အစိုးရအဖွဲ့နဲ့ တပ်မတော် ကို တွေ့ဆုံပြီး ICJ ကိစ္စ ဒေါ်အောင်ဆန်းစုကြည် ရှင်းပြဖို့ ရှိ

ရေးသားခဲ့သည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းမှာ နေပြည်တော်က သမ္မတအိမ်တော် ငုရွှေဝါ ခန်းမ မှာ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင် တို့နဲ့အတူ ကုလသမဂ္ဂရဲ့ နိုင်ငံတကာတရားရုံး ICJ မှာ သွားရောက်ရင်ဆိုင်မယ့် အခြေအနေနဲ့ပတ်သက်ပြီး ရှင်းပြသွားဖို့ရှိတယ်လို့ ဒီပွဲကို တက်ရောက်ဖို့ ရှိတဲ့ အစိုးရအဖွဲ့ အဆင့်မြင့် အရာရှိကြီး တစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။

ဒီပွဲကို နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ဦးဆောင်တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ တက်ရောက်မှာ ဖြစ်သလို တပ်မတော်ဘက်က ခေါင်းဆောင်တွေကိုလည်း ဖိတ်ကြားထားတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၃ ရက်နေ့ (မနက်ဖြန်) မှာ ရှင်းပြမယ့် အချက်တချို့ကိုလည်း အများပြည်သူ သိရှိနိုင်အောင် ထုတ်ပြန်သွားဖို့ ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က နိုဝင်ဘာ ၂၂ ရက် ဒီကနေ့ မနက် ကုန်သည်၊စက်မှု အသင်းချုပ် နှစ် ၁၀၀ ပြည့် အခမ်းအနား မှာ ဘီဘီစီကို ပြောပါတယ်။

မနက်ဖြန်မှာ ပြုလုပ်မယ့် ICJ ကိစ္စ တွေ့ဆုံပွဲကို နိုင်ငံပိုင် သတင်းမီဒီယာတွေကိုလည်း ဖိတ်ကြားထားပါတယ်။

ဒီပွဲကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တက်ရောက်မယ့် အစီအစဉ် ရှိ၊ မရှိကိုတော့ တပ်မတော်ဘက်ကနေ တစ်စုံတစ်ရာ အတည်ပြုပေးတာမျိုးတော့ မရှိသေးပါဘူး။

ဒါပေမယ့် အမှုနဲ့ ပတ်သက်ပြီး တပ်မတော်ဟာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး လိုအပ်တဲ့ အချက်တွေ စုဆောင်းတာတွေ၊ ပေးအပ်တာတွေလည်း ရှိတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောထားပါတယ်။

ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ဂမ်ဘီယာ နိုင်ငံက မြန်မာနိုင်ငံကို တရားစွဲထားတဲ့ အမှုနဲ့ ပတ်သက်ပြီး ICJ ရုံးစိုက်ရာ နယ်သာလန်နိုင်ငံ သဟေ့ဂ်မြို့ကို စေလွှတ်မယ့်အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ်လို့ ကြေညာထားသလို တပ်မတော်ကလည်း လိုအပ်ရင် တပ်ကိုယ်စားလှယ်တွေ ပါကောင်းပါလာနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အနောက်အာဖရိကထဲက ဂမ်ဘီယာနိုင်ငံဟာ နိုင်ငံပေါင်း ၅၇ နိုင်ငံပါတဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC ကို ကိုယ်စားပြုပြီး ဒီအမှုကို ဖွင့်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၁ဝ ရက်ကနေ ၁၂ ရက်ထိ နှစ်ဘက်နိုင်ငံတွေရဲ့ လျှောက်ထားချက်တွေကို ၃ ရက်တာ ကြားနာသွားမယ်လို့ ICJ ဘက်က ရုံးချိန်းရက်တွေ ထုတ်ပြန်ထားပါတယ်။