လားရှိုးတိုက်ခိုက်ခံရမှု လေယာဉ်ခရီးတွေ ဖျက်သိမ်း

ရေးသားခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့မှာ နိုဝင်ဘာ ၁၆ ရက် စနေနေ့ မနက်မှာ လေဆိပ် အပါအဝင် လူနေအိမ်တချို့ ရှော့ခ်တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရတဲ့အတွက် အမျိုးသမီး တစ်ဦး ဒဏ်ရာ ရပြီး အဆောက်အအုံတချို့ ပျက်စီးသွားခဲ့တဲ့အပြင် လေဆိပ်အတက်အဆင်း လေယာဉ်ခရီးစဉ်တွေကိုလည်း ဖျက်သိမ်းလိုက်ရပါတယ်။

မနက် ၁၀ နာရီကျော်လောက်မှာ လားရှိုးမြို့ပေါ်က လေယာဉ်ကွင်း ပြေးလမ်းမပေါ်နဲ့ လူနေအိမ်တချို့ပေါ်ကို ရှော့ခ်တိုက်ဒုံး ၇ လုံး နဲ့ တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

ဒီပစ်ခတ်မှုတွေကြောင့် လားရှိုးလေဆိပ်ကိုလည်း ပိတ်ထားရပြီး မြို့ပေါ်မှာ လုံခြုံရေးတိုးချထားပါတယ်။

အဲဒီပစ်ခတ်မှုကို လားရှိုးမြို့ အနောက်ဘက် ၁ မိုင်ကျော်လောက်က ဗြုန်းတောင်ဆိုတဲ့ နေရာကနေ လုပ်ခဲ့တာဖြစ်ပြီး ကျရောက်ခဲ့တဲ့ ရှော့ခ်တိုက်ဒုံး ၇ လုံးမှာ ၃ လုံး ပေါက်ကွဲခဲ့ပါတယ်။

ဒီပေါက်ကွဲမှုကြောင့် နေအိမ်ထဲမှာ နေတဲ့ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရခဲ့သလို နေအိမ်အမိုး၊ ခြံဝင်းနဲ့ ကားတစ်စီး ထိခိုက်ပျက်စီးခဲ့ပါတယ်။

နယ်မြေခံတပ်ရင်းနားကို ကျခဲ့တဲ့ ဒုံး၂ လုံးက လုံးဝမကွဲခဲ့သလို ကျန်တဲ့ ၁ လုံးကိုလည်း ရှာမတွေ့သေးဘူးလို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ဗညားဦးက ပြောပါတယ်။

"ပစ်တဲ့နေရာမှာတော့ မကွဲတဲ့ ဒုံးနှစ်လုံး၊ ကွဲတာကတော့ သုံးနေရာပေါ့။ လုံးဝကွဲတာ။ ခေါင်းပဲကွဲတာ တစ်နေရာ။ ရှာမတွေ့တာက တစ်လုံး။ လုံးဝမကွဲတာက တစ်လုံး။ အားလုံးပေါင်း ခုနစ်လုံး" လို့ ဒုတိယရဲမှူးကြီး ဗညားဦးက ပြောပါတယ်။

ဒီလို ရှော့ခ်တိုက်ဒုံးတွေနဲ့ ပစ်ခတ်တာမျိုးကို တပ်မတော်နည်းပညာတက္ကသိုလ်နဲ့ ရှမ်းပြည်နယ် နောင်ချိုမှာရှိတဲ့ အဆောက်အအုံတချို့ကို တအာင်း TNLA အပါအဝင် ညီနောင်မဟာမိတ် ၃ ဖွဲ့က သြဂုတ်လတုန်းက လုပ်ခဲ့ဖူးပါတယ်။

ဒီတိုက်ခိုက်မှုကို ဒီနယ်မြေအတွင်း လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့တွေက လုပ်တာဖြစ်နိုင်တယ်လို့ပြောပြီး ဘယ်အဖွဲ့ဆိုတာကိုတော့ ဒုတိယရဲမှူးကြီး ဗညားဦးက မပြောပါဘူး။

TNLA ပြောခွင့်ရသူ မိုင်အိုက်ကျော်ကလည်း ပစ်ခတ်မှုကို သူမသိရှိရသေးကြောင်းနဲ့ ဘယ်အဖွဲ့က လုပ်သလဲ ဆိုတာကိုလည်း မပြောနိုင်သေးကြောင်း ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ ဒီတိုက်ခိုက်မှုတွေဟာ TNLA ရဲ့ တိုက်ခိုက်မှု ဖြစ်တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးက ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

ပေါက်ကွဲမှုတွေဖြစ်ခဲ့တဲ့ လားရှိုးမှာတော့ လုံခြုံရေးအခြေအနေကို တပ်မတော်က စီမံဆောင်ရွက်နေတယ်လို့ ဒုတိယရဲမှူးကြီး ဗညားဦးက ပြောပါတယ်။

လမ်းဆုံနေရာတိုင်း တပ်လုံခြုံရေးတွေ တိုးချထားတဲ့အကြောင်းကို ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ရပ်ကွက်ထဲမှာ နေထိုင်သူတစ်ဦးက "သူတို့လည်း စောင့်နေကြတာပဲ။ သူတို့မှာ လက်နက် အပြည့်အစုံတွေနဲ့ နေ့မအိပ်၊ညမအိပ်နဲ့။ အခုလို ဖြစ်လိုက်တော့ ပိုတောင် ဆိုးသေးတယ်။ အခုဆိုရင် လမ်းဆုံတွေမှာဆိုရင် လုံခြုံရေးတွေ တော်တော်လေးကို ယူထားကြတယ်။ အများကြီးပဲ" လို့ ပြောပါတယ်။

လားရှိုးလေယာဉ်ကွင်းမှာတော့ ရှော့ခ်တိုက်ဒုံး ကျရောက် ပေါက်ကွဲခဲ့ပြီးနောက် လားရှိုးလေယာဉ်ခရီးစဉ်အားလုံး ဖျက်သိမ်းလိုက်တယ်လို့ Air Thanlwin လေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။

ရှော့ခ်တိုက်ဒုံးတွေ ပစ်ခတ်ခဲ့တယ်လို့ဆိုတဲ့ ဗြုန်းတောင်နေရာဟာ တပ်မတော်နဲ့ TNLA ကြား တိုက်ပွဲတွေဖြစ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ သိပ်မဝေးတဲ့နေရာတွေဖြစ်ပြီး လက်နက်ကိုင်တွေလည်း လှုပ်ရှားမှုရှိနေပါတယ်။

TNLA ပြောခွင့်ရသူ မိုင်အိုက်ကျော်ကတော့ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲနဲ့ ကွတ်ခိုင်မှာ TNLA နဲ့ တပ်မတော်ကြား နိုဝင်ဘာ ၁၁ ရက်နေ့ကတည်းက တိုက်ပွဲတွေဖြစ်နေပြီး နိုဝင်ဘာလ ၁၆ ရက် နေ့လယ်ပိုင်းအထိ ပစ်ခတ်မှုတွေ ဆက်ရှိနေတယ်လို့ ပြောပါတယ်။