ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သီဟာသနပလ္လင်မြင်ကွင်းတွေနဲ့ဖွင့်ဖို့ ဗိုလ်ချုပ်ရုပ်ရှင်စတင်ရိုက်ကူးအပါအဝင်မနက်ခင်းသတင်းများ
ဗိုလ်ချုပ်ရုပ်ရှင် အဖွင့်မှာ သီဟာသနပလ္လင်မြင်ကွင်းတွေနဲ့ဖွင့်ဖို့ စတင်ရိုက်ကူး
ဗိုလ်ချုပ်ရုပ်ရှင်အဖွင့် လိုအပ်တဲ့ဇတ်ဝင်ခန်းတွေမှာ အသုံးပြုဖို့ သီဟာသနပလ္လင်မြင်ကွင်းတွေကို ရန်ကုန်မြို့ အမျိုးသားပြတိုက်မှာ စက်တင်ဘာ ၃၀ရက်နေ့က စတင်ပြီးတော့ရိုက်ကူးခဲ့ပါတယ်။
ဗိုလ်ချုပ်ရုပ်ရှင်ကိုတာဝန်ယူရိုက်ကူးတဲ့ ဒါရိုက်တာ ဦးလူမင်းကတော့ အရင်ဘုရင်တွေက ဒီလိုပလ္လင်ကြီး တွေနဲ့ မင်းကျင့်တရားနဲ့အညီစိုးစံပြီးတော့ တိုင်းပြည်ကိုအုပ်ချုပ်ခဲ့တာ၊ အဲဒီလိုအနက်အဓိပ္ပာယ်တွေ ပေါ်လွင်အောင် လာရိုက်ကူးတာလို့ နိုင်ငံပိုင်သတင်းစာမှာ စက်တင်ဘာ ၃၀ရက်နေ့က ဖြေကြားထားပါ တယ်။
အဲဒီရိုက်ကူးရေးက ဗိုလ်ချုပ်ရုပ်ရှင်ရဲ့ ပထမဆုံးရိုက်ကွင်းဖြစ်ပြီးတော့ ဒုတိယမြောက်ရိုက်ကွင်းကိုတော့ ဒီနေ့ အောက်တိုဘာ ၁ရက်နေ့၊ ရန်ကုန်တက္ကသိုလ်မှာ ရိုက်ကူးမှာဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ်ထဲကရိုက်ကွင်းကတော့ ဗိုလ်ချုပ်အောင်ဆန်း တက္ကသိုလ်ကျောင်းသားဘဝ ပဲခူးဆောင် မှာ နေထိုင်ခဲ့တဲ့ အကြောင်းနဲ့ အဲဒီခေတ်က ရန်ကုန်တက္ကသိုလ်မှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်အကြောင်း အရာတွေကို ရိုက်ကူးမှာလို့ သိရပါတယ်။
ဒါရိုက်တာ ဦးလူမင်းရိုက်ကူးမယ့် ဗိုလ်ချုပ်ရုပ်ရှင်မှာ ပါဝင်မယ့် သမိုင်းဝင် ပုဂ္ဂိုလ် ၃၂ဦးကို လည်း ဖေဖော်ဝါရီလ ကတည်းက ခေါ်ယူရရှိခဲ့ပြီဖြစ်ပါတယ်။ အဲဒီထဲမှာတော့ သမိုင်းဝင်ပုဂ္ဂိုလ်အချို့နဲ့ ဆင်တူတဲ့ မျက်နှာသစ်သရုပ်ဆောင်တွေ အပြင် လက်ရှိအနုပညာရပ်ဝန်းကလူတွေလဲ ပါဝင်ကြပါတယ်။
သမိုင်းဝင်ပုဂ္ဂိုလ်အချို့နဲ့ဆင်တူတယ်ဆိုပြီး လက်ရှိအနုပညာရှင်တွေကို ရွေးချယ်ခဲ့တဲ့ အပေါ်ကိုတော့ သမိုင်းဝင်ပုဂ္ဂိုလ်တွေရဲ့ မိသားစုတွေက ဝေဖန်ထောက်ပြမှုတွေလည်းရှိနေပါတယ်။
ဗိုလ်ချုပ် ရုပ်ရှင်အတွက် သရုပ်ဆောင်တွေကို ဒါရိုက်တာပန်းချီစိုးမိုးနဲ့ ဒါရိုက်တာလူမင်းတို့က အပြီးသတ် ရွေးချယ်ခဲ့ပြီး ၂၀၂၀ အမီ ရုံတင်ဖို့ စီစဉ်နေပါတယ်။ စက်တင်ဘာ ၃၀ မှာ ရန်ကုန်အမျိုးသားပြတိုက်မှာ စရိုက်မှာဖြစ်ပြီး မန္တလေး၊ အင်းဝနဲ့ နတ်မောက်မြို့တို့မှာလည်း ရိုက်ကူးမှာဖြစ်ပါတယ်။
ဗိုလ်ချုပ် ရုပ်ရှင် ရိုက်ကူးဖို့အတွက် ရန်ပုံငွေ စုစုပေါင်း ကျပ်သိန်း တစ်သောင်းခုနစ်ထောင်ကျော် ရရှိထားပြီလို့ ဒါရိုက်တာလူမင်းက ပြောထားပါတယ်။
သက်ကြီးရွယ်အိုတွေ စွန့်ပစ်ခံရတာများလာ
၂၀၁၈ခုနှစ်ကနေစပြီး လက်ရှိကာလအထိ ဘိုးဘွားတွေကို စွန့်ပစ်တာများလာနေတယ်လို့ စွန့်ပစ်ခံ ဘိုးဘွားတွေစောင့်ရှောက်ပေးနေတဲ့ သန်လျင်မြို့နယ် သဘာဝတရားရိပ်သာက တာဝန်ရှိသူ ကိုနန္ဒဝင်းက စက်တင်ဘာ ၃၀ရက်နေ့မှာ ဘီဘီစီကိုပြောပါတယ်။
အခုလို ဘိုးဘွားတွေကို စွန့်ပစ်မှုများလာတာကလည်း တိုင်းပြည်ကစီးပွားရေးအခြေအနေ၊ မိသားစု ဝင်တွေရဲ့ အခြေအနေတွေကြောင့်စွန့်ပစ်ခံနေရပေမယ့် တည်ရှိပြီးဥပဒေတွေ အရ ကြပ်မတ် လုပ်ဆောင် နိုင်မှုတော့မရှိသေးဘူးလို့ ကိုနန္ဒဝင်းက ပြောပါတယ်။
၂၀၁၇ခုနှစ်အထိ အဘိုးအဘွားပေါင်း ၉၀၀ ကိုစောင့်ရှောက်ပေးနေရာကနေ ၂၀၁၈ကနေ့ ၂၀၁၉ခုနှစ် အတွင်း ဘိုးဘွားပေါင်း ၇၀၀ကိုထပ်တိုးစောင့်ရှောက်ပေးနေရပါတယ်။ ဒါကြောင့် သဘာဝတရားရိပ်သာမှာ ဘိုဘွားဦးရေ ၁၆၀၀ ကိုလက်ရှိစောင့်ရှောက်ပေးနေပါတယ်။
ကုလသမဂ္ဂကတော့ သက်ကြီးရွယ်အိုတွေရဲ့ လူမှုရေးအပါအဝင် ကိစ္စအဝဝကို သတိမူအလေးထားနိုင်ဖို့ အောက်တိုဘာ ၁ရက်နေ့ကို နိုင်ငံတကာသက်ကြီးရွယ်အိုနေ့အဖြစ်သတ်မှတ်ထားပါတယ်။
အခုတော့ မြန်မာအစိုးရက အသက် ၈၅နှစ်အထက်ဘိုးဘွားတွေကို သက်ကြီးထောက်ပံ့ကြေး တလကို ၂သောင်းနှုန်းနဲ့ ထောက်ပံ့ပေးနေပါတယ်။
ဒါ့အပြင် နေ့ပိုင်းဘိုးဘွားရိပ်သာတွေမှာ နေ့စဉ် ၁၀၀ကျော်လောက်ကို စောင့်ရှောက်ပေးတာ၊ အမြဲတမ်းနေ ထိုင်နိုင်တဲ့ ဘိုးဘွားရိပ်သာ ၇၀ကျော်ကို ဖွင့်လှစ်ပြီး ဘိုးဘွားပေါင်း ၃၀၀၀ ကျော်ကိုလည်း စောင့်ရှောက်ပေး နေပါတယ်။
ဒါပေမယ့်လည်း စားဝတ်နေရေး ခက်ခဲနေတဲ့ ဘိုးဘွား တွေက အမြောက်အမြားရှိနေပါသေးတယ်။
၂၀၁၄ခုနှစ်၊ သန်းခေါင်စာရင်းကိုအခြေခံပြီး တွက်ချက်မယ်ဆိုရင် လာမယ့် ငါးနှစ်ကျော် ၂၀၂၅ခုနှစ်မှာ အသက် ၆၅နှစ်နဲ့ အထက်ဘိုးဘွားပေါင်းက လူဦးရေရဲ့ ၉.၂၅ရာခိုင်နှုန်းဖြစ်တဲ့ ၅သန်း၄သိန်းလောက်ရှိ မှာပါ။
အဲဒီအရေအတွက်ထဲကမှ ၅သိန်းလောက်က အကူအညီအထောက်အပံ့ပေးဖို့ လိုအပ်နေသူတွေ ဖြစ်မယ်လို့ လူဦးရေပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။
တရုတ်နိုင်ငံ ကွန်မြူနစ်စနစ်ကျင့်သုံးတာ နှစ် ၇၀ ပြည့်ပြီ
ပြီးခဲ့တဲ့ နှစ် ၇၀ဖြစ်တဲ့ ၁၉၄၉ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့မှာ တရုတ် ကွန်မြူနစ်တပ်တွေက သွေးရောင်လွှမ်းခဲ့တဲ့ ပြည်တွင်းစစ်ကို အနိုင်ရခဲ့ပြီလို့ ခေါင်းဆောင်မော်က တရုတ်ပြည်သူတွေကို ကြေငြာ ခဲ့ပါတယ်။
လက်ရှိ တရုတ်နိုင်ငံက အရှိန်အဟုန်နဲ့ အံမခန်းလောက်အောင် ဖွံ့ဖြိုးတိုးတက်နေတဲ့အနေအထားကို ရောက်ရှိနေပေမယ့် ကမ္ဘာ့ကန့်သတ်ချုပ်ချယ်မှုတွေအရှိဆုံးနိုင်ငံတခုဖြစ်နေပါတယ်။
အဲဒီနှစ် ၇၀ပြည့်အခမ်းအနားမှာ တရုတ်သမ္မတ ရှီကျင့်ဖျင် မိန့်ခွန်းပြောကြားဖို့အပြင် ကမ္ဘာ့အင်အားကြီး စစ်တပ်ကြီးတခုနဲ့ စစ်ရေးပြအခမ်းအနားလုပ်ဖို့ကိုလည်း အကြီးအကျယ်ပြင်ဆင်ထားတာပါတယ်။
အင်္ဂါနေ့မှာ ကျရောက်တဲ့ ကြီးကျယ်ခန်းနားစွာလုပ်မယ့် အဲဒီအခမ်းအနားက လက်ရှိ တပြည်ထဲမှာပဲ ရှိပေမယ့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတဲ့ ဟောင်ကောင်အပေါ် လွှမ်းမိုးချုပ်ကိုင်လိုတဲ့ တရုတ်ကို ဆန္ဒပြနေတဲ့ ဟောင်ကောင်ပြည်သူတွေကြောင့် အထိုက်အလျှောက် ဝေဖန်မှု တွေရှိနေပါတယ်။