အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် ဂုဏ်သိက္ခာအရ ထိခိုက်တယ်လို့ တပ်မတော်ပြော

ရေးသားခဲ့သည်။

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ အပါအဝင် တပ်မတော်အရာရှိ ၄ ဦးကို အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနက စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့လိုက်တာဟာ ဂုဏ်သိက္ခာပိုင်းအရ ထိခိုက်တယ်ဆိုပြီးတော့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောလိုက်ပါတယ်။

ဒဏ်ခတ်ပိတ်ဆို့ခံခဲ့ရတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်မှူးချုပ် သန်းဦးနဲ့ ဗိုလ်မှူးချုပ် အောင်အောင်တို့ဟာ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ၊ ဒါမှမဟုတ် ဖက်စပ်စီးပွားရေးလုပ်ငန်းတွေမှာ သူတို့ရင်းနှီးမြုပ်နှံထားတဲ့ ပိုင်ဆိုင်မှုတွေကို အမေရိကန်အစိုးရက ထိန်းချုပ်တာကို ခံရမှာ ဖြစ်ပါတယ်။

"သူတို့ ပိတ်ဆို့တဲ့ သူတွေမှာ နိုင်ငံခြားမှာ စီးပွားရေးအရ လုပ်ဆောင်ထားတာတွေ မရှိပါဘူး၊ ရှိနိုင်စရာလည်း အကြောင်းမရှိပါဘူး၊ သို့သော်လည်း ဂုဏ်သိက္ခာပိုင်းတော့ ထိခိုက်တာပေါ့" လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

(Global Magnitsky Human Rights Accountability Act) ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှု ဥပဒေအရ မြန်မာ့တပ်မတော်ဟာ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေအပါအဝင် ဒေသတွေမှာ လူမျိုးစုတွေအပေါ် ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာန Office of Foreign Assets Control (OFAC) ပြည်ပပိုင်ဆိုင်မှု ထိန်းချုပ်ရေးဌာနကနေ ဒီဇင်ဘာ ၁၀ ရက်နေ့က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်တာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သက်လို့ တပ်မတော်အနေနဲ့ ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူဖို့လည်း လိုအပ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ "ရခိုင်အရေးကိစ္စနဲ့ ပတ်သက်လို့ ပဋိပက္ခဖြစ်ပွားရတဲ့ အကြောင်းရင်းကို စတင်ခဲ့တာဟာ အဲ့ဒီမှာရှိနေတဲ့ တိုင်းရင်းသားမဟုတ်တဲ့ ARSA အကြမ်းဖက်အဖွဲ့က စခဲ့တာပါ၊ ဒီနောက်ခံလေးကိုတော့ အလေးထားဖို့ လိုမယ်ထင်ပါတယ်၊ ကျွန်တော်တို့က လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ကိစ္စတွေကို အစိုးရ ညွှန်ကြားချက်နဲ့ အညီ လုပ်ဆောင်ခဲ့တာ" လို့ ပြောပါတယ်။

အခု ဒဏ်ခတ်အရေးယူခံရတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်အရာရှိ ၂ ဦးတို့ကို ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း အမေရိကန် နိုင်ငံခြားရေးရာဌာနက ပြည်ဝခွင့်ဗီဇာပိတ်ပင်တဲ့ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ခဲ့ပါသေးတယ်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ အမေရိကန်ပြည်ထောင်စုဟာ မြန်မာအစိုးရနဲ့ တပ်မတော်ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုတွေကို လျစ်လျူရှုနေတာ ဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ နိုင်ငံရေးအရ ဖိအားပေး ပစ်မှတ်ထား ဆောင်ရွက်တယ်လို့ပဲ မြင်ပါတယ်လို့ ပြောပါတယ်။

"သူတို့က ပစ်မှတ်ထားပြီး နိုင်ငံရေး အာဂျန်ဒါနဲ့ လုပ်နေတာ… ကျွန်တော်တို့က ပြန်ဖြေရှင်းဖို့ မရှိပါဘူး"လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

လက်ရှိမှာ မြန်မာ့တပ်မတော်ဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အသိပေးမှုတွေ၊ သတိပေးမှုတွေ၊ ပညာပေးမှုတွေကို မြန်မာနိုင်ငံ လူ့အခွင့်အရေးကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ သင်ခန်းစာတွေကို တပ်ခွဲမှူး၊ တပ်စုမှူး၊ တပ်ရင်းမှူး သင်တန်းတွေမှာ ပို့ချနေပါတယ်" လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆက်ပြောပါတယ်။

အခုလို အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် နိုင်ငံတကာရဲ့ ရင်းနှီးမြုပ်နှံမှုတွေ ၀င်လာဖို့ ထိခိုက်မှု မရှိနိုင်ဘူးလားလို့ ဘီဘီစီက မေးရာမှာတော့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက "လူပုဂ္ဂိုလ်ကို ပိတ်တာလေ၊ နိုင်ငံတော်ကို ပိတ်တာ မဟုတ်ဘူး၊ အရင်တုန်းကလည်း အမေရိကန်က နိုင်ငံထဲမှာ တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုရှိတဲ့ နိုင်ငံမျိုးလည်း မဟုတ်ပါဘူး၊ လုပ်မယ်ဆိုတဲ့ မျှော်လင့်ချက်လည်း မရှိပါဘူး၊ ကျွန်တော်တို့နဲ့ ရင်းနှီးမြုပ်နှံမှုလုပ်နေတဲ့ နိုင်ငံတွေက ယခင် တပ်မတော်အစိုးရလက်ထက်ကတည်းက လုပ်နေတဲ့ နိုင်ငံတွေပဲ ဖြစ်ပါတယ်" လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။