ဂမ်ဘီယာ လျှောက်လဲချက်ထဲက သတိထားကိုင်တွယ်ရမယ့် အရေးကြီးဆုံးအချက်

ရေးသားခဲ့သည်။

မြန်မာ - ဂမ်ဘီယာ ဂျီနိုဆိုက်အရေး ကြားဖြတ်အစီအမံ ကြားနာမှု နောက်ဆုံးနေ့မှာ ဂမ်ဘီယာဘက်က ပြောသွားတဲ့ အချက်တွေထဲက မြန်မာဘက်က သတိထားကိုင်တွယ်ရမယ့် အရေးကြီးဆုံးအချက်က မြန်မာမှာ ဆိုးရွားပြင်းထန်တဲ့ပြစ်မှုတွေ ဖြစ်ခဲ့တယ်ဆိုတာကို မြန်မာဘက်က ငြင်းမသွားဘူးဆိုတာကို ဂမ်ဘီယာက ထောက်ပြသွားတဲ့အချက် ဖြစ်တယ်လို့ Legal Aid Network က လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးက ပြောပါတယ်။

ဂမ်ဘီယာက ပြောသွားတဲ့ အချက်က " မြန်မာအစိုးရဘက်ကနေပြီးတော့ ဒီလိုမျိုး ဆိုးရွား ပြင်းထန်တဲ့ ပြစ်မှုကြီးတွေကို ငြင်းမသွားဘူး။ လေးယောက် တင်ပြချက်ထဲမှာ တစ်ယောက်မှ ငြင်းမသွားဘူး။

အဲဒါဘာကို ခေါ်လဲဆိုတော့ ဒီလို ပြစ်မှုကြီးတွေ ဖြစ်ပွားကျူးလွန်ခဲ့တယ်ဆိုတာ သေချာတယ်။ အဲတော့ ဒီပြစ်မှုကြီးတွေဟာ အချိန်တိုတောအတွင်းမှာ ဖြစ်သွားတာ ဘာကို ပြသလဲဆိုတော့ ဒါက ရည်ရွယ်ချက်နဲ့ ကျူးလွန်လို့ ဖြစ်တာ ရှောင်တခင်ဖြစ်တာ မဟုတ်ဘူး" ဆိုတဲ့ အချက်ဖြစ်တယ်လို့ ဦးအောင်ထူးက ပြောပါတယ်။

ဒါ့အပြင် ဂျီနိုဆိုက် မဖြစ်အောင် ကာကွယ်ပါတယ်ဆိုတဲ့ အချက်အလက်ကို အစိုးရဘက်က လုံးဝမတင်ပြသွားနိုင်ဘူး ဆိုပြီး ဂမ်ဘီယာက ထောက်ပြသွားတယ်လို့လည်း ဦးအောင်ထူးက ပြောပါတယ်။

ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၂ ရက် အထိ သုံးရက်တာ ကြားဖြတ်အစီအမံ အမိန့်ချပေးရေး ဂမ်ဘီယာက တောင်းဆိုထားကို ကြားနာတဲ့ နောက်ဆုံးနေ့ ပထမပိုင်းမှာ ဂမ်ဘီယာဘက်က အစိုးရ ကိုယ်စား တရားရေး ဝန်ကြီးနဲ့ ရှေ့နေ သုံးယောက်တို့က လျှောက်လဲသွားတာပါ။

ဒီလို လျှောက်လဲသွားတဲ့အခါ ဂမ်ဘီယာဘက်က မြန်မာနိုင်ငံဘက်က လုပ်ဆောင်ချက်တွေကို ဖော်ပြတဲ့ အချက် ၇ ချက်နဲ့ လျှောက်လဲသွားတယ်လို့ ဦးအောင်ထူးက ပြောပါတယ်။

အဲဒီ လျှောက်လဲချက် ခုနစ်ချက်က -

၁ - စစ်တပ်က ကြီးမား ပြင်းထန်တဲ့ အင်အားသုံးပြီး ရိုဟင်ဂျာတွေကို အပြတ်ရှင်းဖို့လုပ်တယ်။ အဲဒါကို အစိုးရက မငြင်းဘူး။

၂ - စစ်တပ်ရဲ့ ဖျက်ဆီးမှုက စနစ်တကျ စီစဉ်ပြီးလုပ်တာ အဲဒါက ရည်ရွယ်ချက်ကို ပြတာ။

၃- လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေကို ရည်ရွယ်ချက်ရှိရှိလုပ်တယ်။

၄- အစိုးရ အာဏာပိုင်တွေက ရိုဟင်ဂျာတွေ အပေါ် နှိမ့်ချ စော်ကားတဲ့ စကားတွေပြောတယ်။ ဒါက ရည်ရွယ်ချက်ကို ပြတာ။

၅- ရိုဟင်ဂျာတွေ အပေါ် ခွဲခြားဆက်ဆံမှုတွေ လုပ်တယ်။ ရိုဟင်ဂျာကလေးတွေ မွေးစာရင်း ရဖို့ မလွယ်ဘူး။ နိုင်ငံသားရဖို့ လုပ်မပေးဘူး။ ဒါက ရည်ရွယ်ချက်ကို ပြတာ

၆- ရိုဟင်ဂျာကို မုန်းတီးတဲ့ အသုံးအစွဲ၊ လှုံ့ဆော်မှုတွေ ဖြစ်နေတာကို အစိုးရက မတားဆီးဘူး။ ငြိမ်နေတယ်။

၇ - ဒီလို ပြစ်မှုကြီးတွေ ဖြစ်ပြီးတော့ ရိုဟင်ဂျာတွေ ခံရတဲ့ ကိစ္စအပေါ် အစိုးရက စုံစမ်းစစ်ဆေးတာ၊ ပြစ်မှုကျူးလွန်သူကို အပြစ်မပေးဘူးဆိုပြီး ပြောတဲ့ အချက်တွေ ဖြစ်တယ်လို့ ဦးအောင်ထူးက ပြောပါတယ်။

ဒါ့အပြင် မြန်မာကို ဂမ်ဘီယာက နိုင်ငံတကာ တရားရုံးမှာ တရားစွဲပိုင်ခွင့်ရှိ၊ မရှိ နှစ်ဘက် အပြန်အလှန်လျှောက်လဲတာနဲ့ ပတ်သက်ပြီး ပထမနေ့မှာ မြန်မာက ဂမ်ဘီယာက တရားစွဲခွင့်မရှိဘူးလို့ ချေပတာကို ဒီကနေ့မှာ ဂမ်ဘီယာက နှစ်နိုင်ငံကြားမှာ အငြင်းပွားမှု ရှိတယ်ဆိုတာကို နောက်တစ်ခါ အထောက်အထားနဲ့ ပြန်ပြောသွားတာဖြစ်လို့ လူ့အခွင့်အရေး ရှေ့နေ ဦးအောင်ထူးက ပြောပါတယ်။

ပထမပိုင်းမှာ ဂမ်ဘီယာဘက်က တင်ပြသွားတဲ့အချက်တွေအရ ကြားဖြတ်အစီအမံချမှတ်ရေး အခြေအနေကတော့ တရားရုံးလက်ထဲမှာပဲ ရှိတယ်လို့ ဦးအောင်ထူးက ပြောပါတယ်။

"ဥပဒေကြောင်းအရ ဆိုရင် ဘက်နှစ်ဘက်က တင်ပြချက်တွေက ဟိုဘက်က ကြည့်တော့လည်း သဘာဝကျတဲ့ အချက်တွေ တင်သလို ဒီဘက်က ကြည့်တော့လည်း သဘာဝကျတဲ့အချက်တွေ တင်တာ"

"သို့သော်လည်း ယေဘုယျအားဖြင့် ပြောမယ်ဆိုရင် အချက်အလက်နဲ့ Law နဲ့ ပေါင်းစပ်ပြောမယ်ဆိုရင်တော့ ဘာနားလည်လို့ရလည်း ဆိုတော့ ဒီရိုဟင်ဂျာတွေကိုတော့ ရည်ရွယ်ချက် ရှိရှိနဲ့ကို ချေမှုန်းတယ်လို့ပဲ နားလည်လို့ရတယ်" လို့ ဦးအောင်ထူးက ပြောပါတယ်။

ကြားဖြတ်အစီအမံ ကြားနာမှု သုံးရက်တာရဲ့ နောက်ဆုံးနေ့ ဒုတိယပိုင်းမှာ မြန်မာဘက်က လျှောက်လဲမှာ ဖြစ်ပါတယ်။