ရှမ်းမြောက် ကွတ်ခိုင်မှာ တစ်ကျော့ပြန်တိုက်ပွဲတွေဖြစ်

ရေးသားခဲ့သည်။

ကွတ်ခိုင်မြို့နယ်ထဲက ကုန်းဆာရွာမှာ မြန်မာ့တပ်မတော်နဲ့ တအာင်းတပ်မတော်တို့အကြား စက်တင်ဘာ လ ၂၄ရက် မနက်ပိုင်းကစပြီး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီးတော့ တပ်က ကွတ်ခိုင်မြို့ပေါ်ကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာတွေ ရှိတယ်လို့ ကွတ်ခိုင်ဒေသခံ ဦးတင်ဝင်းက ဘီဘီစီကို ပြောပါတယ်။

မြို့ပေါ်မွာရှိတဲ့ တပ်ကနေ မနက်ပိုင်းက လက်နက်ကြီးနဲ့ လှမ်းပစ်နေတာတွေရှိတယ်၊ မနက်ပိုင်းက တိုက်ပွဲက ကုန်းဆာမှာဖြစ်နေတာ လို့ကြားတယ်။ ပြည်ထောင်စုလမ်းမကြီးပေါ်မှာတော့ မဟုတ်ဘူး။ အတွင်းဘက် ၃ မိုင်လောက်ဝေးတဲ့နေရာမှာ ဖြစ်နေတာလို့လည်း သူက ပြောပါတယ်။

တပ်မတော်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး တိုက်ပွဲတွေဟာ တစ်နေကုန် ကြိုကြားကြိုကြား ဖြစ်နေတယ်လို့ တအာင်းတပ်မတော် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်အိုက်ကျော်က ဘီဘီစီကို ပြောပါတယ်။

စက်တင်ဘာ ၂၄ ရက် မနက် အစောပိုင်းက တိုက်ပွဲဖြစ်ပွားနေတဲ့ ကုန်းဆာရွာက တစ်ရွာလုံးနီးပါး အနီးအနား ကျေးရွာတွေကို စစ်ရှောင်နေရတယ်လို့လည်းကွတ်ခိုင်မြို့က စစ်ရှောင်ကူညီရေးအဖွဲ့က ပြောပါတယ်။

ကုန်းဆာရွာအနီး ကုန်းဆာတောင်ကြောပေါ်က TNLA မှ တပ်မဟာ ၅၊ တပ်ရင်း ၂၂၃ တို့ တပ်စွဲထားတဲ့ စခန်းနေရာကို တပ်မတော်က လာရောက်တိုက်ခိုက်တာဖြစ်တယ်လို့ TNLA ပြောခွင့်ရ ဗိုလ်မှူး မိုင်အိုက်ကျော်က ပြောပါတယ်။

"တိုက်ပွဲကတော့ အခုထိ ဖြစ်နေတုန်းပဲ။ ကွတ်ခိုင်တပ်ဘက်ကနေလည်း ၁၀၅ မမ အမြောက်တွေနဲ့ ပစ်ကူပေးနေတုန်းပဲ" လို့ ဗိုလ်မှူးမိုင်အိုက်ကျော်က ဘီဘီစီကို ပြောပါတယ်။

ပြည်ထောင်စုလမ်းမှာပေါ်မှာတော့ တိုက်ပွဲတွေဖြစ်တာ မရှိတော့ သွားလာတာက ပုံမှန်ပါပဲ။ ကွတ်ခိုင် မြို့ထဲမှာလည်းပုံမှန် သွားလာ နေတာတွေ ရှိတယ်လို့လည်း ကွတ်ခိုင်မြို့ခံ ဦးတင်ဝင်းက ပြောပါတယ်။

တိုက်ပွဲတွေ ရှိနေပေမယ့် တအာင်းတပ်မတော် ကတော့ လာမယ့် ဒီဇင်ဘာလကုန် အထိ အပစ်ရပ်ထားသလို အပစ်ရပ်ဆွေးနွေးပွဲ လမ်းကြောင်းကို ဖွင့်ထားဆဲဖြစ်တယ်လို့လည်း ဗိုလ်မှူးမိုင်အိုက်ကျော်က ပြောပါတယ်။

၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်နေ့က စတင်ခဲ့ တဲ့ တပ်မတော်ရဲ့ ကိုးလကြာ တစ်ဘက်သတ် အပစ်အခတ်ရပ်စဲမှုမှာ စက်တင်ဘာလ ၂၁ ရက်နေ့က ကုန်ဆုံးခဲ့ပြီးတော့ တပ်မတော်ဘက်က အပစ်ရပ်သက်တမ်း ထပ်မတိုးခဲ့ပါဘူး။

တအာင်းလက်နက်ကိုင်အဖွဲ့ TNLA၊ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA တို့ပါဝင်တဲ့ မြောက်ပိုင်းလက်နက်ကိုင် သုံး ဖွဲ့ကတော့သူ တို့ကြေညာထားတဲ့ အပစ်ရပ်သက်တမ်းကို ဒီဇင်ဘာ ၃၁ ရက်နေ့အထိ သက်တမ်း ထပ်မံတိုးမြှင့်ထားပါတယ်။

သြဂုတ် ၁၅ ရက်က ပြင်ဦးလွင်နဲ့ နောင်ချိုမြို့နယ်တွေက နေရာ ငါးခုကို မြောက်ပိုင်း မဟာမိတ်အဖွဲ့က ဝင်ရောက် တိုက်ခိုက်ပြီးနောက် တပ်မတော်နှင့် တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ကွတ်ခိုင်မြို့နယ် ထဲမှာတင် ဒေသခံ ၁၂၀၀ လောက် စစ်ရှောင်ခဲ့ကြရပါတယ်။

အစိုးရနဲ့ မြောက်ပိုင်းဖွဲ့တို့အကြား နှစ်ဘက် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် Bilateralရေးထိုးနိုင်ရေးကို စက်တင်ဘာ ၁၇ ရက်နေ့က ကျိုင်းတုံမြို့မှာ တွေ့ဆုံခဲ့ကြပေမယ့် တိကျတဲ့အဖြေ မရဘဲ အောက်တိုဘာလမှာ နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံဖို့ သဘောတူခဲ့ကြပါတယ်။

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့မှာ သြဂုတ် ၃၁ရက်နေ့ မနက်ပိုင်းက တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့ အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မော်ဟိတ်စုစည်းကျေးရွာကို လက်နက်ကြီးကျလို့ လသားကလေးငယ်နဲ့မိခင် အပါအဝင် လူ ၅ ဦးသေဆုံးခဲ့ပါတယ်။