဒေါက်တာ မြတ်ဉာဏစိုးက ပြောပါတယ်။
အဲဒီလို လွှတ်တော်တင်လိုက်ချိန်မှာ အခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော် မတီသက်တမ်းကုန်သွားမှာ ဖြစ်ပြီးတော့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းလေ့လာရေးကော်မတီတွေကသာ အရင် ဥပဒေကြမ်းတွေနဲ့ NLDဥပဒေကြမ်းကို သီးခြားစီ၊ တပြိုင်တည်း လေ့လာမယ်လို့လည်း ဒေါက်တာမြတ်ဉာဏစိုးက ပြောပါတယ်။
"ကျွန်တော်တို့ ၂၀၂၀ တွင်း မှာ အကောင်းဆုံးဖြစ်နိုင်သလောက် ပြင်မှာပါ။တစ်ဦးနဲ့တစ်ဦး စုစုစည်းစည်း နားလည်မှုရှိရှိ လုပ်ကိုင်ရမှာပါ။ပြည်သူတွေကလည်းဒီအခြေခံဥပဒေကိုပြင်သင့်တယ်ဆိုတာ ပြောထားပြီးဖြစ်တဲ့ အတွက် လွှတ်တော်ထဲ က ၆၆၀ သော လွှတ်တော်ကိုယ်စားလှယ်တွေ ပြည်သူ့မျက်နှာ ကြည့်ကြပါလို့ ဒေါက်တာမြတ်ဉာဏစိုးက ပြောပါတယ်"