နိုဝင်ဘာ ၂၃ ရက် မနက်ခင်းသိသင့်တဲ့သတင်းများ

ရေးသားခဲ့သည်။

(၁) ICJ မှာ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ရမယ့်အရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကူညီဖို့ဆန္ဒရှိ

ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ တရားစွဲထားမှုအပေါ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သွားရောက်ရင်ဆိုင်မယ့်အရေးနဲ့ ပတ်သက်လို့ အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က တက်နိုင်သမျှ ကူညီဖို့ ဆန္ဒရှိတယ်လို့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးလှမောင်ရွှေက ဘီဘီစီကိုပြောပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ နိုဝင်ဘာ ၁၆ ကနေ ၂၂ ရက်အထိ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ အပစ်ရပ် စာချုပ်လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဆယ်ဖွဲ့ ကိုယ်စားလှယ်တွေ အစည်းအဝေး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီအစည်းအဝေးတွေမှာ လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး သုံးသပ်ဆွေးနွေးတာတွေလည်း ရှိခဲ့ပါတယ်။

"ဒီအစည်းအဝေးသုံးခုလုံးမှာ သူတို့ဘက်က ဒီအမှုအကြောင်း မေးမြန်းတာလည်းရှိသလို ကျွန်တော်တို့ ဘက်က လက်ရှိဖြစ်ပေါ် နေတဲ့ကိစ္စရပ်တွေနဲ့ အစိုးရဘက်က ပြင်ဆင်နေတဲ့ကိစ္စရပ်တွေကို အသိပေးတယ်။ သူတို့လည်း မြန်မာနိုင်ငံထဲမှာ အတူနေကြတဲ့ ပြည်ထောင်စုသားတွေပဲလေ။ အခု ဒီဇင်ဘာလဆန်း လုပ်မယ့် PPST(အပစ်ရပ်အဖွဲ့ခေါင်းဆောင်တွေစုဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့) အစည်းအဝေးမှာ ဒါကိုတင်ပြပြီးတော့ သူတို့ဘက်က တစ်စုံတစ်ခု ဘာတွေဆောင်ရွက်နိုင်မလဲ ဆိုတာ ဆွေးနွေးနိုင်တာမျိုးရှိပါတယ်" လို့ သူကပြောပါတယ်။

ဒါ့အပြင် ICJ မှာ ဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းရာမှာ တက်နိုင်တဲ့ဘက်က ဝိုင်းဝန်းအဖြေရှာ ကူညီဖို့ရှိတယ်လို့ အပစ်ရပ်အဖွဲ့ဖြစ်တဲ့ ပအိုဝ်းအဖွဲ့ (PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားထားပါတယ်။

ICJ မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး ICJ ရုံးစိုက်ရာ နယ်သာလန်နိုင်ငံ ၊ သဟေ့ဂ်မြို့ကို စေလွှတ်မယ့်အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ် လို့ ကြေညာထားသလို တပ်မတော်ကလည်း လိုအပ်ရင် တပ်ကိုယ်စားလှယ်တွေ ပါကောင်းပါ လာနိုင်တယ် လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက်မှာ နေပြည်တော်သမ္မတအိမ်တော်မှာ အစိုးရအဖွဲ့နဲ့ တပ်မတော်ကို တွေ့ဆုံပြီး ICJ ကိစ္စကို ဒေါ်အောင်ဆန်းစုကြည် ရှင်းပြဖို့ရှိနေပါတယ်။

အနောက်အာဖရိကထဲက ဂမ်ဘီယာနိုင်ငံဟာ နိုင်ငံပေါင်း ၅၇ နိုင်ငံပါတဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC ကို ကိုယ်စားပြုပြီး ဒီအမှုကို ဖွင့်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၁ဝ ရက်ကနေ ၁၂ ရက်ထိ နှစ်ဘက်နိုင်ငံတွေရဲ့ လျှောက်ထားချက်တွေကို ၃ ရက်တာ ကြားနာသွားမယ်လို့ ICJ ဘက်က ရုံးချိန်းရက်တွေ ထုတ်ပြန်ထားပါတယ်။

လူမျိုးတုံး သတ်ဖြတ်မှုတားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ ကုလသမဂ္ဂ ပဋိဉာဉ်ကို မြန်မာက ချိုးဖောက်တဲ့အတွက် ဆိုပြီး အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး OIC အဖွဲ့ရဲ့ ကိုယ်စား ဂမ်ဘီယာက အမှုဖွင့်တာ ဖြစ်ပါတယ်။

(၂) ဘိုလီးဗီးယားသမ္မတဟောင်း ဆူပူအောင်လှုံ့ဆော်နေတဲ့သူလို့ စွပ်စွဲခံရ

ဘိုလီးဗီးယားနိုင်ငံ မြို့တော်ဖြစ်တဲ့ လာပတ်စ်မြို့မှာ အတားအဆီးတွေ ဆက်လက်ချထားကြဖို့ သူ့ကိုထောက်ခံသူတွေကို သမ္မတဟောင်း အီဗိုမိုရားလပ်စ်က ပြောကြားခဲ့ပါတယ်။

အဲဒီလိုပြောကြားတဲ့အတွက် သူဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေကို လုပ်နေသူလို့ ဘိုလီးဗီးယားယာယီအစိုးရက စွပ်စွဲပြောကြားလိုက်ပါတယ်။

အခုလို လမ်းတွေကိုပိတ်ဆို့ထားလို့ အစားအသောက်နဲ့ လောင်စာဆီရှားပါးလာတာကြောင့် ဘိုလီးဗီးယားပြည်ထဲရေးဝန်ကြီးက အစိုးရရှေ့နေတွေနဲ့အတူ သမ္မတဟောင်း မိုရားလပ်စ်ကို အမှုဖွင့်လိုက်ပါတယ်။

ဒီအမှုမှာအပြစ်ရှိကြောင်း တွေ့ရှိခဲ့တယ်ဆိုရင်တော့ ထောင်ဒဏ်အနှစ်သုံးဆယ်ထိ ပြစ်ဒဏ်ကျခံရနိုင် တယ်လို့လည်း သူကပြောပါတယ်။

နိုင်ငံတွင်း မတည်ငြိမ်မှု၊ ဆန္ဒပြမှုတွေကို ရပ်တန့်နိုင်ဖို့အတွက် ရွေးကောက်ပွဲသစ်ကျင်းပဖို့ ဘိုလီးဗီးယား ယာယီသမ္မတက တောင်းဆိုထားပြီးရွေးကောက်ပွဲဘယ်အချိန် ကျင်းပမလဲဆိုတာကတော့ လွှတ်တော်ထဲမှာ ဆွေးနွေးငြင်းခုန်နေကြဆဲဖြစ်ပါတယ်။

လက်ရှိမှာ ဘိုလီးဗီးယားသမ္မတဟောင်း အေဗိုမိုရားလပ်စ်ဟာ မက္ကဆီကိုနိုင်ငံမှာ နိုင်ငံရေးခိုလှုံနေပါတယ်။

(၃) ဆီးရီးယားက မိဘမဲ့ဗြိတိသျှကလေးငယ်တွေ ဗြိတိန်ကိုပြန်ရောက်လာ

ဆီးရီးယားနိုင်ငံတွင်းက မိဘမဲ့ ဗြိတိသျှကလေးငယ်အဖွဲ့တစ်ဖွဲ့ ပြန်လာတာကို ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ကြိုဆိုခဲ့ပါတယ်။

ဒီကလေးတွေက အိုင်အက်စ် အစ္စလာမ်မစ်အဖွဲ့ ထိန်းချုပ်ထားတဲ့နေရာကနေ ခုလို ပြန်ရောက်လာတာဖြစ်ပါတယ်။

ကလေးတွေကိုခုလို နိုင်ငံတွင်းပြန်လည်ခေါ်ယူနိုင်တာဟာ ကြီးမားတဲ့ အောင်မြင်မှုဖြစ်တယ်လို့ မစ္စတာ ဘောရစ်ဂျွန်ဆင်ကပြောပါတယ်။

အစိုးရ ကူညီလို့ရနိုင်မယ့်နေရာမှာ ရှိနေသင့်တယ်လို့လည်း ဆိုပါတယ်။

ဆီးရီးယားမှာ ပိတ်မိနေတယ်လို့ ယူဆရတဲ့ ဗြိတိသျှကလေးငယ် ၆၀ ကျော်ကို ပြန်လည်ခေါ်ယူဖို့အတွက် လူမှုကယ်ဆယ်ရေးအဖွဲ့တွေက အစိုးရကိုတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

(၄) ဗြိတိန်နိုင်ငံရေးပါတီတွေ ရုပ်သံမေးမြန်းခန်းမှာ ပြင်းထန်တဲ့မေးခွန်းတွေနဲ့ ရင်ဆိုင်ခဲ့ရ

ဗြိတိန်မှာတော့ ရှေ့လကျင်းပမယ့်အထွေထွေရွေးကောက်ပွဲမတိုင်ခင် အဓိကနိုင်ငံရေးပါတီလေးခုဟာ သူတို့ရဲ့နိုင်ငံရေးမူဝါဒတွေနဲ့ပတ်သက်လို့ ရုပ်သံမေးမြန်းခန်းမှာ ပြင်းထန်တဲ့မေးခွန်းတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒီမေးမြန်းခန်းတွေမှာ လူထုကျန်းမာရေးဝန်ဆောင်မှုနဲ့ပတ်သက်တဲ့ရန်ပုံငွေကိစ္စ၊ ဥရောပသမဂ္ဂ အီးယူက နုတ်ထွက်ဖို့ သူ့ရဲ့အထင်ကရ အစီအစဉ်နဲ့ပတ်သက်လို့ ကာကွယ်ပြောဆိုဖို့အတွက် ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် ဘောရစ်ဂျွန်ဆင်တစ်ယောက် အခွင့်မသာခဲ့ပါဘူး။

ဗြိတိန် ဥရောပသမဂ္ဂက နုတ်ထွက်ရေး ဘရက်ဇစ်အစီအစဉ်နဲ့ပတ်သက်လို့ နောက်တစ်ကြိမ် လူထု ဆန္ဒ ခံယူပွဲကျင်းပသွားမယ်ဆိုရင်လည်း ဘယ်ဘက်ကိုမှမယိမ်းဘဲ ကြားနေသူအဖြစ် ဆက်နေသွားမယ်လို့ အတိုက်အခံလေဘာပါတီခေါင်းဆောင် ဂျရမီးကိုဘင်က ပြောပါတယ်။

ပါတီငယ်လေးတွေဖြစ်တဲ့ လစ်ဘရယ်ဒီမိုကရက်ပါတီနဲ့ စကော့တလန်အမျိုးသားပါတီက ခေါင်းဆောင်တွေဟာလည်း သတင်းထောက်တွေရဲ့ ပြင်းထန်တဲ့မေးခွန်းတွေကို ဖြေကြားခဲ့ရပါတယ်။