ရွေကျင်မှာ ကလေးသူငယ်ပုဒ်မနဲ့ မိဘဖြစ်သူကို ရဲကဖမ်း

ရေးသားခဲ့သည်။

မြန်မာနိုင်ငံမှာ မိဘက သားသမီးကို ရိုက်နှက်ဆုံးမ တာထုံးစံဆိုပေမယ့် သားသမီးကို နှစ်တစ်လက်မ တုတ်နဲ့ ရိုက်နှက်တဲ့ ရွေကျင်မြို့အနီးကျေးရွာက မိဘတစ်ဦးဟာ၂၀၁၉ ခုနှစ်အတွင်း အတည်ပြုခဲ့တဲ့ ကလေးသူငယ် အက်ဥပဒေနဲ့ အမှုဖွင့်ခံရပြီးဒီဇင်ဘာလ ၂၉ ရက်နေ့က အချုပ်ထဲကို ရောက်သွားပါပြီ။

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် အထက်မင်းစောင်း ကျေးရွာမှာ ဒီဇင်ဘာ၂၅ ရက်နေ့ က နို့ဆီခိုးစားတယ်ဆိုပြီး‌ ၄ နှစ်ကျော် အရွယ် ကလေးငယ်ကို ရိုက်နှက်မှုနဲ့ အဖေအရင်းနှင့်မိထွေးကို ကလေးသူငယ် အက်ဥပဒေနဲ့အမှုဖွင့် ဖမ်းဆီးထားတယ်လို့ရွှေကျင်မြို့နယ် တိုင်းဒေသကြီး အမှတ်၂ လွှတ်တော်ကိုယ် စားလှယ် ဒေါ်လှလှဝင်းကပြောပါတယ်။

"ဖြစ်တာကလေးငါးရက်လောက်ရှိပြီ။ကလေးကို ပတ်ဝန်းကျင်က သိရပြီးဆေးရုံတင်တာ၊၂၈ ရက်နေ့ကဖြစ်ပြီးအမှုဖွင့်တာဒီဇင်ဘာလ၂၉ရက်နေ့ကပါ၊၂၀၁၉ခုနှစ်ကလေးသူငယ်အခွင့်‌ရေးများကာကွယ်စောင့်ရှောက်ရေးဥပဒေနဲ့ဖမ်းဆီးအမှုဖွင့်ထားပါတယ် "လို့ဒေါ်လှလှဝင်းကပြောပါတယ်။

ကလေးကို မိဘက ရိုက်လို့ ကလေးသူငယ်အခွင့်‌ရေးများကာကွယ်စောင့်ရှောက်ရေးဥပဒေနဲ့ အရေးယူခံရ တာဟာ အဲဒီဒေသမှာ ပထမဆုံးလို့လည်း ဒေါ်လှလှဝင်းကပြောပါတယ်။

ကလေးငယ်ဟာရွေကျင်ဆေးရုံမှာရောက်နေ

၄ နှစ်ကျော်ခန့်အရွယ် ကလေးဟာ အဖေအရင်းရှိပေမယ့် အဖေကနောက်မိန်းမ ယူထားလို့ သူရဲ့နောက်မိန်းမနဲ့အတူနေထိုင်ရသူဖြစ်ပါတယ်။

ရိုက်နှက်ခံရတာကြောင့် အဲဒီ့ ကလေးငယ်ဟာရွေကျင်ဆေးရုံမှာ မျက်လုံး မဖွင့်နိုင်အောင်ဖြစ်နေ သလို ၊ခေါင်းနဲ့ ဝမ်းဗိုက်တွေမှာ ရောင်ရမ်းတဲ့ဒဏ်ရာတွေ ရထားလို့ကုသမှုခံနေရ ပြီးတော့ ၊ပတ်ဝန်းကျင်က ဝိုင်းတိုင်လို့ရဲတပ်ဖွဲ့က အဖေအရင်းနဲ့ မိထွေးဖြစ်သူကို ရဲကဖမ်းလိုက်တာလို့ဒေသခံတွေကပြောပါတယ်။

ဒီအမှုဟာထင်ရှားရင် ထောင်ဒဏ် ရှစ်လ ကနေ ၅ နှစ် အထိကျနိုင် သလို ငွေဒဏ် ရှစ်သိန်းကနေ ၁၆သိန်းအထိ ချနိုင်တယ်လို့လည်း တရားလွှတ်တော်ရှေ့နေကြီးဦးကြီးမြင့် က ဘီဘီစီကိုပြောပါတယ်။

ဒီကလေးဟာ ဒီဇင်ဘာလ ၂၅ ရက်နေ့ထဲက နေ့စဉ် ရိုက်ခံနေရတာဖြစ်ပြီးတော့ရိုက်နှက်တဲ့ ဖြစ်စဉ်မှာ မိထွေးဖြစ်သူ ပါ ပါဝင်တာကြောင့်အဖမ်းခံထားရတယ်လို့လည်းဒေါ်လှလှဝင်းကပြောပါတယ်။

ပုဒ်မ ၁၀၃ က နဲ့ထောင်ကျနိုင်လား

ကလေးသူငယ်အခွင့်‌ရေးများကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ ၁၀၃ က မှာ နှိပ်စက်ညှင်းပန်းရင် ရက်စကိကြမ်းကြုတ်စွာ ပြုမူရင် အဲဒီပုဒ်မနဲ့ အရေးယူနိုင်တယ်။ဥပဒေအရ ဆိုရင် အနည်းဆုံးထောင်ရှစ် လလောက် ကနေ ၅ နှစ်အထိကျနိုင်တယ်လို့လည်း တရားလွှတ်တော်ရှေ့နေကြီးဦးကြီးမြင့် ကပြောပါတယ်။

အရိုက်ခံရတဲ့ ကလေးဟာ ရွှေကျင်မြို့နယ် ဆေးရုံမှာ တက်ရောက်ကုသနေပြီး လူနာစောင့်မရှိလို့ ရဲတပ်ဖွဲ့ က အလှည့်ကျ လူနာစောင့်ပေးနေရ ကြောင်းနဲ့ ဒီဇင်ဘာလ ၃၀ရက်နေ့ မှာသူ့အဘွား အရင်းဖြစ်သူနဲ့ အဆက်အသွယ်ရပြီလို့လည်း ဒေါ်လှလှဝင်း ကပြောပါတယ်။

ကလေး ကို သူ့အဘွားအရင်း ကတာဝန်မယူနိုင်ရင် လူမှုဝန်ထမ်း ကယ်ဆယ်ရေး က ထိမ်းသိမ်းထားဖို့စီစဉ်ထားတယ် လို့လည်းသူကပြောပါတယ်။

"ကလေးကဒဏ်ရာအတော်ပြင်းတယ် နှစ် တစ်လက်မ သစ်သားနဲ့ရိုက်ခံရတယ် ပြောတယ်၊ သူက ခေါင်းကလည်းပျော့စိ ကြီးဖြစ်နေတယ်၊ မျက်လုံး ကပိတ်ပြီးညိုမည်းနေတယ်၊ နံရိုးတဲ့တွေလည်းဖောင်းနေတယ်၊ ဗိုက်တွေလည်းဖောင်းနေတယ် ။ စောင့်ရှောက်မယ့်သူလည်း သူလည်းမရှိဘူးဖြစ်နေတယ် သူကရှင်းပြပါတယ်။

မိဘအရင်းဆိုပေမယ့် ကလေးငယ်တွေကို အခုလိုရက်ရက်စက်စက် မနှိပ်စက်သင့်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ ကလေးသူငယ်ဥပဒေနဲ့ ကလေးကိုရိုက်နှက်မှုကြောင့် မိဘ အရေးယူခံရတာ ဟာ ပထမဆုံး ဖြစ်ကြောင်း လည်းတရားလွှတ်တော် ရှေ့နေကြီး ဦးကြီးမြင့် ကပြောပါတယ်။