အေအေနဲ့ ပတ်သက်တဲ့ စင်္ကာပူအစိုးရ ထုတ်ပြန်ချက်ကို မြန်မာတရားရုံး သက်သေအဖြစ် လက်ခံ

ဓာတ်ပုံ ရင်းမြစ်, ARAKAN ARMY
ရခိုင်အသင်း စင်္ကာပူ အဖြစ် လှုပ်ရှားခဲ့သူတွေကို ဖမ်းဆီး တရားစွဲထားတဲ့ အမှုမှာ စင်္ကာပူ ပြည်ထဲရေးဌာနရဲ့ ဇူလိုင်လ သတင်း ထုတ်ပြန်ချက်တစ်ရပ်ကို သက်သေခံ အဖြစ်လက်ခံဖို့ ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက ဒီကနေ့ အောက်တိုဘာ ၁၈ ရက်၊ သောကြာနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
ဒီအမှုမှာ တရားလိုဖြစ်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒုရဲမှူးတင့်ရွှေက စင်္ကာပူ အစိုးရရဲ့ ထုတ်ပြန်ချက်ကို သက်သေအနေနဲ့ တင်သွင်းထားခဲ့ပါတယ်။
တရားခံ ရှေ့နေတွေဘက်ကတော့ ဒုရဲမှူးတင်သွင်းတာ မူရင်းစာရွက် မဟုတ်ဘူး၊ The Straits Times ရဲ့ သတင်းဖော်ပြချက်ပါ အချက်အလက်သာ ဖြစ်တယ်ဆိုပြီး ကန့်ကွက်ခဲ့တဲ့ အတွက်၊ သက်သေခံ ဥပဒေနဲ့ ညီ မညီ ဆိုတာကို တရားရုံးက ဆုံးဖြတ်ပေးတာ ဖြစ်ပါတယ်။
မူရင်းစာရွက် မဟုတ်ပေမယ့်လည်း စာပါ အကြောင်းအရာ အချက်အလက်တွေဟာ စင်္ကာပူအစိုးရရဲ့ မူရင်းထုတ်ပြန်ချက်နဲ့ ကွဲလွဲမှု မရှိကြောင်း တရားရုံးက တွေ့ရှိခဲ့တဲ့ နောက်မှာတော့ အခုလို သက်သေ အဖြစ် လက်ခံလိုက်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Singapore Home Affairs MHA
စင်္ကာပူပြည်ထဲရေးရဲ့ ထုတ်ပြန်ချက်
စင်္ကာပူ ပြည်ထဲရေး ဌာနရဲ့ ဝက်ဘ်ဆိုက် စာမျက်နှာမှာ "လက်နက်ကိုင် အကြမ်းဖက်မှုကို ထောက်ပံ့ရေး စင်္ကာပူမှာ လှုပ်ရှားနေတဲ့ မြန်မာနိုင်ငံသားတွေကို လုံခြုံရေးဆိုင်ရာ အရေးယူခြင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဇူလိုင်လ ၁ဝ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက် တစ်ရပ် တင်ထားပါတယ်။
စင်္ကာပူ အစိုးရရဲ့ အဲဒီ ထုတ်ပြန်ချက်ထဲမှာ အဲဒီသူတွေဟာ အေအေ အဖွဲ့ကို ထောက်ပံ့နေသူတွေလို့ ပြောဆိုထားပြီး၊ အေအေ ဆိုတာလည်း မြန်မာအစိုးရက အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ် ထားတဲ့ အုပ်စုဖြစ်တယ်လို့ ဆိုထားပါတယ်။
စင်္ကာပူအစိုးရက ပြည်နှင်ဒဏ်ပေးလိုက်တဲ့ ရခိုင်အသင်း စင်္ကာပူ အဖွဲ့ဝင် ၇ ယောက်ဟာ မြန်မာပြည် ပြန်ရောက်ပြီး နောက်မှာတော့ ရန်ကုန်လေဆိပ်မှာတင် အဖမ်းခံရသူ ရှိသလို ၊ တချို့လည်းနေအိမ်မှာ အဖမ်းခံရ၊ တချို့ကတော့ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် အဖမ်းခံ ခဲ့ရ ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ၇ ယောက်နဲ့ အတူ ကားသမား တစ်ဦးလည်း ဖမ်းဆီးခံထားရတာကြောင့် ဒီအမှုမှာ စုစုပေါင်း လူ ၈ ယောက် ဖမ်းဆီး တရားစွဲ ခံထားရပါတယ်။
အဖမ်းခံရသူတွေထဲ အေအေခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီ ကိုအောင်မြတ်ကျော်လည်း ပါဝင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, HKS
အေအေကို အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာထားလား
ကိုအောင်မြတ်ကျော် အပါအဝင် ၃ ဦးရဲ့ ရှေ့နေအဖြစ် ဆောင်ရွက်နေတဲ့ ဦးအောင်ကျော်စိန်ကတော့ အခုဖမ်းဆီး ခံထားရသူတွေဟာ အေအေအဖွဲ့နဲ့ ပတ်သက်တယ် ဆိုပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲခံထားရတဲ့ အချက်အပေါ် မေးခွန်း ထုတ်ပါတယ်။
ဥပဒေအရဆိုရင် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် ဒါမှမဟုတ် အဖွဲ့တစ်ဖွဲ့ကို အကြမ်းဖက် အဖြစ် သတ်မှတ် ကြေညာဖို့၊ ပယ်ဖျက်ဖို့ လုပ်ပိုင်ခွင့် ရှိတာဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟို အဖွဲ့ ဖြစ်တယ်လို့ ဦးအောင်ကျော်စိန်က ဆိုပါတယ်။
အောက်တိုဘာ ၁၈ ရက်နေ့ ရုံးချိန်းမှာလည်း အေအေကို အကြမ်းဖက် အဖြစ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟို အဖွဲ့ က ကြေညာထားတာ ရှိသလား ဆိုတာကို ဒုရဲမှူးတင့်ရွှေ အပေါ် ပြန်လှန် မေးခွန်း မေးမြန်းခဲ့တာမှာ မရှိဘူးလို့ ဖြေဆိုခဲ့တယ်လို့ ဦးအောင်ကျော်စိန်က ဆိုပါတယ်။
တခါ၊ အေအေဟာ အစိုးရ၊ တပ်မတော်တို့နဲ့ နှစ်ဘက် အပစ်ရပ် သဘောတူမှု ရအောင် ညှိနှိုင်း ဆွေးနွေးနေတဲ့ အဖွဲ့ ဖြစ်တယ် ဆိုတာ မှန်လား ဆိုပြီး မေးခဲ့တာမှာလည်း တရားလို ဒုရဲမှူး တင့်ရွှေက မှန်ကြောင်း ဖြေဆိုသွားတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, TACHILEIK NEWS AGENCY
တပ်မတော်ရဲ့ သဘောထား ဘယ်လိုရှိလဲ
ရခိုင်ပြည်နယ် တိုက်ပွဲသတင်းနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ ထုတ်ပြန်ချက်တွေမှာ "အေအေ အကြမ်းဖက် သောင်းကျန်းသူများ" ဆိုပြီး ဖော်ပြလေ့ရှိပါတယ်။
"အေအေကို အကြမ်းဖက် အဖွဲ့အနေနဲ့ သတ်မှတ်သင့်တာ ကြာပါပြီ။ ၂ဝ၁၉ ဇန်နဝါရီလ ၄ ရက်နေ့မှာ ရခိုင်ပြည်နယ်ထဲက ရဲစခန်းတွေကို တိုက်ခိုက်ခဲ့ကတည်းက အေအေကို အကြမ်းဖက်အဖွဲ့ အဖြစ် သတ်မှတ်သင့်တာပါ။" ဆိုပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။
တပ်မတော် အနေနဲ့ အေအေအဖွဲ့ဝင်တွေရဲ့ လှုပ်ရှားတိုက်ခိုက်မှုတွေ အကြောင်း ပြောတဲ့အခါ "အကြမ်းဖက်သောင်းကျန်းသူ" ဆိုတဲ့ အသုံးအနှုန်း ဆက်လက် သုံးစွဲသွားမှာ ဖြစ်တယ် လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။
ဒီလို ရည်ညွှန်းခေါ်ဝေါ်တဲ့ အတွက် ငြိမ်းချမ်းရေးဖြစ်စဉ် အပေါ် မထိခိုက် နိုင်ဘူးလား ဆိုတဲ့ ဘီဘီစီရဲ့ အမေးကိုတော့ အကြမ်းဖက်လုပ်ရပ်တွေ အမှန်တကယ် ကျူးလွန်နေသူတွေကို ဖုံးကွယ်ထားစရာ အကြောင်း မရှိဘူးလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တုံ့ပြန်ပါတယ်။
" ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခြင်း မဆွေးနွေးခြင်းဆိုတာ တကဏ္ဍ၊ အကြမ်းဖက်လုပ်ရပ်ကို အကြမ်းဖက်လုပ်ရပ်လို့ မပြောရင် ရောင့်တက်လာလိမ့်မယ်။ အကြမ်းဖက်လုပ်ရပ် အပေါ်မှာ ခြွင်းချက်ထားစရာ အကြောင်း မရှိဘူး" လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။
တပ်မတော်ဘက်က အခုလို ပြောပေမယ့်၊ ရခိုင်လက်နက်ကိုင် အေအေ အပေါ်မှာ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ကိုင်စွဲပြီး အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ဖို့ ပြည်ထောင်စု အစိုးရက လုပ်ဆောင်နေသလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
အာဆာ အဖွဲ့ကိုတော့ မြန်မာ အစိုးရက အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာထားပါတယ်။ ဒါ့အပြင် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရ IS နဲ့ တာလီဘန်တို့လို အဖွဲ့တွေကိုလည်း အကြမ်းဖက် အဖွဲ့တွေအဖြစ် မြန်မာကလည်း သတ်မှတ်ကြောင်း ကြေညာထားပါတယ်။









