ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
TNLA က လွှတ်ပေးလိုက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စစ်ဆေး
ကွတ်ခိုင်မြို့နယ် မန်ဆာရွာနဲ့ မုံးဟွမ်းလမ်းမှာ TNLA တအာင်းတပ်ရဲ့ ဖမ်းဆီးခံခဲ့ရတဲ့ မုံးစီးရဲစခန်းက စခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် လေးယောက် ပြန်လွတ်လာခဲ့ပြီးနောက် သူတို့တွေကို ရဲတပ်ဖွဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း စစ်ဆေးနေတယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။
သူတို့လေးယောက်ဟာ စက်တင်ဘာ ၂၉ ရက်က ဖမ်းဆီးခံရပြီး အောက်တိုဘာလ ၂ ရက်မှာ ပြန်လွတ်လာတာ ဖြစ်ပါတယ်။
ပြန်လွတ်လာသူတွေဟာ ရဲအုပ်၊ ဒုရဲအုပ်၊ တပ်ကြပ်ကြီးနဲ့ ဒုတပ်ကြပ်တစ်ယောက်တို့ ဖြစ်ပါတယ်။
ဖမ်းဆီးခံရတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပဏာမ စစ်ဆေးချက်အရ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ တရားခံပြေးကို သွားရောက် စုံစမ်းတာဖြစ်တယ်လို့ သိထားရကြောင်း ပြည်နယ် ရဲမှူးချုပ်ဇော်ခင်အောင်က ဆိုပါတယ်။
"သူတို့ ဘာကြောင့် ဘာအကြောင်းအရာနဲ့ သွားလဲ။ ဒါဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှု လုပ်ရပါတယ်။ သူတို့ တရားဝင်သွားတာလား။ တရားမဝင်သွားတာလား။ ဘာသွားလုပ်တာလဲ။ ဘာဖြစ်လို့ စနစ်တကျ မသွားတာလဲ။ တကယ်လို့ သွားရင်ရော တပ်ဖွဲ့ရဲ့ တာဝန်နဲ့သွားတာလား။ ဒါတွေက စစ်ရတယ်။ ပုံမှန်လုပ်တာပါ" လို့ ရဲမှူးချုပ်ဇော်ခင်အောင်က ပြောပါတယ်။
အခုလက်ရှိမှာ သူတို့ကို လားရှိုးကို ခေါ်ပြီး မေးမြန်းစုံစမ်းနေဆဲဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
အဲဒီ ရဲတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးတာနဲ့ ပတ်သက်လို့ မန်ဆာရွာနဲ့ မုံးဟွမ်လမ်းမပေါ်မှာ အရပ်ဝတ်နဲ့ လူလေးဦးဟာ ကုန်သည်တွေဆီမှာ ငွေကြေးကောက်ခံ နေတယ်လို့ စက်တင်ဘာ ၂၉ ရက်က ဒေသခံတွေက လာပြီး တိုင်ကြားခဲ့တာကြောင့် ဖမ်းရတာ ဖြစ်တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
ရဲတပ်ဖွဲ့ဝင် လေးယောက်ကို ဖမ်းဆီးရမိချိန်က လက်ဗစ်ဗုံးသုံးလုံး၊ ဓားရှည် တစ်လက်၊ ငွေကြေး ကောက်ခံထားတဲ့စာရင်းတွေနဲ့ တွေ့ခဲ့ရတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
အခုကိစ္စနဲ့ ပတ်သက်လို့ စစ်ဆေးဆဲကာလဖြစ်တယ်၊ ဒီဖြစ်စဉ်မှန်မမှန်နဲ့ TNLA စွပ်စွဲသလို ဟုတ်မဟုတ် စစ်ဆေးပြီး တကယ်ဖြစ်တယ်ဆိုရင် အရေးယူရမှာဖြစ်တယ်၊ ဖြစ်စဉ်မှားတယ်ဆိုရင်တော့ ပြန်လည် ထုတ်ပြန်သွားမယ်လို့ ရဲမှူးချုပ်ဇော်ခင်အောင်က ပြောပါတယ်။