ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်ပြည်ထဲမှာ ကယ်သူမဲ့ဖြစ်နေတဲ့ မြန်မာအမျိုးသမီး
၂၀၁၈ နှစ်ဦးပိုင်း တစ်ရက်၊ တောင်ငူမြို့အနီး ထန်းတပင်မြို့နယ် ကျေးရွာတစ်ရွာက အသက် ၁၈ နှစ် အရွယ် မသူဇာအေးဟာ မြန်မာ တရုတ်နယ်စပ်တစ်နေရာမှာ ရောင်းစား ခံလိုက်ရပါတယ်။
ပွဲစားက သူ့အမေကို နောက်တစ်ပတ်လောက်အကြာမှာ ငွေသုံးသိန်းခွဲ လာပေးပါတယ်။
နှစ်စဉ် မြန်မာနိုင်ငံက အမျိုးသမီးငယ်တွေ အမြောက်အမြားဟာ တရုတ်နိုင်ငံကို နည်းလမ်းပေါင်းစုံနဲ့ ဇနီးမယားအဖြစ် ရောင်းစားခံရနေပြီးတော့ အဲဒီထဲက တချို့ကတော့ တရုတ်နိုင်ငံဘက်ကနေ မြန်မာနိုင်ငံကို ပြန်ရောက်လာခဲ့ကြပါတယ်။
ပြန်ရောက်လာသူတွေထဲက တချို့ဟာ တရုတ်နဲ့ အိမ်ထောင်ကျ ကလေးမွေးပြီးမှ ပြန်လာနိုင်ကြတာပါ။
တရုတ်နိုင်ငံမှာ ရောင်းစားခံရပြီးနောက်မှာတော့ မသူဇာအေး မြန်မာနိုင်ငံ ကိုပြန်လာဖို့ ကိုယ်ဝန် အရင့်အမာနဲ့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
ဘယ်လိုဆက်သွယ်လာတာလဲ
သူအခုလိုပြန်လာဖို့ကြိုးစားနေခဲ့တာ တနှစ်ကျော်လာပြီဖြစ်ပါတယ်။
မသူဇာအေး ဆက်သွယ်နေတာ မနှစ်ထဲက ဖြစ်ပြီး သတင်းအချက်အလက်တွေ အသေးစိတ် ပို့ပေမယ့် သူ့ကို ကယ်ထုတ်နိုင်တာ မရှိသေးပါဘူး။
အခုရက်ပိုင်း မြန်မာပြည်ပြန်လာသူ တရုတ်နိုင်ငံထဲ မှာ အလုပ်လုပ်နေသူတစ်ယောက် ကနေတစ်ဆင့် သူ့ကိုလာကယ်ဖို့ အကူအညီတောင်းနေတာလည်းဖြစ်ပါတယ်။
တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရတာတွေကို တရုတ်-မြန်မာနယ်စပ် စစ်ဆေးရေးဂိတ်တွေမှာ မကြာခဏ ဖမ်းဆီးမိလေ့ရှိပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ ရောင်းစားခံရသူ အမျိုးသမီး ၄၈ ဦးကို ကယ်တင်နိုင်ခဲ့ကာ လူကုန်ကူးသူ ၇၉ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲက ဆိုပါတယ်။
မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဘက်က တရုတ် ဇနီးမယားအဖြစ် ရောင်းစားခံရတဲ့သူတွေကို တရုတ်ပြည်ထဲမရောက်ခင် နယ်စပ်ဂိတ်မှာတင် တားဆီးရတဲ့ အမှုတွေချည်းဖြစ်ပြီး တရုတ်ပြည်ထဲ ရောက်ပြီးမှ ပြန်လည် ကယ်ဆယ်ရမှာကတော့ ၂၀၁၉ ခုနှစ်ထဲမှာ မသူဇာအေးအမှုတစ်ခုပဲ ရှိနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။
ဘယ်မှာရောက်နေတာလဲ
မသူဇာအေးဟာ မြန်မာနိုင်ငံ နဲ့ ကပ်နေတဲ့ တရုတ်ပြည် ယူနန်ပြည်နယ်ထဲကလို့ယူဆရ ဆတဲ့ တနေရာမှာရှိနေတာပါ။ ရောင်းစားခံရပြီး တစ်နှစ်နဲ့ ခြောက်လ အကြာမှာ မိဘတွေနဲ့ အဆက်သွယ်ပြန်ရခဲ့ပါတယ်။
တရုတ်နိုင်ငံထဲရောက်လာတဲ့ မြန်မာ လူမျိုး အလုပ်သမားလေး ပြန်အလာ မှာ မိဘတွေရှိရာ ရွာကို သူရောက်လာပြီး တရုတ်နိုင်ငံထဲက သမီးနဲ့ အဆက်အသွယ်ရခဲ့ ကြပါတယ်။
မသူဇာအေး ပေးပို့တဲ့ သတင်းအချက်အလက်တွေအရ သူဟာ ချင်းချိန်မြို့ နားက ရွာတစ်ရွာ ရောက်နေတယ်လို့ ရေးပါတယ် ။ သူ့ကို ဝယ်ယူထားတဲ့ သူတွေရဲ့ အချက်အလက်တွေကို လည်း မြန်မာလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ကို ပို့ထားပြီး ဖြစ်ပါတယ် ။
ရဲတပ်ဖွဲ့ဘက်ကလည်း တရုတ်နိုင်ငံဘက်ကို အကြောင်းကြားထားပြီဆိုပေမယ့် အခုထိတော့ သူဇာအေးကို တရုတ်ပြည်ထဲက မကယ်နိုင်သေးပါဘူး။
ဘယ်လိုရောင်းစားခံခဲ့ရတာလဲ
ပွဲစားက မသူဇာအေးကို ခေါ်သွားပြီးနောက် မူဆယ်တည်းခိုခန်းကနေ တစ်ဆင့် တရုတ်ပြည်ထဲ ရောင်းစားခံခဲ့ရပြီး ၅ ရက်လောက် အလုံပိတ်ကားနဲ့ သွားခဲ့ရပြီး သူ့ကို ပိတ်လှောင်ထားတယ် လို့ သမီးဖြစ်သူက ပြန်ပြောကြောင်း သူဇာအေး အမေ ဒေါ်တူးမာက ဘီဘီစီကို ပြောပါတယ်။
သူဇာအေးကို တစ်လ သုံးသိန်းခွဲနဲ့ ရွှေလီက ထမင်းဆိုင်မှာ အလုပ်ရမယ်ဆိုလို့ တရုတ်ပြည်ဘက်ကို လွှတ်လိုက်တာလို့လည်း ဒေါ်တူးမာက ပြောပါတယ်။
မိန်းကလေး ငါးယောက် အတူသွားကြရာမှာ သူဇာအေးနဲ့ အခြားတစ်ယောက်ကိုပဲ နယ်စပ်မှာ ခေါ်ထားလိုက်ပြီး ကျန် သုံးယောက်ကို ပြန်လွှတ်လိုက်တာဖြစ်ပါတယ်။
သူ့ကို မူဆယ်တည်းခိုခန်းကနေ အလုံပိတ်ကားနဲ့ ခေါ်သွားခဲ့တာလို့ သူဇာအေးက သူ့မိဘတွေကို ပြောပါတယ်။
မသူဇာအေး အမှုနဲ့ ပတ်သက်ပြီး မိဘတွေက တိုင်ကြားချက်ရှိတဲ့အတွက် လူကုန်ကူးမှု တားဆီးရေး ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစလို့ တရုတ်အာဏာပိုင်တွေဆီ သုံးကြိမ်တိုင်တိုင် အကြောင်းကြားခဲ့တယ်လို့ မူဆယ်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးကျော်ညွန့်က ဘီဘီစီကို ပြောပါတယ်။
ထပ်ပြီးရောင်းစားခံရမှာကိုလည်း စိုးရိမ်နေ
သူဇာအေးပို့ပေးတဲ့ သတင်းတွေ အရ သူဇာအေးဟာ နောက်ငါးရက်လောက်နေရင် ကလေးမွေးတော့မှာ ဖြစ်ပါတယ်။ သူက မြန်မာပြည်ထဲ ပြန်လာချင်နေပြီးတော့ နောက် တစ်ယောက်ကို ထပ်ပြီးရောင်းစားခံရမှာကိုလည်း စိုးရိမ်နေပါတယ်။
သူ့ကို ဇနီးမယားအဖြစ် ဝယ်ထားသူဟာ ငုံးခြံလုပ်ငန်း လုပ်ကိုင်တယ်လို့ ပြောပြီး ဘယ်နေရာရောက်နေတယ်ဆိုတာကိုတော့ သူက တိတိကျကျ ပြောနိုင်တာမျိုးတော့ မရှိပါဘူး ။
"သူဇာအေးနေတဲ့ မြို့တွေ ဘာတွေ တရုတ် ရဲဆီပို့ပြီးပြီ၊ အခုဆက်သွယ်တဲ့ အကောင့်ကျတော့ ကျွန်တော်တို့လည်း မလုပ်တတ်ဘူး၊ ခက်တာက သူနဲ့တိုက်ရိုက် အဆက်သွယ်မရဘူးဖြစ်နေတာ"လို့ရဲမှူး ကျော်ညွန့် က ဘီဘီစီကို ပြောပါတယ်။
သူဇာအေးလို တရုတ်ပြည်ထဲမှာ ရောက်နေပြီး တရုတ်မယားအဖြစ် ရောင်းစားခံရသူတွေ ရှိနေပါသေးတယ်။
အချို့ ကလည်း နှစ်တွေကြာလို့ပြန်ချင်ပေမယ့် မပြန်တတ်လို့ ဖုန်းကနေပဲ ဆက်သွယ်ပြီး လာကယ်ဖို့ပြောကြပါတယ်။
မြန်မာရဲတွေဘယ်လောက်ကယ်ထုတ်နိုင်လဲ
အခုနှစ် ဖေဖော်ဝါရီလ အတွင်း တရုတ်နိုင်ငံသား ဇနီးမယားအဖြစ် ရောင်းစားခံထားရတဲ့ မြန်မာအမျိုးသမီးတစ်ဦးနဲ့ ရောင်းစားခံရတော့မယ့် အမျိုးသမီးနှစ်ဦးကို တရုတ်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ကယ်ဆယ်နိုင်ခဲ့တယ်လို့ မူဆယ်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရုံးက ပြောပါတယ်။
တရုတ်နိုင်ငံသား ဇနီးမယားအဖြစ် ရောင်းစားခဲ့တဲ့ ဒီအမှုမှာ မြန်မာနိုင်ငံသား ပွဲစား နှစ်ဦးနဲ့ အတူ တရုတ်နိုင်ငံသား အမျိုးသမီးပွဲစား ၁ ဦး ကိုပါ စုံစမ်းဖော်ထုတ်နိုင်ခဲ့တယ်လို့ မူဆယ်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရုံးက ရဲမှူးကျော်ညွန့်က ပြောပါတယ်။
တရုတ်နိုင်ငံဘက်က သတို့သမီး လိုအပ်ချက်အရ တရုတ် - မြန်မာ နယ်စပ်မြို့တွေမှာ သိန်းရာကျော် အထိ ပေးမယ်ဆိုတဲ့ ကြော်ငြာစာတွေ ကပ်ပြီး မြန်မာအမျိုးသမီးတွေကို အငှားကိုယ်ဝန်ဆောင်ဖို့ ခေါ်ဆိုတာတွေ ရှိနေပါတယ်။
တရုတ်အမျိုးသားတွေနဲ့ အတင်း အဓမ္မ မင်္ဂလာဆောင်ပြီး ကလေးမွေးပေးဖို့ လူကုန်ကူးရောင်းစားခံရတဲ့ မြန်မာအမျိုးသမီး ၇,၅၀၀ လောက် ရှိတယ်လို့လည်း ဂျွန်ဟော့ပ်ကင်းစ် ဘလွန်းဘတ်ကျောင်းက ပြည်သူ့ကျန်းမာရေးဌာနနဲ့ ထိုင်းနိုင်ငံ အခြေစိုက် ကချင်အမျိုးသမီးအဖွဲ့က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်မှာ သတင်းထုတ်ပြန် ကြေညာခဲ့ပါတယ်။
ထောင်ငါးလပဲကျတဲ့ပွဲစား
မသူဇာအေးကို ရောင်းစားခဲ့သူ့၊ မသူဇာအေးကို အလုပ်ရမယ်ဆိုပြီး ခေါ်သွားခဲ့တဲ့ ပွဲစား ကိုစိုးနိုင်ဆိုသူကိုတော့ မိဘတွေက ပြည်ပအလုပ်အကိုင်ရှာဖွေရေး ဥပဒေ ပုဒ်မ ၂၆ နဲ့ တရားစွဲခဲ့ပြီး ပြစ်မှုထင်ရှားလို့ အဲ့ဒီလူဟာ ငါးလ ထောင်ကျခဲ့ပါတယ်။
အခုတော့ အဲ့ဒီပွဲစားက ထောင်က ပြန်လွတ်မြောက်လာပြီး ရွာကိုတောင် ပြန်ရောက်နေပြီလို့ မသူဇာအေးရဲ့ မိဘတွေက ပြောပါတယ်။ မသူဇာအေး အမှုနဲ့ ပတ်သက်လို့ ရောင်းစားခဲ့သူဟာ တစ်ရွာတည်းသားလို့ ပြောပါတယ် ။
အခု သမီးဖြစ်သူရဲ့ အခြေအနေကို သိတဲ့အတွက် လူကုန်ကူးပုဒ်မ ထပ်တပ်ကာ ပွဲစားဖြစ်သူ ကိုစိုးနိုင်ကို တရားထပ်မံစွဲဆိုသင့်တယ်လို့ လူကုန်တားရဲတပ်ဖွဲ့က ပြောပါတယ်။
မသူဇာအေးကတော့ဒီရက်ပိုင်း တရုတ်နဲ့ ရတဲ့ ကလေးကို မွေးတော့မှာ ဖြစ်ပါတယ်။ကလေးမွေးပြီးရင် သူ့ကိုထပ်ပြီး ရောင်းစားမှာ စိုးရိမ်လို့ သူ့ကို ကယ်ဖို့ အကူညီတောင်းနေတာပါ။
"တရုတ်ဘက်ကမွေးတော့မယ့်ကိုယ်ဝန် အရင့်အမာနဲ့ ဆိုရင် မွေးပြီးမှ ပြန်လွှတ်တာ များတယ် "လို့လည်း မူဆယ်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ရဲမှူး ကျော်ညွန့် က ဘီဘီစီကို ပြောပါတယ်။