ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ICJ ကြားနာမှုသုံးရက်တာ ပြီးဆုံး ၊ဇန်နဝါရီမှာ ကြားဖြတ်ဆောင်ရွက်ချက်အတွက် အဆုံးအဖြတ်ပေးမယ် အပါအဝင် မနက်ခင်းသိသင့်တဲ့ သတင်းများ
ICJ ကြားနာမှုသုံးရက်တာ ပြီးဆုံး ၊ဇန်နဝါရီမှာ ကြားဖြတ်ဆောင်ရွက်ချက်အတွက် အဆုံးအဖြတ်ပေးမယ်
နယ်သာလန်နိုင်ငံ သည်ဟိဂ်မှာ သုံးရက်တာ ကြားနာမှုဟာ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ပြီးဆုံးခဲ့ပါတယ်။ နယ်သာလန်နိုင်ငံ ရောက် ဘီဘီစီသတင်းထောက်ရဲ့ သတင်းပေးပို့ချက်အရ တရားသူကြီးတွေဆီကနေ မေးမြန်းချက်အရ ဒီအမှုကို ဇန်နဝါရီလဆန်း လောက်မှ မြန်မာနိုင်ငံအပေါ် ကြားဖြတ်စီမံ ဆောင်ရွက်ချက် ခွင့်ပြု မပြုဆိုတာကို အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၂ ရက်နေ့က ဂမ်ဘီယာနိုင်ငံနဲ့ မြန်မာနိုင်ငံက အပြန်အလှန် လျှောက်လဲချက် ပေးခဲ့ကြပါတယ်။
အဲဒီလိုပေးခဲ့တဲ့ အထဲမှာ မြန်မာကို ဂမ်ဘီယာဘက်က စွဲဆိုထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့တယ် ဆိုတာနဲ့ ပတ်သက်လို့ နောက်ဆုံးနေ့ အပြန်အလှန် ကြားနာမှုမှာ ဒုတိယနေ့က မြန်မာရှေ့နေတွေ မငြင်းခဲ့တဲ့ အချက်တွေနဲ့ စတင်ချေပသွားပါတယ်။
မြန်မာနိုင်ငံမှာ လူမျိုးတုံး သတ်ဖြတ်မှုတွေကို ရည်ရွယ်ချက်ရှိရှိ စနစ်တကျ လုပ်ဆောင်ခဲ့တယ် ဆိုတာကို အထောက်အထား သက်သေတွေနဲ့ တစ်ချက်ချင်းရှင်းသွားခဲ့ပါတယ်။
လူမျိုးတုံး သတ်ဖြတ်မှု အန္တရာယ်က မြန်မာနိုင်ငံမှာ ဆက်ရှိနေလို့ ဆိုပြီး Provisional measures လို့ ခေါ်တဲ့ ကြားဖြတ် စီမံဆောင်ရွက်ချက်တွေ အိုင်စီဂျေက အမိန့်ထုတ်ပြန်ပေးဖို့ ဒီနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ဂမ်ဘီယာဘက်က လျှောက်ထားတာ ဖြစ်ပါတယ်။
အထူးသဖြင့် ဂမ်ဘီယာဘက်က လျှောက်လဲခဲ့တဲ့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး မစ်ရှင်က အချက်တွေကို မြန်မာဘက်က မငြင်းခဲ့တာတွေကို အမေရိကန် ရှေ့နေအဖွဲ့က ခေါင်းဆောင် ရှေ့နေ ပေါလ်ရိုက်ကလာက တစ်ချက်ချင်း ချေပသွားပါတယ်။
မြန်မာဘက်ကတော့ ဂမ်ဘီယာဟာ အိုအိုင်စီ အထောက်အပံ့တွေနဲ့ တရားစွဲတာ ဖြစ်ပြီး မြန်မာအပေါ် တရားစွဲမှုကို ပယ်ဖျက်ပြီး ထုတ်နုတ် ကိုးကားထားတဲ့ စွဲချက်တွေဟာ ခိုင်မာမှု မရှိတဲ့အတွက် ကြားဖြတ်စီရင်ခွင့် မပေးဖို့ မြန်မာဘက်က ချေပသွားပါတယ်။
နယ်သာလန်နိုင်ငံ သည်ဟိဂ်မှာ ကျင်းပတဲ့ မြန်မာနဲ့ ဂမ်ဘီယာကြား နောက်ဆုံးအပြန်အလှန် ကြားနာမှု နောက်ဆုံးနေ့ အပြီး နိဂုံးချုပ် တင်ပြမှုမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။
ဘူးသီးတောင် NLD ဥက္ကဋ္ဌ ပျောက်ဆုံးဆဲ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် NLD ပါတီ ဥက္ကဌ ဖြစ်တဲ့ ဦးရဲသိန်းဟာ ICJ အမှုနဲ့ ပတ်သက်ပြီး ထောက်ခံပွဲလုပ်ဖို့ စည်းရုံးရေးသွားရာကနေ အဆက်အသွယ်မရပဲ ပျောက်ဆုံးနေတာ အခုဆိုရင် တရက်ကျော်နေပြီဖြစ်ပါတယ်။
ဦးရဲသိန်းဟာ ICJ အမှုကိစ္စနဲ့ သွားရောက်ဖြေရှင်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲ ပြုလုပ်တဲ့ချိန် ကျွေးမွေးဖို့ ဘူးသီးတောင်မြို့ကနေ ပြင်ရှည်ကျေးရွာကို ဈေးသွားဝယ်ရာကနေ ပြန်လည် မရောက်ရှိလာတာ ဖြစ်တယ်လို့ သူ့မိသားစုတွေက ပြောပါတယ်။
ဦးရဲသိန်းပျောက်သွားတဲ့အတွက် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ လုပ်ဖို့ ရည်ရွယ်ထားတဲ့ ထောက်ခံပွဲလည်း ပျက်သွားတယ်လို့ ဒေသခံတွေ ဆိုပါတယ်။
ဦးရဲသိန်းနည်းတူ NLD ပါတီက ချင်းလွှတ်တော် အမတ် တစ်ဦးဖြစ်သူ ဦးဝှေ့တင်းဟာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက ကုလားတန် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းအတွက် သွားရောက်ရင်း ပလက်ဝနဲ့ ကျောက်တော် အကြားမှာ ရက္ခိုင့်တပ် အေအေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။
ပျောက်ဆုံးနေသူ ဦးရဲသိန်းကို မိသားစုဝင်တွေအနေနဲ့ သွားရောက်ရှာဖွေဖို့ကို အခက်တွေ့နေတယ်လို့ ညီဖြစ်သူ ဦးအောင်ကိုဆွေက ဘီဘီစီကို ပြောပါတယ်။
အဆက်သွယ်မရပဲ ပျောက်ဆုံးနေတဲ့ ပါတီဥက္ကဌ နဲ့ ပတ်သက်လို့ ရက္ခိုင့်တပ် အေအေဘက်က ဖမ်းဆီးသွားတာ ဖြစ်နိုင်တယ် ဆိုပြီး ဒေသခံတွေအကြားခန့်မှန်း ပြောဆိုနေတာတွေလည်း ရှိနေပါတယ်။
ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ် ရဲ့ပြောရေးဆိုခွင့်ရှိသူ ဖြစ်တဲ့ ခိုင်သုခကို ဘီဘီစီက ဆက်သွယ်မေးမြန်းရာမှာတော့ သူ့အနေနဲ့ မသိရှိသေးကြောင်းနဲ့ အဆက်အသွယ် ရခဲ့ရင်တော့ ပြန်လည်ဆက်သွယ်ပေးမယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။
UK ရွေးကောက်ပွဲ ကွန်ဆာဗေးတစ်ပါတီ ဦးဆောင်
ယူကေနိုင်ငံမှာ ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲအတွက် မဲပေးမှု ပြီးဆုံးသွားပြီဖြစ်ပြီး လတ်တလော မဲရလဒ်တွေအရ ကွန်ဆာဗေးတစ်ပါတီဟာ မဲ အသာနဲ့ ဦးဆောင်နေပါတယ်။
BBC၊ITV၊ Sky သတင်းဌာနတွေက ရွေးကောက်ပွဲ မဲပေးပြီး ထွက်လာသူတွေဆီက ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ အမတ်နေရာ အများစုဖြစ်တဲ့ ၈၆ နေရာကို ကွန်ဆာဗေးတစ် ပါတီအနိုင်ရဖို့ ရှိတယ်လို့ သတင်းရရှိပါတယ်။
လေဘာပါတီခေါင်းဆောင် ဂျယ်လမီကတော့ လေဘာပါတီအတွက်ဒီညက စိတ်ပျက်စရာ ပဲလို့ ဆိုပါတယ်။
ကွန်ဆာဗေးတစ် ပါတီအနေနဲ့ အမတ်နေရာ ၃၆၈ နေရာ အနိုင်ရဖို့ ရှိပြီး မဲရလဒ်အားလုံး ရေတွက်ပြီးချိန် ၂၀၁၇ ခုနှစ် ရွေးကောက်ပွဲတုန်းကထက် အမတ်နေရာ ၅၀ ပိုများဖို့ ရှိတယ်လို့ စစ်တမ်းတွေက ဖော်ပြနေပါတယ်။
ဘီဘီစီရဲ့ ခန့်မှန်းချက် အရ ကွန်ဆာဗေးတစ်ပါတီဟာ အများစုရဲ့ ၇၆ ရာခိုင်နှုန်းကို ရနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
၂၀၁၆ Brexit ပြည်သူ့ဆန္ဒခံယူပွဲမှာ ထောက်ခံခဲ့တဲ့ အင်္ဂလန်နိုင်ငံ မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ ဝေလနယ်တွေမှာတော့ လေဘာပါတီဟာ မဲရလဒ်တွေရှုံးနေပါတယ်။
လေဘာပါတီဟာ ၂၀၁၇ မှာထက် မဲနေရာ ၆၅ နေရာပိုလျော့သွားနိုင်တယ်လို့ ခန့်မှန်းချက်တွေ ရှိနေပါတယ်။
ရွေးကောက်ပွဲ ပထမဆုံး မဲရလဒ်ကို ယူကေစံတော်ချိန် ညသန်းခေါင် မတိုင်ခင် သိရမှာ ဖြစ်ပြီး အပြီးသတ် နောက်ဆုံး မဲရလဒ် စုစုပေါင်းကတော့ ဒီဇင်ဘာ ၁၃ ရက် သောကြာနေ့ နေ့လယ်မှာ ထွက်ရှိမှာပဲ ဖြစ်ပါတယ်။