ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကပရ ဝန်ထမ်း ၁၆ ဦးကို အေအေက ပြန်လွှတ်ပေး
ဒီဇင်ဘာ ၃၁ ရက် (မနေ့) က ဖမ်းသွားတဲ့ အောင်တံခွန် ရေယာဉ်ပေါ်က ကုန်းလမ်းပို့ဆောင်ရေး (ကပရ) ဝန်ထမ်း ၁၆ ဦးကို ဒီနေ့ မနက် ဇန်နဝါရီလ ၁ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ရက္ခိုင့်တပ်မတော် အေအေ က ထုတ်ပြန်ပါတယ်။
သူတို့က စစ်ဘက်နဲ့ မသက်ဆိုင်တဲ့သူတွေဖြစ်လို့ ပြန်လွှတ်ပေးတာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
ဒီနေ့ မနက် ၈ နာရီမထိုးခင်က ဘူးသီးတောင်မြို့နယ် သေကံကျေးရွာစာသင်ကျောင်းမှာ ကျေးရွာအုပ်ချုပ် ရေးမှူးနဲ့ ရပ်မိရပ်ဖတွေစီကို လွှဲပေးခဲ့တယ်လို့ အေအေက ထုတ်ပြန်ပါတယ်။
အခုလွှတ်ပေးလိုက်သူတွေက ဘင်္ဂလားဒေရှ့်နိုင်ငံက ပြန်ဝင်လာမယ့် ဒုက္ခသည်တွေကို လက်ခံမယ့် စခန်းတွေမှာ သယ်ယူပို့ဆောင်ရေး အတွက် ကားမာင်းဖို့ စစ်တွေကနေ ဘူးသီးတောင်ကို အောင်တံခွန် (၇) ရေယာဉ်နဲ့ လာခဲ့စဉ်မှာ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။
သူတို့ကို ရသေ့တောင်နဲ့ ခန့်မှန်းခြေ ၁၀ မိုင်ခန့်အကွာ စေတီပြင်ကျေးရွာဘက်ကိုသွားတဲ့ သင်္ဘောကို ချောင်းဝအနီးမှာ ရက္ခိုင့်တပ်တော်အေအေဘက်က သင်္ဘောကိုရပ်တန့်စေပြီး စစ်ဆေးမှုတွေပြုလုပ်ပြီး လူ ၁၆ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။
ဝန်ထမ်း ၁၈ ဦးအနက် ၁၆ ဦးကို အေအေဘက်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ ကပရ ရခိုင်ပြည်နယ် တာဝန်ခံ ဦးအောင်လင်းက ပြောပါတယ်။
အဲ့ဒီသင်္ဘောမှာ ခရီးသည်စုစုပေါင်း ၄၀ ကျော်လိုက်ပါခဲ့ကြပြီး ကျန်တဲ့ခရီးသည်တွေနဲ့ ရေယာဉ် ဝန်ထမ်းတွေကိုတော့ ကောင်းကောင်းမွန်မွန်ပြန်လည်လွှတ်ပေးလိုက်တဲ့အတွက် ဘူးသီးတောင်မြို့ ဆိပ်ကမ်းကို ခရီးဆက်ခဲ့တယ်လို့ ဦးအောင်လင်းက ပြောဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ ဖမ်းဆီးမှုတွေ မကြာခဏဖြစ်ပွားနေတဲ့အတွက် သွားရေးလာ ရေးအတွက်လည်း ခက်ခဲစေတယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။
ရသေ့တောင်မြို့နယ်ဟာ တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေမကြာခဏဖြစ်ပွားလေ့ရှိတဲ့မြို့နယ် တစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့လပိုင်းအတွင်းက စစ်တွေကနေ ဘူးသီးတောင်ကိုပြေးဆွဲနေတဲ့ ရွှေနဒီအမြန်ရေယာဉ် ကို အေအေဘက်ကနေ ရသေ့တောင်မြို့က အထွက်မှာ ဟန့်တားခဲ့ပြီး တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ အကျဉ်းဦးစီးဌာနက ဝန်ထမ်းတွေအပါအဝင် ခရီးသည်ပေါင်း ၅၀ ကျော်ကို ဖမ်းဆီးခဲ့ တဲ့အတွက် တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်း ဖမ်းဆီးသွားခဲ့တဲ့အထဲက ခရီးသည်တချို့ဟာ သေဆုံးခဲ့ရပြီး တချို့ကိုတော့ အေအေက ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ပါတယ်။
၂၀၁၉၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် တောင်ဘဇာနယ်မြေကိုသွားတဲ့ လဝက အရာရှိ သုံးဦးကို အေအေ အဖွဲ့က ဖမ်းဆီးခဲ့ပါသေးတယ်။ သူတို့ကိုတော့ ဒီနေ့အထိ ပြန်မလွှတ်သေးပါဘူး။