ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗစ်တိုးရီးယားအမှု - အောင်ကြီးရဲ့ အာမခံ ပယ်ချခံရ
နေပြည်တော် Wisdom Hill ပုဂ္ဂလိက မူကြို ကျောင်းက အသက် ၃ နှစ် အရွယ် ကလေး တစ်ဦး လိင်အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ဗစ်တိုးရီးယားအမှုရဲ့ ၉ ကြိမ်မြောက် ရုံးချိန်းကို အောက်တိုဘာ လ ၂၃ ရက် (ဒီနေ့) မှာ နေပြည်တော် ဒက္ခိဏ ခရိုင် တရားရုံးမှာ ဆက်လက် စစ်ဆေးခဲ့ရာမှာ သံသယ တရားခံ ကိုအောင်ကြီးရဲ့ ရှေ့နေဘက်က တင်ပြထားတဲ့ အာမခံလျှောက်ထားမှုကို ခရိုင်တရားရုံးက ပယ်ချလိုက်ပါတယ်။
ကြီးလေးတဲ့ ပြစ်ဒဏ် ချမှတ်နိုင်တဲ့ ပုဒ်မနဲ့ တရားစွဲဆိုခံရတာ ဖြစ်တဲ့ အပြင် တရားခံ ဘက်က ခိုင်လုံတဲ့ သက်သေ မပြနိုင်သေးတဲ့ အတွက်ကြောင့် အခုလို ဆုံးဖြတ်တာဖြစ်ကြောင်း ဒက္ခိဏ ခရိုင် တရားရုံးက ပြောပါတယ်။
ဒီနေ့ ရုံးချိန်းမှာ အာမခံ လျှောက်ထားမှု ဆုံးဖြတ်ချက် အပြင် သက်သေ အဖြစ် တင်သွင်းထားသူတွေထဲမှာ ပါဝင်တဲ့ Wisdom Hill ပုဂ္ဂလိက မူကြို ကျောင်းက ဆရာမ တစ်ဦး ဖြစ်သူ ဒေါ်နီလာအေး၊ ကျောင်းရဲ့ စီစီတီဗီ လုံခြုံရေး မှတ်တမ်း တာဝန်ယူ ထိန်းသိမ်းရသူ ဝန်ထမ်း ကိုရန်နောင်ဌေးတို့ကို လည်း စစ်ဆေးခဲ့ပါတယ်။
ဒေါ်နီလာအေး ရဲ့ ထွက်ဆိုချက်မှာတော့ ကိုအောင်ကြီး အနေနဲ့ ဒီ လိင်အကြမ်းဖက်မှုကို ကျူးလွန်ခြင်း မရှိဘူးလို့ ရုံးတော် ရှေ့မှောက် ထွက်ဆိုသွားကြောင်း တရားခွင် ကြားနာမှုကို တက်ရောက် နားထောင် သတင်းယူခဲ့တဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
ဥပဒေအရာရှိက ဘာကြောင့် အဲဒီလို ပြောနိုင်သလဲဆိုပြီး မေးမြန်းရာမှာတော့ သံသယ တရားခံ အဖြစ် ရုံးတင်ခံထားရတဲ့ ကိုအောင်ကြီး တစ်ယောက် ကျောင်းမှာ ရှိနေတဲ့ အချိန်မှာ ဗစ်တိုးရီးယားက သူနဲ့ အတူ ရှိနေခဲ့တာကြောင့်လို့ ဆရာမ နီလာအေးက ပြန်လည် ဖြေကြားခဲ့ပါတယ်။
သံသယ တရားခံ ကိုအောင်ကြီးရဲ့ ရှေ့နေ ဖြစ်သူ ဒေါ်စုဒါလီအောင် က ဆရာမ ဒေါ်နီလာအေးကို တန်ပြန် မေးမြန်းရာမှာလည်း ကိုအောင်ကြီးဟာ ကျောင်း မှာ ရှိနေတဲ့ အချိန် တလျှောက်လုံး ကျောင်းခန်း အရှေ့ပိုင်းက ဆိုဖာ ထိုင်ခုံမှာ ထိုင်နေခဲ့တာကို သူ မြင်ခဲ့ရတယ်လို့ ဒေါ်နီလာအေးက ဖြေကြားသွားခဲ့ပါတယ်။
ကိုအောင်ကြီး အာမခံမရတဲ့အပေါ် တုံ့ပြန်မှု
ကိုအောင်ကြီးအာမခံမရခဲ့တာနဲ့ ပတ်သက်ပြီး "အမှုရဲ့ အရည်အသွေးကို ကြိုတင် ဆုံးဖြတ်ရာ ရောက်မှာစိုးလို့ ဆိုပြီး (အာမခံကို) ပယ်ပါတယ်" လို့ သူရဲ့ရှေ့နေ ဦးခင်မောင်ဇော်က တရားရုံးက ပယ်ချခံရတဲ့အကြောင်းကို ပြောပါတယ်။
ဒါကြောင့် အခုလို ပယ်ချခံရတဲ့အတွက် ကိုအောင်ကြီး ရှေ့နေတွေအနေနဲ့ ဆက်လက်လုပ်ဆောင်ဖို့အတွက် ရွေးချယ်စရာ နည်းလမ်းနှစ်ခု ရှိတယ်လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။
"နည်းလမ်းနှစ်ခု ရှိပါတယ်။ အပေါ်တက်ချင်တက် မတက်ရင် နောက်သက်သေ နှစ်ယောက်လောက် စစ်ပြီးတဲ့အခါမှာ တရားရှင်လွှတ်ပေးဖို့ တောင်းလို့ရပါတယ်။ အမှုရဲ့ အရည်အသွေး အရ ပေါ်ပြီဆို ပေါ်သလိုပေါ့" လို့ ပြောပါတယ်။
ဒါပေမဲ့ ဘယ်နည်းလမ်းကို လုပ်မယ်ဆိုတာကိုတော့ မပြောသေးပါဘူး။
ကိုအောင်ကြီးရဲ့ မိခင်ဖြစ်သူ ဒေါ်ရီကတော့ ကိုအောင်ကြီးဟာ ကျူးလွန်သူမဟုတ်ဘူးလို့ ဆရာမက တရားရုံးမှာ ဖြေခဲ့တဲ့အတွက် ကိုအောင်ကြီးနဲ့ သူတို့မိသားစု အပေါ်ညှာတာ စဉ်းစားပေးပါလို့ ပြောပါတယ်။
"ဒီကလေးက သူတို့ရင်ခွင်ထဲမှာ ရှိတယ်။ ကိုအောင်ကြီးက သုံးနာရီကျော်မှ ရောက်လာတယ်။ (ဧည့်တွေ့ဆိုဖာမှာ) ထိုင်နေတယ်လို့ (ဆရာမက)တောက်လျောက်ပြောသွားတာ။ ဘာမှ ငြိစွန်းမှုလည်း မရှိဘူး။ (ကိုအောင်ကြီးက) ဒီအမှုကို ကျူးလွန်ထားတဲ့ တရားခံလည်း မဟုတ်ဘူး။ အဲဒီတော့ နည်းနည်းပါးပါးလည်း စဉ်းစားပြီးတော့ လုပ်ပေးကြပါဦးလို့။ ကိုယ်ချင်းစာ တရားလေးနဲ့"လို့ ဒေါ်ရီက ပြောပါတယ်။
"တကယ်လည်း တရားခံမဟုတ်ဘဲနဲ့ အထဲထဲမှာ ဒုက္ခတွေ ခံနေရတယ်။ နည်းနည်းပါးပါး သက်ညှာကြပါဦး" လို့ သူက ပြောပါတယ်။
နေပြည်တော် သပြေကုန်းက Wisdom Hill ပုဂ္ဂလိက ကျောင်းက မူကြိုကျောင်းသူ ကလေးငယ် လိင်အဓမ္မပြုကျင့်ခံခဲ့ရတယ် ဆိုတဲ့ အမှု အတွက် မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ရဲ့ကိုယ်ပိုင် ဝန်ထမ်း ကားမောင်းဆရာ ဖြစ်သူ ကိုအောင်ကျော်မျိုး (ခေါ်) ကိုအောင်ကြီးကို သံသယတရားခံအဖြစ် ရုံးတင်စစ်ဆေးနေတာပါ။
ပြီးခဲ့တဲ့ မေလလယ်မှာ ဖြစ်ခဲ့တဲ့ ဒီအမှုအတွက် ကိုအောင်ကြီးကို ရဲတပ်ဖွဲ့ က ပထမ အကြိမ် ဖမ်းဆီး စစ်ဆေးခဲ့ပြီး ရုံးတင် တရားစွဲဆို ဖို့ သက်သေမလုံလောက်ဘူး ဆိုပြီး ဇွန်လထဲမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဇူလိုင်လထဲမှာ ကိုအောင်ကြီးကို ထပ်မံဖမ်းဆီးပြီး သံသယ တရားခံအဖြစ် ရုံးတင် စစ်ဆေးနေတာ ဖြစ်ပါတယ်။
လူအများ စိတ်ဝင်စားမှု အမြင့်ဆုံး ရှိနေတဲ့ ဒီအမှုမှာ ရဲတပ်ဖွဲ့နဲ့ ဥပဒေရုံးက စစ်ဆေးဆောင်ရွက်ချက်တွေ အပေါ် ပြည်သူလူထုကြား မေးခွန်းထုတ်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။
ဒါ့အပြင် ပြစ်မှု ကျူးလွန်ခံခဲ့ရတဲ့ ကလေးငယ်နဲ့ မိသားစု အပါအဝင် အရေးကြီး သက်သေတချို့ တရားခွင်မှာ သက်သေထွက်ပြီးနောက်ပိုင်းမှာလည်း နှစ်ဖက် ရှေ့နေတွေရဲ့ မီဒီယာဖြေကြားချက် တချို့က မိသားစုဂုဏ်သိက္ခာ ညှိုးနွမ်းစေပြီး ကလေးသူငယ် ထိခိုက် နစ်နာစေတဲ့အတွက် မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ဘက်က နှစ်ဖက် ရှေ့နေတွေနဲ့ ကာယကံရှင် ဗစ်တိုးရီးယားရဲ့ မိသားစုဝင်တွေကိုပါ ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားတဲ့ ဖြစ်စဉ်တွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။
ဗစ်တိုးရီးယားအမှု နောက်ထပ်ရုံးချိန်းကိုတော့ လာမယ့် နိုဝင်ဘာ ၆ ရက် မှာ ဆက်လက်စစ်ဆေးဖို့ ရှိပါတယ်။