ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြောက်ဦးမှာ လူငယ် ၂၄ ဦး မူးယစ်ဆေးသုံးတယ်ဆိုပြီး အေအေ ဖမ်းဆီးသွား
ရခိုင်ပြည်နယ် မြောက်ဦးမြို့ထဲက လူငယ် ၂၄ ယောက်ကို မူးယစ်ဆေးသုံးတယ်ဆိုပြီး ဒီဇင်ဘာ ၁၅ ရက် ညပိုင်းမှာ အေအေ ရက္ခိုင့်တပ်တော်က ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။
"ကျွန်တော်တို့ ရပ်ကွက်ထဲမှာတော့ အဖွဲ့အစည်း တစ်ခုခုက ဖမ်းသွားတာ ခြောက်ယောက်လောက် ပါသွားပါတယ်။ကျွန်တော်တို့ ကြားသလောက်တော့ အစိချေ (WY ဆေးပြား) သုံးတဲ့သူတွေကို အကုန်ဖမ်းသွားတယ်လို့ သိရှိရပါတယ်" လို့ မြောက်ဦးမြို့ အောင်တပ် ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
"မြို့ထဲက ဟိုဘက် ဘုရားတွေမှာ တက်ပြီး သောက်နေတဲ့ ကလေးတွေ။ နောက်အတိအကျ သိရတာ ၂၄ ယောက်ပဲ သိပါတယ်"
"မိဘတွေက အခုထိတော့ လာမတိုင်သေးဘူး" လို့ သူက ဆက်ပြောပါတယ်။
ဒီလို ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ လူငယ် ၂၄ ဦးထဲမှာ လက်ကောက်ဈေးရပ်ကွက်က ၂ ဦး ပါတယ်လို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
မူးယစ်ဆေးဝါး ရောင်းချသူနဲ့ သုံးစွဲသူတွေကို ထိရောက်စွာ အရေးယူမယ်လို့ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က မြောက်ဦးမြို့ပေါ်က ဓာတ်တိုင်တွေ၊ နံရံတွေပေါ်မှာ စာကပ်ပြီးနောက် အခုလို ဖမ်းဆီးခံရတာ ပေါ်ပေါက်လာခဲ့တာပါ။
ဒီ ဖမ်းဆီးခေါ်ဆောင်မှု အပေါ် မြောက်ဦးမြို့က ဆွေမျိုးတော်စပ်သူ အမျိုးသမီး တစ်ဦးက "မိဘတွေက ဘယ်လိုခေါ်မလဲ။ သားသမီးတွေကို ပြောလို့မရ၊ ထိန်းကျောင်းလို့ မနိုင်ဘူးဆိုတော့ စိတ်ဆင်းရဲနေရတယ်လေ။ အခုလို ခေါ်သွားတယ်ဆိုတော့ မိဘတွေ တအား စိတ်ချမ်းသာနေရတယ်"၊
"အန္တရာယ် မဖြစ်နိုင်ပါဘူး။ အဲလို လုပ်လိုက်လို့ရှိရင် မူးယစ်ဆေးဝါးတွေ ပပျောက်သွားမှာပေါ့။ အဲလို မူးယစ်ဆေးဝါးတွေ ပပျောက်သွားမှ ဒေသအတွက် အများကြီး အကျိုးရှိလာမှာ" လို့ ပြောပါတယ်။
အေအေက သူတို့ကို ခေါ်ယူသွားပြီး ဘယ်လိုလုပ်မယ်ဆိုတာကို သဲသဲကွဲကွဲ မသိရသေးပါဘူး။
အခုလို ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် အေအေရဲ့ ပြောခွင့်ရသူ ခိုင်သုခကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
ရခိုင်ပြည်နယ် အစိုးရ ပြောခွင့်ရသူ စည်ပင်ဝန်ကြီးကလည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါဘူး။
အခုလို လူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲတယ်ဆိုပြီး အေအေက ဖမ်းဆီးခေါ်ဆောင်တာဟာ ပထမဆုံး အကြိမ် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။