ရသေ့တောင် စစ်ဘေးရှောင်တွေ ငှက်ပျောအူကို ဟင်းချက်စားနေရ အပါအဝင် မနက်ခင်းသတင်းများ

ရေးသားခဲ့သည်။

စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာခက်ခဲလို့ ငှက်ပျောအူနဲ့ထမင်းစားရ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ကနေ မင်းပြားမြို့နယ်ကို ပြောင်းရွှေ့လာတဲ့ စစ်ဘေးရှောင် တချို့ဟာ စားနပ်ရိက္ခာတွေ အခက်အခဲတွေ့နေတာကြောင့် ဟင်းစားအဖြစ် ငှက်ပျောအူနဲ့ ထမင်းစားနေကြရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေက ဆိုပါတယ်။

နိုဝင်ဘာ ၁၅ ရက်နေ့က ရသေ့တောင်မြို့နယ်ထဲမှာ ရခိုင်တပ်အေအေနဲ့ အစိုးရတပ်တွေကြား တိုက်ပွဲတွေ ဖြစ်နေတာကြောင့် သက်ပြေကျနဲ့ ပဲသဒူ ကျေးရွာတွေက ချင်းတိုင်းရင်းသား အိမ်ထောင်စု ၅၈စု၊ လူဦးရေ ၂၃၂ ယောက်ဟာ မင်းပြားမြို့နယ် သဌေးကုန်းကျေးရွာကို ပြောင်းရွှေ့လာရပါတယ်။

အခုလက်ရှိအခြေအနေမှာတော့ ရွှေ့ပြောင်းလာသူတွေဟာ အရေးပေါ် ရွှေ့ပြောင်းလာရတာကြောင့် ရွာက ပါလာတဲ့ငွေတွေလည်း နည်းပါးနေပြီဖြစ်ပြီး တခြားအသုံးအဆောင်တွေ ဝယ်ရတာကြောင့် အခုလို ဖြစ်သလိုပဲ ဟင်းစားနဲ့ စားနေရတာလို့ ရခိုင်ပြည်နယ် ချင်းတက္ကသိုလ် ကျောင်းသားများအဖွဲ့ ဥက္ကဋ္ဌ ဆလိုင်း ထွန်းလှကျော်က ဘီဘီစီကို ပြောပြပါတယ်။

ဒီလို စားရေးသောက်ရေး အခက်အခဲဖြစ်နေတာကြောင့် ရခိုင်ပြည်နယ် ချင်းတက္ကသိုလ်ကျောင်းသားများ အဖွဲ့က ကျောင်းသားတွေက နီးစပ်ရာ ချင်းရွာတွေမှာ ဆန်တွေကို အလှူခံပေးနေရသလို တိုင်းရင်းသားအခွင့်အရေးနဲ့ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန ကိုလည်း အကူအညီတောင်းခံဖို့ ပြင်ဆင်နေတယ်လို့ ဆလိုင်းထွန်းလှကျော်က ပြောခဲ့ပါတယ်။

ဗစ်တိုးရီးယား အမှု မှုခင်းဆရာဝန်နဲ့ ကျောင်းကြီးကြပ်ရေးမှူး စစ်မယ်

နိုဝင်ဘာ ၂၀ ရက်နေ့ ဒီကနေ့ မှာ ဗစ်တိုးရီးယား ကလေးငယ်ရဲ့အမှု ၁၁ ကြိမ်မြောက် ရုံးချိန်းအဖြစ် စစ်ဆေးမှာဖြစ်ပါတယ်။

ဒီနေ့မှာ မှုခင်းဆရာဝန်နဲ့ ကျောင်းကြီးကြပ်ရေးမှူး ဆရာမ ဒေါ်ဥမ္မာလှိုင်ကို စစ်ဆေးဖို့ရှိပါတယ်။

ဗစ်တိုးရီးယားကလေးငယ်ရဲ့ ဖခင်ဖြစ်သူဟာ စီစီတီဗီမှတ်တမ်းဖိုင်ကို အမြန်ဆုံး စစ်ဆေးပေးဖို့ နိုဝင်ဘာလ ၁၈ ရက်နေ့က ဒက္ခိဏခရိုင် ဥပဒေရုံးကို လျှောက်တင်ခဲ့ပါတယ်။

တရားသူကြီးက သင့်တော်တဲ့အချိန်မှာ ဒီစီစီတီဗီမှတ်တမ်းကို စစ်ဆေးပေးဖို့ အမိန့်ချတဲ့အတွက် အခုလို လျှောက်လွှာတင်ရတာဖြစ်ပြီး ဥပဒေရုံးကလည်း လျှောက်လွှာကို လက်ခံထားတယ်လို့ မိသားစုဘက်ကနေ လိုက်ပါ ကူညီဆောင်ရွက်ပေးနေသူ သက္ကမိုးညို ခေါ် ဒေါက်တာဝင်းကိုကိုသိန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၀ကြိမ်မြောက် ရုံးချိန်းမှာ Wisdom Hill မူကြိုကျောင်းက တရားရုံးကို သက်သေအဖြစ် တင်ပြလာတဲ့ စီစီတီဗီမှတ်တမ်းတွေ သိမ်းထားတဲ့ DVR ဟတ်ဒစ်ကို နည်းပညာ ကျွမ်းကျင်တဲ့သူက စစ်ဆေးတဲ့အခါ အဲဒီ စက်ထဲမှာ ဘာဖိုင်မှာမရှိတော့ဘူး လို့ ရုံးတော်မှာထွက်ဆိုခဲ့ပါတယ်။

အဲဒီလို နည်းပညာကျွမ်းကျင်သူက ထွက်ဆိုလိုက်တဲ့ အတွက် ပျောက်သွားတဲ့ ဖိုင်တွေပြန်ရ ဖို့ ဥပဒေအရာရှိနဲ သံသယတရားခံရှေ့နေတွေက နည်းပညာကျွမ်းကျင်သူ၊ စီစီတီဗီကို ရောင်းချပေးလိုက်တဲ့သူနဲ့ သင့်တော်တဲ့ ရဲအရာရှိတစ်ဦးတို့ ကိုရုံးတော်က ဆင့်ခေါ်ပြီး စစ်ဆေး ဖို့ တင်ပြခဲ့ပေမယ့် တရားသူကြီးက သင့်တော်တဲ့အချိန်မှာ ခေါ်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

မြေပုံမြို့နယ် ယောချောင်းကို ရဟတ်ယာဉ်နဲ့တိုက်၊ လက်နက်ကြီးကျည်ကျ

ရခိုင်ပြည်နယ် မြေပုံမြို့နယ် အတွင်းက ယောချောင်းမှာ နေရာသုံးခုလောက်ကို ရဟတ်ယာဉ် ၂ စီးနဲ့ လေးကြိမ်တိုင်တိုင် နာရီခြားပြီး နိုဝင်ဘာ ၁၉ ရက်နေ့က တပ်ဘက်က တိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

နိုဝင်ဘာ ၁၈ ရက်နေ့ကလည်း နေရာသုံးခုလောက်ကို ရဟတ်ယာဉ် နှစ်စီးနဲ့ တိုက်ခိုက်ခဲ့သလို နောက်နေ့ နိုဝင်ဘာ ၁၉ ရက်နေ့မှာလည်း နေ့လယ်ပိုင်းနဲ့ ညနေပိုင်းတွေမှာတော့ အဲဒီမြို့နယ် အတွင်း ဟင်းခရောကျေးရွာနားကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။

ဒီလ ၁၆ ရက်နေ့ကစပြီး ကျောက်တော်မြို့နယ် ပုဏ္ဍားကျွန်းမြို့နယ်၊ သြရမ၊ ပလက်ဝ၊ ရသေ့တောင် နဲ့ မြောက်ဦးမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်တာကြောင့် အစိုးရတပ်ဖက်က ၁၀ ဦးခန့် ကျဆုံးကာ ရက္ခိုင့်တပ် အေအေဘက်က ၃ ဦး ကျဆုံးတယ်လို့ အေအေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုဝင်ဘာ ၁၉ရက် ညဉ့် တစ်နာရီ ကျော်မှာဆိုရင်လည်း မြောက်ဦးမြို့နယ် ထိပ်ဝပြင်ကျေးရွာက အိမ်တစ်လုံးကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အိပ်နေတဲ့ အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆွေမျိုးတော်သူ တစ်ဦးက ပြောပြပါတယ်။ ။

အထိအခိုက်အကျဆုံးတွေနဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဒီကနေ့ ညနေပိုင်း ဆက်သွယ်ပေမယ့် အလုပ်မအားတဲ့ အတွက် ဖြေကြားဖို့ မဖြစ်နိုင်သေးဘူးလို့ ပြောဆိုခဲ့ပါတယ်။